【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲ (အပိုင်း - ၂)

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲ (အပိုင်း - ၂)

တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲလို့ သိကြတဲ့ ချင်းမင်ပွဲတော်ဟာ တရုတ်ရိုးလူမျိုးတို့အတွက် ရိုးရာအစဉ်အလာပွဲတော်တစ်ခု ဖြစ်လာပြီးနောက် ဒီနေ့ခေတ်မှာတော့ အမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးထားပြုလုပ်ကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကျိုမင်းဆက်ခေတ်ကနေ အစဉ်အဆက်ပြုလုပ်လာခဲ့ကြရာမှာ ပွဲတော်သက်တမ်းက အနှစ် (၂၅၀၀) ကျော်အထိ ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ပြီလို့ ဖော်ပြကြပါတယ်။

ချင်းမင်ပွဲတော်ဟာ ဘိုးဘွားပူဇော် ကန်တော့ပွဲလို့သာဆိုပေမယ့် ကွယ်လွန်သူ ဆွေမျိုးရင်းခြာတွေကို ပူဇော်ကန်တော့လေ့ရှိတဲ့ ပွဲလည်းဖြစ်ပါတယ်။ဒီပွဲတော်အတွင်း တရုတ်လူမျိုးတွေရဲ့ ပြုလုပ်လေ့ရှိတဲ့ ပွဲတော်အစီအစဉ်တွေမှာ အဓိပ္ပါယ်ကိုယ်စီရှိကြတာကလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

           ချင်းမင်ပွဲနဲ့ ခံစားမှုရသ

ချင်းမင်ပွဲတော်ကာလမှာဆိုရင် တရုတ်လူမျိုးတွေက မိသားစုတွေ စုပေါင်းခရီးထွက်လေ့ရှိပါတယ်။အကြောင်းအရင်းမှာတော့ သေကွဲ-ကွဲခဲ့ရတဲ့ တစ်ချိန်က ဝမ်းနည်းဖွယ်ခံစားချက်နဲ့ ခရီးထွက်ချင်းရဲ့ ခံစားမှုတို့ကို ကြုံရတဲ့အခါ တစ်ပြိုင်နက်မှာ ဝမ်းနည်း၊ ဝမ်းသာ စိတ်တွေရောယှက်တဲ့ သံယောဇဉ်နဲ့ မေတ္တာအတွေးကို ဖြစ်ပေါ်လာတာက ထူးခြားတဲ့ အနှစ်သာရလည်းဖြစ်ပါတယ်။ဒါတင်မကသေးဘဲ အလေ့အကျင့်ကောင်းအနေနဲ့ အချိန်ကိုလေးစားတာ၊ မိဘကိုရိုသေတာ၊ မိသားစုကိုစောင့်ရှောက်တာနဲ့ ကျန်းမာရေးဂရုစိုက်မှုတွေဟာ ချင်းမင်ပွဲတော်မှာတွေ့ရတဲ့ အမှတ်လက္ခဏာအဖြစ် ထင်ဟပ်နေတာကိုလည်း ခံစားမိကြမှာဖြစ်ပါတယ်။

ဒီလိုအဓိပ္ပါယ်နက်ရှိုင်းတဲ့ ချင်းမင်ပွဲတော်မှာ တရုတ်လူမျိုးတွေက ဘာတွေပြုလုပ်ကြလဲ၊ နှစ်ပေါင်းထောင်ချီကြာရှိပြီဖြစ်လို့ ဒီရိုးရာဓလေ့မှာ အပြောင်းအလဲရှိလား၊ ဘာတွေထပ်တိုးလုပ်ဆောင်ကြလဲဆိုတာကို ဆက်လက်တင်ပြလိုပါတယ်။

           သင်္ချိုင်းအုတ်ဂူအား မွန်းမံခြင်း

လွမ်းဆွတ်ဖွယ်ကာလဖြစ်ပြီး ဒီကာလမှာ တရုတ်လူမျိုးတွေက ရှေးကနေ ဒီနေ့ခေတ်အထိ အရောင်မှိန်တဲ့ အင်္ကျီကိုဝတ်ပြီး ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ဆွေမျိုးရင်းခြာတွေရဲ့ သချိုင်းအုတ်ဂူကို တစ်ရက်ကြိုသွားပြီး သန့်ရှင်းရေးပြုလုပ်တာ မွန်းမံတာတွေ ပြုလုပ်ကြပါတယ်။အဲဒီနောက်မှာတော့ အရိုအသေပြု ပူဇော်ကန်တော့ကြရာမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပူဇော်တာ၊ ငွေစက္ကူတွေ မီးရှို့ပေးတာနဲ့ ပန်းလေးတွေနဲ့ ပူဇော်တာတွေကို မှတ်မှတ်ရရ ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

