【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာသင်္ချိုင်းကန်တော့ပွဲ (အပိုင်း - ၁)

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာသင်္ချိုင်းကန်တော့ပွဲ (အပိုင်း - ၁)

တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့တွေအနက် သမိုင်းကြောင်းရှည်လျား ဖြစ်တည်လာတဲ့ ဓလေ့တစ်ခုကတော့ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲလို့ သိကြတဲ့ ချင်းမင်ပွဲတော်ပဲဖြစ်ပါတယ်။

ဒီရိုးရာပွဲတော်ကို သာမန်ကြည့်ရင် ကွယ်လွန်ပြီးတဲ့ ဆွေမျိုးရင်းချာတွေကို ပူဇော်ကန်တော့တဲ့ပွဲအဖြစ်သာ ထင်မြင်နိုင်ပေမယ့် အခုလို နှစ်ပေါင်းထောင်ချီ တည်ရှိနေတဲ့ ချင်းမင်ရိုးရာမှာ နက်ရှိုင်းတဲ့အဓိပ္ပါယ်နဲ့ ခံစားမှုတွေရှိနေတာက လျှို့ဝှက်ချက်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီရိုးရာပွဲတော်ဟာ အင်္ဂလိပ်ပြက္ခဒိန်အရဆိုရင် မတ်လကနေ ဧပြီလထဲမှာ ကျရောက်လေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။အခုတစ်ခါမှာတော့ ရှည်လျားလှတဲ့ သမိုင်းကြောင်းနဲ့အတူ မပျောက်မပျက် ဆက်လက်တည်ရှိနေတဲ့ ချင်မင်းပွဲတော်အကြောင်းကို တင်ပြပေးသွားမှာဖြစ်ပါတယ်။

ချင်းမင်ပွဲတော်ရဲ့ ဖြစ်တည်မှုမှာ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အချက်ထဲက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဒီပွဲတော်ရဲ့ သမိုင်းကြောင်း ရာဇဝင်ကနေ စတင်ပြီး ဖော်ပြပေးလိုပါတယ်။

           ပွဲတော် ဘယ်လိုဖြစ်ပေါ်လာပါတာလဲ .....

ချင်းမင်ပွဲတော်ရဲ့ မူလအစမှာတော့ ဟန်ရှစ်ပွဲတော်အဖြစ်ရှိပါတယ်။ခေတ်ကာလအနေနဲ့တော့ ကျိုးမင်းဆက်ခေတ်လို့ ဖော်ပြကြပြီး ကျင့်ပြည်ထောင်ကို တည်ထောင်ခဲ့သူ ဝိန့်နယ်စားကြီးလက်ထက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာ ဝိန့်နယ်စားကြီးနဲ့ လူယုံတော် ကျဲ့ကျစ်ထွေးကြားက ဂရုဏာသက်ဖွယ် အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။အကြောင်းအရင်းကတော့ ၆၅၅ ဘီစီမှာ ဝိန့်နယ်စားကြီးဖြစ်လာမယ့် မင်းသား ချုံးအော်တစ်ယောက် လီကျီးပုန်ကန်မှုအတွင်း နယ်နှင်ဒဏ်ပေးခံရပါတယ်။

