【 နိုင်ငံတကာဆောင်းပါး 】 ယဉ်ကျေးမှုအမွေအနှစ် သဘာဝရှုခင်းတွေရှိရာ ချွီကျင့်မြို့ - ၂

【 နိုင်ငံတကာဆောင်းပါး 】 ယဉ်ကျေးမှုအမွေအနှစ် သဘာဝရှုခင်းတွေရှိရာ ချွီကျင့်မြို့ - ၂

ချွီကျင့်မြို့ (Qujing) အကြောင်းကို ဖော်ပြရာမှာ ဆွဲဆောင်မှုနဲ့ ရေပန်းစားတဲ့ နေရာတွေကလည်း အများသားမို့ အဲဒီထဲက တချို့ကိုရွေးပြီး ရေးသားတင်ဆက်ပေးရာမှာလည်း ခက်ခဲပါတယ်။

ဒီတစ်ပိုင်းမှာတော့ သဘာဝလှပမှုတွေကို ခံစားလိုသူတွေအတွက် ဆွဲဆောင်မှုအပြည့်နဲ့ ရှုမငြီးလှပနေတဲ့ ကျိုလုံရေတံခွန်အစုအဝေး (Jiulong Waterfalls) အကြောင်းကနေ စလိုက်ချင်ပါတယ်။

Jiulong Waterfalls

Jiulong ရေတံခွန်အစုဝေးဟာ အထပ်ပေါင်း ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ Luoping ကောင်တီအရှေ့ဘက်၊ ချွီကျင့်မြို့ (Qujing)၊ ယူနန်ပြည်နယ်မှာ တည်ရှိပြီး အရှည် ၄ ကီလိုမီတာ (၂.၅ မိုင်) နဲ့ အနက် ၂၀၀ မီတာ (၆၅၆ ပေ) ရှိတဲ့ ချိုင့်ဝှမ်းတစ်ခုမှာရှိနေတဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။ဒီရေတံခွန်ကို Nine-Dragon Waterfalls လို့လည်း လူသိများပြီး အောက်ခြေမှာ ရေကန်တစ်ခုစီရှိနေကာ အုပ်စုရဲ့အမြင့်ဆုံးဖြစ်တဲ့ နံပါတ် (၁) ရေတံခွန်ကတော့ အနံ ၁၁၀ မီတာ (၃၆၀ ပေ) ကျယ်ဝန်းပြီး အမြင့်အားဖြင့် ၅၆ မီတာ (၁၈၃ ပေ) ရှိပါတယ်။ဒီရေတံခွန်မှာဆိုရင် လှပတဲ့ ရှုခင်းတွေကို ခံစားရင်း ရေတံခွန်မှာ အပန်းဖြေနိုင်သလို ရိုးရာဝတ်စုံတွေကိုလည်း ငှားရမ်းဝတ်ဆင်နိုင်လို့ ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

နောက်ထပ်ဖော်ပြပေးလိုတာက လှေစီးတာကို နှစ်သက်သူတွေ၊ လေကောင်းလေသန့်ခံစားလိုသူတွေအတွက် သင့်တော်တဲ့ ဟွားစန်းရေကန် (Huashan) ပဲ ဖြစ်ပါတယ်။

ဟွားစန်းရေကန် (Huashan)

Zhanyi ခရိုင်၊ ချွီကျင့်မြို့ (Qujing) မှာ တည်ရှိပြီး ပုလဲမြစ်ရဲ့ အရင်းအမြစ် ပထမဆုံးသောအိုင်ဖြစ်ပါတယ်။ရေကြီးရေလျှံမှု ထိန်းချုပ်ရေး၊ ရေသိုလှောင်မှု၊ ဆည်မြောင်း၊ ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရှုခင်းတွေ ပေါင်းစပ်ထားတဲ့ အကျိုးပြုကန်တစ်ခုဖြစ်ပါတယ်။ပြိုးပြိုးပြက်ပြက် အသွေးအမွေးနဲ့ ကန်ရေပြင်က ဂုဏ်ရှိန်တင့်တယ်နေပြီး ခရီးသွားတွေအအတွက်တော့ ရွက်လှေနဲ့ ကန်ထဲကို ဝင်ရောက်လှည့်လည် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကန်ရဲ့အရှည်ဟာ လေးကီလိုမီတာခန့်ရှိတာကြောင့် ရေကန်တစ်လျှောက် အေးအေးလူလူ သွားလာခံစားလို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