           အာဇာနည်တွေကိုလည်း မမေ့

တကယ်တမ်းတော့ ချင်းမင်ပွဲမှာ ဆွေမျိုးရင်းခြာတွေအပြင် အာဇာနည်တွေ၊ သူရဲကောင်းတွေကိုလည်း သတိတရပူဇော်ကြလေ့ရှိပါတယ်။တရုတ်ပြည် ဒေသအရပ်ရပ်မှာဆိုရင် ပြည်သူလူထုတွေက အသွင်ပုံစံအမျိုးမျိုးနဲ့ အာဇာနည်တွေ၊သူရဲကောင်းတွေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွင်း ကွယ်လွန်ခဲ့ရသူတွေ အတွက်လည်း သတိတရနဲ့ ပြုလုပ်ပေးကြတာဖြစ်ပါတယ်။

           ခရီးထွက်ခြင်း

ဒီကာလမှာ တရုတ်လူမျိုးတွေက ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့အတူ တိုက်ဆိုင်ကာ မိဘတွေက သားသမီးတွေကို ဆင်ခြေဖုံးရပ်ကွက်၊ ဥယျာဉ် စတဲ့ သဘာဝဆိတ်ငြိမ်ရာရပ်ဝန်းကို ခေါ်ဆောင်ပြီး စိတ်အပန်းပြေ သွားရောက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ဒီကာလဟာ အရာခပ်သိမ်း ပြန်လည်အသက်ဝင်တဲ့ နွေဦးရာသီနဲ့အတူ တရုတ်နိုင်ငံမှာ သစ်ပင်နဲ့ ပန်းတွေ ဝေဝေဆာဆာ ကြီးထွားပွင့်လန်းလျက်ရှိပြီး လွမ်းဆွတ်ခြင်းနဲ့ ပျော်ရွှင်မှု ရောထွေးတဲ့အချိန်ဖြစ်ပါတယ်။

           အစိမ်းရောင်ကောက်ညှင်းထုပ်စားခြင်း

တရုတ်လူမျိုးတွေက ချင်းမင်ပွဲတော်ကာလမှာ အစားအစာအနေနဲ့ အစိမ်းရောင်ကောက်ညှင်းထုပ်ကိုပြုလုပ် စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ဒီဓလေ့ဟာ တရုတ်နိုင်ငံမှာဆိုရင် အနှစ် ၁၀၀၀ ကျော် သမိုင်းရှိတယ်လို့ ဖော်ပြကြပါတယ်။

           မိုးမခလက်စွပ်ပြုလုပ်ပြီးပန်

ဒီအလေ့အထကတော့ ချင်းမင်ပွဲတော်ကာလမှာ တရုတ်လူမျိုးတွေက ဘေးန္တရာယ်တွေကို ကင်းဝေးစေသလို အချိန်ကိုတန်ဖိုးထားဖို့ အဓိပ္ပါယ်နဲ့ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ဒီနေရာမှာ မိုးမခပင် အခက်အလက်တွေကို လက်စွပ်အဝိုင်းပုံပြုလုပ်ပြီး ပန်ဆင်ကြတာဖြစ်ပါတယ်။

           စွန်လွှတ်ခြင်း

ချင်းမင်ပွဲတော်ကာလမှာဆိုရင် စွန်လွှတ်တာကလည်း လူကြိုက်အများဆုံးအစီအစဉ် လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။တရုတ်ရှေးရိုးရာမှာတော့ ဘေးအန္တရာယ်၊ ရောဂါ စတာတွေကို စွန်မှာရေးပြီး လွှတ်လိုက်တာနဲ့ ကြုံတွေ့ရမယ့် ဘေးတွေ ကင်းဝေးစေပြီး တစ်နှစ်ပတ်လုံး ချောမွေ့အဆင်ပြေဖို့ ဆုတောင်းပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ဒီပွဲတော်မှာဆိုရင် ကလေးတွေက ကျယ်ဝန်းတဲ့ မြေပြင်မှာ ပျော်ရွှင်စွာပြေးလွှားပြီး စွန်လွှတ်ကြတာလည်းဖြစ်ပါတယ်။