           လူနှစ်ဦးနဲ့ ချင်းမင်ပွဲတော်နိဒါန်း

ဒီအခါမှာတော့ လူယုံတော် ကျဲ့ကျစ်ထွေးဟာ အရှင်သခင်ဖြစ်သူ မင်းသားချုံးအော်နဲ့အတူ လိုက်ပါ သွားခဲ့ပြီး စောင့်ရှောက်ပြုစုခဲ့ပါတယ်။သူတို့နှစ်ဦးသားအတွက် အနေအထိုင်ဆင်းရဲခဲ့ရပြီး ဒီနေရာမှာတော့ ကျဲ့ကျစ်ထွေးရဲ့ သစ္စာနဲ့ တာဝန်ကျေမှုက တောတွင်းအစားအသောက်ရှားပါးမှုဒဏ်အတွက် အသားဟင်းအလို့ငှာ ပေါင်ကိုလှီးပြီး သခင်အတွက် စွပ်ပြုတ်လုပ်ပေးခဲ့တဲ့အထိရှိခဲ့တယ်လို့ ဖော်ကြ ညွှန်းဆိုကြပါတယ်။အဲဒီနောက် ၆၃၆ ခုနှစ်မှာတော့ ချင်ပြည်ထောင်ရဲ့ နယ်စားကြီး ချင်မုကုန်းက ကျင့်ပြည်ထောင်ကို ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း မင်းသားချုံးအော်ကို ကျင့်နယ်စားမင်းကြီးအဖြစ် တင်မြှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခါမှာတော့ လူယုံဖြစ်သူ ကျဲ့ကျစ်ထွေးကတော့ ဝိန့်နယ်စားကြီးထံမှ ထွက်ခွာခဲ့ပြီး မိခင်နဲ့အတူ မြန်းစန်းတောင်အနီးဝန်းကျင်မှာ သွားရောက်နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ဒီလိုနဲ့ နယ်စားကြီးက သူခက်ခဲ-ခဲ့ချိန်က သူ့အပေါ် ကူညီခဲ့သူတွေကို ဆုလာဘ်တွေ ချီးမြင့်ချိန်မှာ သူ့ရဲ့လူယုံဖြစ်တဲ့ ကျဲ့ကျစ်ထွေးကို သတိရခဲ့ပြီး ရှာဖွေခဲ့ပါတယ်။နောက်တော့ ရှာမရတဲ့အဆုံးမှာ တောအုပ်ကိုမီးရှို့ပြီး သူ့ရဲ့လူယုံထွက်လာခဲ့ဖို့ အမိန့်ပေးလုပ်ဆောင်ရာကနေ လူယုံဖြစ်သူ ကျဲ့ကျစ်ထွေးနဲ့ သူ့ရဲ့မိခင်တို့ဟာ မီးထဲပါသွားခဲ့ပြီး သေဆုံးသွားခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

ဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ကျဲ့ကျစ်ထွေး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် မီးကို (၃) ရက်တိတိ သုံးစွဲခြင်းမပြုရလို့ အမိန့်ထုတ်ခဲ့ပါတယ်။ထို့အတူပဲ ကျဲ့ကျစ်ထွေး၏ အုတ်ဂူကို သန့်ရှင်းရေးတွေ ပြုလုပ်စေခဲ့ပြီး ကန်တော့ပွဲတွေ ပြုလုပ်ကြရာက ချင်မင်းပွဲတော် ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။လူယုံသေဆုံးခဲ့တဲ့အတွက်  မီးလွတ်အစားအစာတွေနဲ့ပြုလုပ်တဲ့ ချင်းမင်ပွဲရဲ့ မူလဖြစ်တဲ့ ဟန်ရှစ်ပွဲတော်ကိုတော့ ဒေသအနည်းငယ်မှာသာ ပြုလုပ်ကြတော့တယ်လို့ ဖော်ပြကြပါတယ်။

