【 နိုင်ငံတကာဆောင်းပါး 】 နယ်စပ်မြို့လေး လင်ချန်း

【 နိုင်ငံတကာဆောင်းပါး 】 နယ်စပ်မြို့လေး လင်ချန်း

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာရှိတဲ့ လင်ချန်းမြို့ဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်မြို့လေးဖြစ်ပါတယ်။

လင်ချန်းမြို့နှင့် မြန်မာနိုင်ငံမြောက်ပိုင်းသည် ရေမြေချင်း ဆက်စပ်နေပြီး နယ်စပ်မျဉ်း အရှည် ကီလိုမီတာ (၃၀၀) အထိ ထိစပ်နေကာ မြန်မာနိုင်ငံသို့ ဆက်သွယ်ထားသည့် နယ်စပ်ဂိတ် (၃) ခု၊ နိုင်ငံတော်အဆင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဧရိယာ (၁) ခုရှိပါတယ်။

လင်ချန်းမြို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရေမြေချင်း ဆက်စပ်နေသလို နှစ်နိုင်ငံ နယ်စပ်စီးပွားကုန်သွယ်ရေးမှာလည်း အရေးပါတဲ့ မြို့တစ်ခုဖြစ်ပါတယ်။လင်ချန်း- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ မူဆယ် ၁၀၅ မိုင်ပြီးရင် ဒုတိယအကြီးဆုံး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။

လင်ချန်းမြို့ဟာ ယူနန်ပြည်နယ်၏ အနောက်တောင်အရပ်တွင် တည်ရှိ၍ ဧရိယာအားဖြင့် (၂ ဒသမ ၄ သိန်း) ကီလိုမီတာ ကျယ်ဝန်းပြီး ယခင်နှစ် GDP မှာ တရုတ်ယွမ်ငွေ သိန်းတစ်သောင်းရှိကာ ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် နံပါတ် (၈) နေရာ၌ရှိသော မြို့လည်းဖြစ်ပါတယ်။

လင်ချန်း (Lincang) ဟူသော မြို့အမည်ကိုတော့ လန်ချန်းမြစ်နှင့် နယ်နိမိတ်ထိစပ်နေသည်ကို အစွဲပြု မှည့်ခေါ်ဝေါ်ထားခြင်းဖြစ်ပါတယ်။

လင်ချန်းမြို့ရဲ့ တစ်နှစ်ပတ်လုံး ပျမ်းမျှ အပူချိန်ဟာ (၁၄) ဒီဂရီမှ (၂၆) ဒီဂရီ ကြားတွင်ရှိပြီး ယင်းမြို့ရဲ့ ဥတုလေးပါးလုံးမှာ အပူချိန်ပြောင်းလဲမှု ကြီးကြီးမားမား မရှိတာကြောင့် “တရုတ်နိုင်ငံ၏ ထာဝရနွေဦးမြို့တော်” လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

လင်ချန်းမြို့တွင် နေထိုင်သော တိုင်းရင်းသားလူမျိုးစု ၂၃ မျိုးရှိပါတယ်။

တရုတ် “ဝ” တိုင်းရင်းသားယဉ်ကျေးမှုတို့ စုဝေးပေါင်းစည်းရာ နေရာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံတစ်ဝန်းရှိ “ဝ” တိုင်းရင်းသားများရဲ့ သုံးပုံနှစ်ပုံဟာ လင်ချန်းမြို့မှာ နေထိုင်ကြပါတယ်။ယင်းမြို့တွင် နှစ်ပေါင်း (၃၅၀၀) ကျော် သမိုင်းကြောင်းရှိသော ချန်းယွမ် (Cangyuan) ကျောက်ဆောင် ပန်းချီများနှင့် ချင်းမင်းဆက်ခေတ် (Qing) ရှိ တောက်ကွမ်းဘုရင်လက်ထက် (Daoguang) တွင် တည်ဆောက်ခဲ့သော ဗိသုကာလက်ရာပညာ၊ ပန်းပုအတတ်ပညာ၊ ပန်းချီအနုပညာတို့ တစ်စုတည်း ပေါင်းစပ်ထားသည့် ကွမ်းယွန်ဘုရားကျောင်း (Guangyun) တို့ တည်ရှိပါတယ်။

ထို့အပြင် ကျေးကျွန်ခေတ်စနစ်မှ ခေတ်သစ်ယဉ်ကျေးမှုသို့ တိုက်ရိုက်ပြောင်းလဲလာခဲ့သည့် “ဝ” တိုင်းရင်းသားတို့၏ ရှေးဦးကာလရှိ အုပ်စုဖွဲ့နေထိုင်တတ်သည့် ကျေးရွာတို့ကို မပျက်မယွင်းဘဲ ထိန်းသိမ်းထားရှိပြီး “ဝ” တိုင်းရင်းသားတို့၏ ကျေးလက်ဒေသဆိုင်ရာ စာပေအနုပညာနှင့် သူမတူထူးခြားသော အစားအသောက်ယဉ်ကျေးမှု ပေါများကြွယ်ဝမှု အစရှိသည်တို့ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

လင်ချန်းမြို့တွင် နေထိုင်သော တိုင်းရင်းသားလူမျိုးစု ၂၃ မျိုးထဲမှာ တိုင် (ရှမ်း) တိုင်းရင်းသားလူမျိုးစုဟာလည်း တစ်ခုဖြစ်ပြီး အဓိကအားဖြင့် လင်ချန်းမြို့ ကိန့်မတိုင် (ရှမ်း) နှင့် “ဝ” တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်နှင့် ရွှမ်ကျန်း လာဟူး၊ “ဝ”၊ ပူလန်နှင့် တိုင် (ရှမ်း) တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တို့တွင် နေထိုင်ကြပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရှိ လင်ချန်းမြို့တွင် နှစ်စဉ် သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိပြီး ဆင်အကအဖွဲ့၊ သမင်အကအဖွဲ့၊ နဂါးအကအဖွဲ့နှင့် ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က ရှမ်းအိုးစည်တီးခတ်ကာ ဖျော်ဖြေတင်ဆက်ကြပြီး ရိုးရာယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲကို ပြုလုပ်လေ့ရှိပါတယ်။

အချင်းချင်း ရေပက်ရာတွင်လည်း ကမ္ဘာတစ်ဝန်းမှ ခရီးသွားတွေအတွက် လင်ချန်းမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှု၏ တစ်မူထူးခြားသော ဆွဲဆောင်မှုကို ခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် လင်ချန်းမြို့ဟာ ယူနန်ပြည်နယ်ရဲ့ ခရီးသွားလာရေးတွင် အရေးပါသော နေရာများထဲမှာ တစ်ခုအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

ခန့်မောင်