နောက်ထပ်ဖော်ပြချင်တာကတော့ ၂၀၀၅ ခုနှစ်မှာ အမျိုးသား ပထမတန်း ခရီးသွားနေရာတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ချွီကျင့်မြို့ (Qujing) မှာရှိတဲ့ ပုလဲမြစ်အရင်းအမြစ်တွေဖြစ်တဲ့ (Pearl River Sources) အကြောင်း ဖြစ်ပါတယ်။

ပုလဲမြစ်အရင်းအမြစ် ရှုခင်းသာဧရိယာ (The Pearl River Source Scenic Area)

ယူနန်အရှေ့ဘက်ခြမ်းမှာရှိပြီး ချွီကျင့်မြို့ (Qujing) ရဲ့ မြောက်ဘက် ၄၇ ကီလိုမီတာ (၂၉ မိုင်) အကွာမှာရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီရှုခင်းသာနေရာတစ်ခုလုံးမှာတော့ ပုလဲမြစ်အရင်းအမြစ်တွေအနေနဲ့  Maxiong တောင်၊ Huashan ရေကန်နဲ့ မြို့ပတ်ပတ်လည်က အခြားရှုခင်းတွေနဲ့အတူ ခံစားစီးမျောနိုင်မှာဖြစ်ပါတယ်။ဒီနေရာတွေမှာဆိုရင် နွေဦးနဲ့ နွေလတွေအတွင်း တောင်တန်းတွေနဲ့ လွင်ပြင်တွေမှာ ဖူးပွင့်နေတဲ့ ပန်းလေးတွေကို ရင်သပ်ရှုမောဖွယ် တွေ့ရမှာဖြစ်သလို Zhujiang ဘုရားကျောင်းအပါအဝင် Xiake Cottage နဲ့ Fudi Pine Zhujiang Spring Stone Archway နေရာတွေက ပုလဲမြစ်ရဲ့ ဧရိယာကို လှပပြီး ထူးခြားတဲ့ သဘာဝယဉ်ကျေးမှု ရှုခင်းတွေအဖြစ် ဖန်တီးပေးထားတာကို တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

နောက်ထပ်တစ်နေရာကတော့ လှပတဲ့ ရှုခင်းတွေရှိပြီး “အရှေ့နယူးဇီလန်” လို့ ခေါ်ကြတဲ့ Dahai Grass Mountain အကြောင်းဖြစ်ပါတယ်။

Dahai Grass Mountain

ဒီတောင်ကတော့ Dahai ရွာရဲ့ အရှေ့တောင်ဘက်၊ Huize ခရိုင်၊ ချွီကျင့်မြို့ (Qujing) မှာ တည်ရှိကာ ပတ်ဝန်းကျင်က ပြန့်ကားပြီး ကျယ်ပြောလှတဲ့ မြက်တောင်တန်းတွေနဲ့ ဖုံးလွှမ်းလျက်ရှိပါတယ်။နွေဦးရာသီမှာ မွှေးကြိုင်တဲ့ပန်းတွေ တစ်ပြင်လုံးပွင့်ကြပြီး နွေရာသီမှာ မြက်ခင်းပင်စိမ်းစိမ်းတွေမှာ သိုး၊ နွားသိုးတွေက မြက်ခင်းပြင်မှာ လှည့်လည်သွားလာနေတဲ့ မြင်ကွင်းမျိုးတွေက သဘာဝကိုနှစ်သက်သူတွေကို စီးမျောခံစားမိစေမှာဖြစ်ပါတယ်။ဆောင်းဦးရာသီမှာတော့ တိမ်သားဖြူလွှလွှတွေ ပွင့်လန်းပြီး အပြာရောင်ကောင်းကင်ကြီးနဲ့ တင့်တယ်ကာ လွင့်မျောနေတဲ့အလှကို ခံစားရမှာဖြစ်ပါတယ်။ဒီလိုဆောင်းရာသီမှာ တောင်ရဲ့ မြေပြင်က ထူထဲတဲ့ အဖြူရောင်နှင်းတွေနဲ့ ဖုံးအုပ်နေတတ်ပါတယ်။