           ချင်းမင်ပွဲတော်ရဲ့ နောက်ထပ်ရာဇဝင်

အခြားတစ်ဖက်မှာတော့ ချင်မင်းပွဲတော်ဆိုတာ ချင်မင်းဆက်ရဲ့ နောက်ဆုံးအနေနဲ့ စစ်ပွဲတွေအနိုင်ရရှိပြီး ဟန်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ်ဖြစ်လာသူ လျိုပန်းနဲ့ဆက်နွယ်ပြီး ဖော်ပြကြပါတယ်။ဧကရာဇ် လျိုပန်းတစ်ယောက် စစ်ပွဲတွေကို အနိုင်ရရှိပြီး ဟန်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ်ဖြစ်လာချိန်မှာ လျိုပန်းဟာ မိဘတွေကို သတိရအောက်မေ့လာခဲ့ပြီး မိဘတွေမြုပ်နှံထားရာဖြစ်တဲ့ သင်္ချိုင်းမှာ ဂါရဝပြုဖို့လုပ်ဆောင်ရာမှာ အချိန်ကာလရွေ့လျှားမှုနဲ့ စစ်မက်ဘေးကြောင့် ရေမြေအနေအထားပြောင်းလဲခဲ့ပြီး ခြုံနွယ်တွေ ထူထပ်စွာနဲ့ ရှာဖွေရ ခက်ခဲ-ခဲ့ပါတယ်။နောက်တော့ အဓိဌာန်ပြု ဆုတောင်းရတဲ့အထိ ပြုလုပ်ခဲ့ရပြီး သူမိဘတွေရဲ့ အုတ်ဂူကို ရှင်းလင်းဖော်ထုတ် ပူဇော်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ အားလုံးသိကြတဲ့ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကြလျက်ရှိတဲ့ ချင်းမင်ပွဲတော် ဖြစ်ပေါ်လာခဲ့ပြီး ကွယ်လွန်လေပြီးသော မိဘဘိုးဘွားများကို သွားရောက်ကန်တော့တဲ့ အလေ့အထ ဖြစ်လာခဲ့တာလို့ ဖော်ပြကြပါတယ်။

တစ်ချိန်ထဲမှာပဲ ဟန်မင်းဆက်ရဲ့ ပထမဆုံးဧကရာဇ်ဖြစ်လာသူ လျိုပန်း ပြုလုပ်သလို ဒီနေ့ခေတ်မှာ အုတ်ဂူတွေကို ရှင်းလင်းတဲ့ ဓလေ့ကို မြင်တွေ့ရတာလို့လည်း ဆိုရမှာဖြစ်ပါတယ်။ဒါနဲ့အတူ သွားရောက်ကန်တော့ရာမှာလည်း အမှတ်အသားအနေနဲ့ ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူမှာ ရောင်စုံစာရွက်တွေကိုကပ်တဲ့ အလေ့အထလည်းဖြစ်လာတာ ဖြစ်ပါတယ်။ဒီလို စာရွက်ကပ်ထားတာက ကန်တော့ပြီးပြီဖြစ်ကြောင်းလည်း သိနိုင်တယ်လို့ ဆိုပါတယ်။

           တစ်နှစ်ကို တစ်ကြိမ် သတ်မှတ်

ရှေးက ဒီချင်းမင်ပွဲတော် ပြုလုပ်ရာမှာ တတ်နိုင်သူတွေ၊ လူကုံထံတွေက စိတ်ကူးပေါက်သလို လစဉ်တိုင်းလိုလို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ ဧကရာဇ် ရွှမ်ကျုံးက တိုင်းပြည်အတွင်း တစ်နှစ်လျှင် ကန်တော့ပွဲကို တစ်ကြိမ်သာပြုလုပ်ရဖို့ အမိန့်ထုတ်ပြန်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်မှာ ချင်းမင်ပွဲတော်ကို တစ်နှစ်တစ်ခါပြုလုပ်တဲ့ အလေ့အထဖြစ်လာခဲ့ပြီး ပွဲတော်မှာတော့ ဆင်းရဲ၊ ချမ်းသာ မိသားစုတိုင်းက သက်ဆိုင်ရာ မိဘ၊ဘိုးဘေး အုတ်ဂူတွေမှာ သွားရောက်ကန်တော့ကြတယ်ဆိုတာကို တင်ပြရင်း နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာသင်္ချိုင်းကန်တော့ပွဲ အပိုင်း (၁) ကို ဒီမှာတစ်ခန်းရပ်နားလိုက်ပါရစေ .....။

မိုးသား