【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ချင်းဟွာတက္ကသိုလ်

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ချင်းဟွာတက္ကသိုလ်

တရုတ်နိုင်ငံမှာ တက္ကသိုလ်ပေါင်း ၄၀၀၀ ကျော်ရှိပြီး အဲဒီတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်းဟာလည်း သန်း ၂ဝ ကျော်ရှိပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပေါင်း ၄၀၀၀ ကျော်ထဲမှာ ရိုးရိုးတက္ကသိုလ်ကျောင်း ၂၀၀၀ ကျော်ရှိပါတယ်။တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ပညာရေးမှာ ကောလိပ်၊ ဘွဲ့ကြို၊ မဟာတန်းကျောင်းသားနဲ့ ပါရဂူတန်းကျောင်းသားဆိုပြီးရှိပါတယ်။

လက်ရှိ တရုတ်နိုင်ငံရဲ့ တက္ကသိုလ်များမှာ အမှတ်စနစ်ကို ကျင့်သုံးပြီး ကောလိပ်အဆင့် သုံးနှစ်၊ ဘွဲ့ကြိုအဆင့် လေးနှစ်၊ မဟာတန်းနဲ့ ပါရဂူတန်းအဆင့်ကတော့ နှစ်နှစ်မှ သုံးနှစ် သင်ယူရပါတယ်။

တရုတ်တက္ကသိုလ်များထဲမှာ အစိုးရတက္ကသိုလ်တွေက အဓိကဖြစ်ပြီး သုတေသနပြုတက္ကသိုလ်တွေနဲ့ အထွေထွေတက္ကသိုလ်တွေကတော့ အစိုးရပိုင်တက္ကသိုလ်တွေ ဖြစ်ကြပါတယ်။ယခုနောက်ပိုင်းနှစ်များအတွင်း၊ ပုဂ္ဂလိကတက္ကသိုလ်များ တိုးတက်မှု လွန်စွာလျင်မြန်လာပြီး အချို့ကျောင်းများမှာ ပမာဏလွန်စွာကြီးမားပေမယ့် ပညာရေးအဆင့်အတန်းနဲ့ အရည်အသွေးပိုင်းမှာတော့ နာမည်ကျော်အစိုးရကျောင်းများနဲ့ နှိုင်းယှဉ်ကြည့်ပါက နိမ့်ကျနေဆဲလို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ပေါင်း ၄၀၀၀ ကျော်ထဲမှာ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ချင်းဟွာတက္ကသိုလ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၁၉၁၁ ခုနှစ် စတင်တည်ထောင်ခဲ့တဲ့ ချင်းဟွာတက္ကသိုလ်ဟာ တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ တည်ရှိပါတယ်။တက္ကသိုလ်ရဲ့ ကျောင်းဝင်းဟာ ချင်မင်းဆက်၏ ယခင်ဧကရာဇ်ဥယျာဉ်များပေါ်တွင် တည်ရှိပြီး ပေကျင်းအနောက်မြောက်ပိုင်းရှိ သမိုင်းဝင်နေရာများစွာဖြင့် ဝန်းရံထားပါတယ်။

ချင်းဟွာတက္ကသိုလ်ဟာ အင်ဂျင်နီယာဘာသာရပ်များ သင်ကြားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားပါတယ်။သုတေသနပြု အထွေထွေနိုင်ငံတော်ပိုင်တက္ကသိုလ်ဖြစ်ကာ တရုတ်နိုင်ငံမှာ အရေးကြီးဆုံးသော ထူးချွန်လူငယ်တွေ မွေးထုတ်ပေးရာ အခြေစိုက်နေရာတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိ ချင်းဟွာတက္ကသိုလ်မှာ သိပ္ပံကောလိပ်၊ ဗိသုကာကောလိပ်၊ မြို့ပြအင်ဂျင်နီယာကောလိပ်၊ စက်မှုအင်ဂျင်နီယာကောလိပ်၊ သတင်းအချက်အလက်နည်းပညာကောလိပ်၊ လူမှုသိပ္ပံကောလိပ်၊ စီးပွားစီမံကောလိပ်၊ ဥပဒေကောလိပ်၊ ပန်းချီအနုပညာကောလိပ်၊ ပြည်သူ့စီမံကောလိပ်၊ အသုံးချနည်းပညာကောလိပ် စသဖြင့် ကောလိပ် ၂၀ နဲ့ ဌာနပေါင်း ၅၇ ခုရှိပါတယ်။အဲဒီထဲမှာ ဗိသုကာ၊ ကွန်ပျူတာ၊ မော်တော်ကား၊ စွမ်းအားမြင့် ရူပဗေဒ စတဲ့ ဘာသာရပ်တွေဟာ တရုတ်နိုင်ငံမှာ အင်မတန်မှ နာမည်ကျော်ကြားလှပါတယ်။

ချင်းဟွာတက္ကသိုလ်ဟာ စာသင်သားပေါင်း ၅ သောင်းကျော် တက်ရောက်နေတဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။သိပ္ပံနည်းပညာနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ ကျော်ကြားပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်လည်းဖြစ်ပါတယ်။

ချင်းဟွာတက္ကသိုလ်ဟာ ပညာရပ်ပိုင်းဆိုင်ရာ အရည်အချင်းမြင့်မားပြီး ပညာရေးအရည်အသွေး ကောင်းမွန်တာကြောင့် တရုတ်နိုင်ငံအတွင်း ကျော်ကြားသလို ကမ္ဘာပေါ်မှာလည်း နာမည်ကျော်ကြားပါတယ်။ဒါကြောင့် နိုင်ငံခြားပညာတော်သင် ကျောင်းသားအများစုဟာလည်း ချင်းဟွာတက္ကသိုလ်မှာ လာရောက်ပညာသင်ယူနေကြပါတယ်။တရုတ်နိုင်ငံမှ ချင်းဟွာတက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းမှာလည်း မကြာခဏရွေးချယ်ဖော်ပြခံရလေ့ရှိပါတယ်။တရုတ်နိုင်ငံရဲ့ ဂုဏ်သိက္ခာအရှိဆုံးနှင့် သြဇာအရှိဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည့် ချင်းဟွာတက္ကသိုလ်ကနေ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့်သူတွေကို မွေးထုတ်ပေးလျက်ရှိနေပါတယ်။

ရှေးဟောင်းနှင့် ခေတ်သစ်ကို ချိတ်ဆက်ထားတဲ့နေရာမှာ တည်ရှိတဲ့ ဒီတက္ကသိုလ်ဟာ သင်ကြားမှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကမ္ဘာကို ပေါင်းကူးပေးထားသည့် ထူးခြားပြည့်စုံသော တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

ခန့်မောင်