ဆက်လက်ပြီး ဖော်ပြပေးလိုတာကတော့ တရုတ်ရှေးခေတ် ဇာတ်ဝင်ခန်းတွေထဲက မြင်ကွင်းမျိုးဖြစ်တဲ့ ဝါးဖေါင်လေးတွေနဲ့ မျှောပြီး မြစ်တစ်လျှောက် ကြည့်ရှုလို့ရတဲ့ Duoyi River အကြောင်းဖြစ်ပါတယ်။

Duoyi River

Luoping ကောင်တီရဲ့ အရှေ့တောင်ဘက်၊ ချွီကျင့်မြို့ (Qujing) မှာရှိတဲ့ ဒီမြစ်ကတော့ ကြည်လင်ပြီး စိမ်းမြတဲ့ ရေရောင်နဲ့ ခရီးသွားတွေကို ဖမ်းစားတဲ့ နေရာဖြစ်ပါတယ်။ဒီနေရာရဲ့ အဓိကဆွဲဆောင်မှုကတော့ မြစ်တစ်လျှောက် ရှေးတရုတ်ကားတွေထဲကလို ဝါးဖောင်လေးတွေနဲ့ မျှောပြီးသွားရတဲ့ ခံစားမှုဖြစ်ပါတယ်။မြစ်တစ်လျှောက်မှာတော့ လှပတဲ့ ရေတံခွန်တွေနဲ့ လှပတဲ့ မြစ်ရဲ့ တစ်ဖက်တစ်ချက်ကိုလည်း သဘာဝပန်းချီကားသဖွယ် ခံစားစီးမျောနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကြံခင်းတွေ၊ ဘိုယီးလူမျိုးတွေ ပိုင်ဆိုင်တဲ့ ငှက်ပျောခင်းတွေ၊ အပန်းဖြေတာတမံတစ်ခုနဲ့ ပုဂ္ဂလိကအသုံးပြုဖို့ ဝါးဖောင်တွေနဲ့ ဆိပ်ခံတံတားတစ်ခုရှိပါတယ်။ဒါ့အပြင် Duoyi မြစ်ရဲ့ jasper ကမ်းရိုးတန်းတစ်လျှောက် လမ်းလျှောက်နိုင်သလို ရော်ဘာလှေနဲ့လည်း ရေတံခွန်တွေကိုဖြတ်ပြီး စိတ်လှုပ်ရှားဖွယ် ခံစားနိုင်ပါသေးတယ်။

အခုတင်ပြပေးခဲ့တာက သမိုင်း၊ ယဉ်ကျေးမှုတွေနဲ့ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းအလှတွေ တစ်ပွေ့တစ်ပိုက်ရှိကြတဲ့ ခရီးသွားဆွဲဆောင်ရာ မြို့တွေထဲက တစ်ခုဖြစ်တဲ့ ချွီကျင့်မြို့ (Qujing) က ခရီးသွားဆွဲဆောင်မှုရှိတဲ့ နေရာတချို့နဲ့ မြို့အကြောင်း တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပါတယ်။

တကယ်တော့ လည်ပတ်လေ့လာစရာတွေ ပေါများလှတဲ့ ဒီမြို့မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာပတ်ဝန်းကျင်တွေ အများကြီးရှိနေသေးပြီး အစားအစာအနေနဲ့လည်း ရွှမ်းဝေး (Xuanwei) ဝက်ပေါင်ခြောက်၊ ရီလျန် (Yiliang) ဘဲကင်၊ ကျန်းရိ (Zhanyi) ကြက်သားငရုတ်စပ် စတဲ့ လျှာလည်သွားစေမယ့် အထင်ကရ စားဖွယ်ရာတွေကလည်း နာမည်ကြီးလျက်ရှိနေတဲ့အကြောင်း တင်ပြရင်း ခရီးသွားစိတ်ဝင်စားဖွယ် မြို့တစ်မြို့ဖြစ်တဲ့ ချွီကျင့်မြို့(Qujing) အကြောင်းကို ဒီနေရာမှာ ရပ်နားပါရစေ။

မိုးသား