           ဒန်းစီးကစားခြင်း

ရှေးယခင်ကတည်းက ပြုလုပ်ကြတဲ့ အလေ့အထတစ်ခုက သစ်ပင်ဂွကြား သစ်ကိုင်းတွေမှာ ရောင်စုံကြိုးတွေနဲ့ ဒန်းကိုပြုလုပ်ပြီး စီးကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ ဒန်းကို များသောအားဖြင့် ချိတ်ဆွဲကြိုး၊ အထိုင်ပြားတွေနဲ့ ပြုလုပ်ပြီး ဒီဓလေ့ကလည်း ကလေးတွေ အကြိုက်တွေ့တဲ့ အလေ့အထတစ်ခုလည်းဖြစ်ပါတယ်။

           သစ်ပင်စိုက်ခြင်း

ဒီပွဲတော်မှာ အထင်ကြီးစရာ နောက်ထပ်အစီအစဉ်က သစ်ပင်စိုက်တဲ့ဓလေ့ဖြစ်ပါတယ်။ရှေးယခင်ထဲက ပြုလုပ်လာကြတဲ့ ဒီဓလေ့ဟာ လေးစားစရာလည်းဖြစ်ပါတယ်။လူအချို့ကဆိုရင် ချင်မင်းပွဲတော်ကို သစ်ပင်စိုက်ပွဲလို့လည်း ခေါ်ဝေါ်တတ်ကြတယ်လို့ဆိုပြီး ဒီနေ့ထက်တိုင် ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

           မြှားပစ်ခြင်းနဲ့ တရုတ်ရှေးခေတ် ဘောလုံးကန်ခြင်း

ဒီအလေ့အထကတော့ တရုတ် မင်မင်းဆက်ခေတ် မှတ်တမ်းဖော်ပြချက်အရဆိုရင် မြှားပစ်ခြင်းလို့ဆိုတဲ့နေရာမှာ ခိုတွေကို သခွားသီးနဲ့အတူ မိုးမခပင်ပေါ် ချိတ်ဆွဲပြီး မြှားနဲ့ သခွားသီးကို ပစ်ကြတယ်လို့ ဖော်ပြတာ တွေ့ရပါတယ်။အဲဒီနောက် မြှားကြောင့် ခိုတွေ လန့်ပျံသွားပြီး ခိုများပျံနိုင်တဲ့ အမြင့်ကို အကဲဖြတ်ကာ ရလဒ်ကို အဆုံးအဖြတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

တရုတ်ရှေးခေတ် ဘောလုံးကန်ခြင်းဆိုရာမှာတော့ ဘုရင်ကြီး ဟွန်တိ တီထွင်ခဲ့တယ်လို့ဆိုကြပြီး မူလရည်ရွယ်ချက်က စစ်သားတွေကို လေ့ကျင့်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဖော်ပြမှုတွေရှိပါတယ်။

           ခေတ်နဲ့အတူ အပြောင်းအလဲတချို့ရှိလာ

ချင်းမင်ပွဲတော်တွင် ဒီနေ့ခေတ်အထိ တရုတ်လူမျိုးတို့က ရှေးခေတ်လမ်းစဉ်အတိုင်း သင်္ချိုင်းအုတ်ဂူမှာ ပူဇော်မှုပြုလျက်ရှိသလို အပြောင်းအလဲအနေနဲ့ ပိုမိုသိမ်မွေ့လာတဲ့ ပွဲတော်ပုံစံဖြစ်လာပါတယ်။ရှေးခေတ်က ပူဇော်ရာမှာ ဖယောင်းတိုင်ထွန်းတာ၊ ဗြောက်အိုးပစ်ဖောက်တာတွေ ပြုလုပ်ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ပန်းတွေ၊ သစ်ပင်စိုက်တာတွေနဲ့ အသားပေးလုပ်ဆောင်လာကြပါတယ်။

           ရုံးပိတ်ရက် (၃) ရက် ရခြင်း

ချင်မင်းပွဲတော်က ဒီနေ့ခေတ်မှာတော့ တရားဝင်ရုံးပိတ်ရက် ခံစားခွင့်ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။ဒါကြောင့် ဆင်ခြေဖုံးရပ်ကွက်ကို သွားလာသူ ပိုမိုပေါများလာသလို  ချင်မင်းပွဲတော် ကျင်းပချိန်အတွင်း တရုတ်တစ်ပြည်လုံးအတိုင်းအတာနဲ့ အမြန်ကားလမ်းကို အခမဲ့အသုံးပြုသွားလာနိုင်တဲ့ အခွင့်အလမ်းရရှိပါကြောင်း တင်ပြရင်း နှစ်ပေါင်း ၂၅၀၀ ကျော် သမိုင်းနဲ့ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲအကြောင်းကို အဆုံးသတ် ဖော်ပြပေးလိုက်ရပါတယ်။

မိုးသား