【 နိုင်ငံတကာဆောင်းပါး 】 ဖူကျန့်ပြည်နယ်

【 နိုင်ငံတကာဆောင်းပါး 】 ဖူကျန့်ပြည်နယ်

မြင့်မားတဲ့ တောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဖူကျန့်ပြည်နယ်ဟာ တရုတ်နိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ဖူကျန့်ပြည်နယ်အတွင်းရှိ တောင်များနှင့် တောင်တန်းများဧရိယာသည် ပြည်နယ်တစ်ခုလုံးဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။

ဖူကျန့်ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ တည်ရှိတဲ့ ပြည်နယ်တွေအနက် ယဉ်ကျေးမှုအရရော၊ ဘာသာစကားအရပါ ကွဲပြားမှုများ အများဆုံးတည်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ဒီဒေသဟာ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်၏ လမ်းပန်းဆက်သွယ်ရေး အချက်အချာနေရာမှာ တည်ရှိပြီး သမိုင်းဝင်ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး၊ ကျန့်ဟို (Zheng He) အနောက်တိုင်းသို့ရွက်လွှင့်ခြင်းတို့ရဲ့ စမှတ်ဖြစ်ကာ ပင်လယ်ရေကြောင်း စီးပွားကုန်သွယ်ရေး ဖြန့်ဖြူးရောင်းချသည့် နေရာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ နိုင်ငံခြားနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ဆောင်သည့် အစောဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး စုန့်မင်းဆက်ခေတ်နှင့် ယွမ်မင်းဆက်ခေတ်ကာလတွင် ချွမ်ကျိုးသည် ကမ္ဘာ့အထင်ကရ ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်း၊ ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး၏ စမှတ်တို့ဖြစ်ခဲ့ပါတယ်။  

ဖူကျန့်ပြည်နယ်ရဲ့ မြို့တော် ဖူကျိုးမြို့ကတော့ နှစ်ပေါင်း ၂၂၀ဝ ကျော် သမိုင်းကြောင်းရှိသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ထန်မင်းဆက်ခေတ်၊ စုန့်မင်းဆက်ခေတ်ကတည်းက ဖြစ်တည်ခဲ့သော လမ်းသွယ်လမ်းကြားအချို့ကို ယနေ့ထိတိုင် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဖူကျန့်ပြည်နယ်မှာရှိတဲ့ ဖူကျန့်မြေအိမ်များကလည်း စုန့်မင်းဆက်ခေတ်၊ ယွမ်မင်းဆက်ခေတ်ကာလတွင် အစပြုခဲ့ပြီး မင်မင်းဆက်ခေတ်အကုန်၊ မန်ချူးမင်းဆက်နှင့် တရုတ်သမ္မတနိုင်ငံခေတ်တွင် ထွန်းကားလာပြီး ယနေ့ထိတိုင် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ၎င်းသည် ရှည်လျားသောသမိုင်းကြောင်း၊ ထူးခြားသောစတိုင်လ်၊ ကြီးမားသောထုထည်၊ လက်ရာမြောက်သောဖွဲ့စည်းမှု စသည့် ထူးခြားချက်များကြောင့် ကမ္ဘာပေါ်ရှိ လူနေအိမ်ဗိသုကာအနုပညာများနှင့် တသီးတခြားဖြစ်တည်နေပါတယ်။

ဖူကျန့်မြေအိမ်ကတော့ အဓိကအားဖြင့် ဖူကျန့်ပြည်နယ် လုံရန်၊ ကျန်းကျိုး စသည့် ဒေသများတွင် ဖြန့်ကြက်တည်ရှိပြီး ယုံတိန့်မြေအိမ်နှင့် နန်ကျင့်မြေအိမ်တို့မှာ နာမည်ကျော်ကြားပါတယ်။

၂၀ဝ၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ ကနေဒါနိုင်ငံ Québec မြို့တွင် ကျင်းပသည့် (၃၂) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံမှာ တရုတ်နိုင်ငံရဲ့ “ဖူကျန့်မြေအိမ်များ” ကို “ကမ္ဘာ့အမွေအနှစ်စာရင်း” မှာ တရားဝင်စာရင်းသွင်းခဲ့ပါတယ်။

ဖူကျန့်ပြည်နယ်၊ နင်တယ်မြို့တွင်းမှာ တည်ရှိတဲ့ ပိုင်ဆွေရန် (Baishuiyang) ရှုခင်းသာကတော့ “ကမ္ဘာ့အလှဆုံးရှုခင်း၊ စကြဝဠာ၏ လျှို့ဝှက်ချက်” ဟူ၍ တင်စားခေါ်ဝေါ်ခြင်းခံရကာ ကမ္ဘာပေါ်တွင်ရှားပါးသော “ရေတိမ်ပိုင်းရင်ပြင်” ဖြစ်ပါတယ်။

ဒါ့အပြင် ဖူကျန့်ပြည်နယ်၊ ဖူထျန်မြို့လယ်ခေါင်၏ အရှေ့တောင်ဘက် ၄၂ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကုန်းမြေနှင့် ၁.၈၂ ရေမိုင်သာ ကွာဝေးတဲ့ မေကျိုးကျွန်းဟာလည်း တရုတ်နိုင်ငံ မားကျော့ (Mazu) ယဉ်ကျေးမှု ပေါက်ဖွားရာဒေသဖြစ်ပါတယ်။

မားကျော့မယ်တော် သက်ရှိထင်ရှားရှိစဉ်က တံငါသည်များစွာနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကို ပင်လယ်ထွက်၍ ကူညီခဲ့ဖူးတာကြောင့် ကွယ်လွန်သည့်အခါ ပင်လယ်နတ်အဖြစ် ပူဇော်ခြင်းခံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။မေကျိုးကျွန်းဟာ မားကျော့မယ်တော်ရဲ့ ဇာတိမြေဖြစ်ပါတယ်။ထိုဒေသရှိ မားကျော့မယ်တော်ဘုံကျောင်းကို မားကျော့မယ်တော် ကွယ်လွန်သည့်နှစ် အေဒီ ၉၈၇ တွင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ခေတ်အဆက်ဆက် တိုးချဲ့တည်ဆောက်ခဲ့ကြရာ လက်ရှိတွင် ပန်းချီ၊ ပန်းပုလက်ရာများဖြင့် တောက်ပြောင်လှပနေပြီဖြစ်ပါတယ်။တစ်ကမ္ဘာလုံးမှ တရုတ်လူမျိုးသင်္ဘောသားများ ရိုသေကိုးကွယ် ယုံကြည်ပြီး ပြည်တွင်း၊ ပြည်ပ တရုတ်နွယ်ဖွားများ ကိုးကွယ်ကြသော မြင့်မြတ်သည့်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယခုအခါမှာလည်း ဖူကျန့်ပြည်နယ်ဟာ အထူးစီးပွားရေးဇုန်၊ လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်၊ အထွေထွေစမ်းသပ်ဇုန်၊ ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ အချက်အချာဇုန် စသဖြင့် နယ်ပယ်များစွာ အားသာချက်များကို ပိုင်ဆိုင်ထားပြီး ထူးခြားဆန်းကြယ်စွာ တည်ရှိနေတဲ့ သဘာဝရှုခင်းတွေကြောင့် ခရီးသွားအပန်းဖြေသူတွေ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ခန့်မောင်