【 နိုင်ငံတကာဆောင်းပါး 】 ရှီနှင့် အမေရိကန်ပြည်သူများအကြား အပြန်အလှန်ထိတွေ့ဆက်သွယ်မှုများ

【 နိုင်ငံတကာဆောင်းပါး 】 ရှီနှင့် အမေရိကန်ပြည်သူများအကြား အပြန်အလှန်ထိတွေ့ဆက်သွယ်မှုများ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ထိပ်သီးအစည်းအဝေး ကျင်းပရန်အတွက် အင်္ဂါနေ့တွင် ဆန်ဖရန်စစ္စကိုသို့ သွားရောက်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးနှစ်ခုအကြား ရှေ့ဆက်လမ်းစဉ်ကို အတူရှာဖွေခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက အမေရိကန်ကို စတင်ရောက်ရှိခဲ့သော သမ္မတ ရှီအတွက် ပထမဆုံးခြေချသော မြို့မှာလည်း ဆန်ဖရန်စစ္စကိုဖြစ်သည်။ထိုအချိန်ကတည်းက သမ္မတ ရှီသည် အမေရိကန်ပြည်သူများနှင့် ချစ်ကြည်ရေးကို လက်ကိုင်ထားကာ စိန်ခေါ်မှုရှိသော အချိန်များတွင်ပင် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သည်။  

ထိုစဉ်က လူငါးဦးပါဝင်သော စိုက်ပျိုးရေးဆိုင်ရာသံအဖွဲ့ကို ဦးဆောင်ခဲ့သော ရှီ၏ ခရီးစဉ်ကို ကူညီပေးခဲ့သူမှာ အီအိုဝါပြည်နယ် မက်စ်ကတင်းမြို့မှ လန်ဒီဆိုသူဖြစ်သည်။

“သူက အမြဲပြုံးနေတာပဲ၊ အရာရာကိုလည်း သိချင်ပြီး မေးခွန်းတွေလည်း အများကြီးမေးတယ်” ဟု လန်ဒီက ဆိုသည်။  

ထိုစဉ်က ရှီသည် သောမတ်စ်နှင့် အယ်လီနော ဗော်ချက်ခ်တို့၏ အိမ်တွင် ညအိပ်ခဲ့ပြီး တက္ကသိုလ်သွားတက်နေသော သားဖြစ်သူ၏ အခန်းတွင် နေခဲ့ခြင်းဖြစ်သည်။

အယ်လီနောအတွက် ရှီက ပထမဆုံး ညအိပ် လက်ခံသည့် တရုတ်မိတ်ဆွေဖြစ်ခဲ့သည်။

“သူက အာရုံစိုက်အားကောင်းတဲ့ လူကောင်းတစ်ယောက်၊ လူယဉ်ကျေးတစ်ယောက်ဖြစ်တယ်” လို့ အယ်လီနောက ဆိုသည်။  

နောက်ထပ် ၂၇ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် ရှီနှင့် အမေရိကန်မိတ်ဆွေများသည် အိုင်အိုဝါပြည်နယ်တွင် ပြန်လည်ပေါင်းစုံခဲ့ကြသည်။

ရှီက အချိန်စာရင်းများဖြင့် မအားလပ်သည့်ကြားတွင် လန်ဒီ၏ အိမ်သို့ နှင်းများကျနေသော နေ့တွင် သွားရောက်ခဲ့သည်။အခြားမိတ်ဆွေများနှင့်အတူ စကားဖောင်ဖွဲ့ရင်း ပျော်ရွှင်ခဲ့ကြသည်။အမေရိကန်မှာ ပထမဆုံးတွေ့ခဲ့သော မိတ်ဆွေများက အမေရိကန်နိုင်ငံဖြစ်သည်ဟု ရှီက ဆိုသည်။ပြည်သူများသည် နိုင်ငံများအကြား ဆက်ဆံရေးတွင် အဓိကသော့ချက်ဖြစ်သည်ဟု ရှီက အမြဲတမ်းယုံကြည်ထားသူဖြစ်သည်။ဘုံအခွင့်အလမ်းများနှင့် လိုအပ်ချက်များမှတစ်ဆင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများရှိစေရန် ပြည်သူအချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်သွယ်မှုများ လိုအပ်သည်။

တရုတ်က ၁၉၇၉ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို စတင်လုပ်ဆောင်ခဲ့ချိန်တွင် တရုတ်နှင့် အမေရိကန်ပြည်နယ်များ မြို့များသည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ဟူဘေးနှင့် အိုင်အိုဝါပြည်နယ်တို့သည် ညီအစ်မပြည်နယ်များအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။ယခုအချိန်တွင် ညီအစ်မပြည်နယ်နှင့် မြို့ပေါင်း ၂၈၄ တွဲ ရှိနေပြီဖြစ်သည်။

၂၀၁၂ ခုနှစ်တုန်းက ရှီ၏ ခရီးစဉ်သည် မိတ်ဆွေဟောင်းများနှင့်သာမက မိတ်ဆွေသစ်များနှင့်ပါ တွေ့ဆုံခဲ့သည်။ထိုစဉ်က ဒုသမ္မတဖြစ်သော ဘိုင်ဒန်နှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်မှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။ဟာဝိုင်အီအုပ်ချုပ်ရေးမှူး ယူဆောင်လာသော ချောကလက်များကို မျှဝေသုံးဆောင်ခဲ့ကြပြီး အမှတ်တရများ ဖန်တီးခဲ့ကြသည်။ထို့အပြင် ရှီသည် NBA ဘတ်စ်ကတ်ဘောပြိုင်ပွဲကိုလည်း သွားရောက်ကြည့်ရှုခဲ့သေးသည်။ထိုစဉ်က လော့စ်အိန်ဂျလိစ်မြို့တော်ဝန်နှင့် အတူကြည့်ခဲ့ခြင်းဖြစ်ပြီး ကစားပွဲအကြောင်းကို ရယ်မောကာ ဆွေးနွေးခဲ့ကြသည်။  

ဝါရှင်တန်၊ တာကိုမာရှိ လင်ကွန်းအထက်တန်းကျောင်းတွင် တက်ရောက်နေသာ ရှောင်တာနယ် ဘာရီက ကျောင်းသို့ အလည်လာသော ရှီနှင့် တွေ့ဆုံခဲ့စဉ်က အတွေ့အကြုံကို မျှဝေခဲ့သည်။ထိုစဉ်က သမ္မတ ရှီက ကျောင်းသားများအတွက် တရုတ်အကြောင်းရေးသားထားသည့် စာအုပ်များနှင့် ပင်ပေါင် ကစားသည့် စားပွဲတစ်ခု လက်ဆောင်ပေးခဲ့သည်။ကျောင်းသားများကလည်း ရှီကို လက်ဆောင်ပြန်ပေးခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ရှီက ဘာရီအပါအဝင် ကျောင်းသားပေါင်း ၁၀၀ ကို တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဘာရီသည် တရုတ်ကို သွားရောက်လည်ပတ်ခဲ့သည်။

“တရုတ်ကို သွားလည်ကြည့်တော့မှ လူတွေအားလုံးက မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြပြီး ဘဝမှာ နေထိုင်ပုံကလည်း တစ်ခုထက် မကရှိတယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့တယ်။တရုတ်ပြည်သူတွေရဲ့ တန်ဖိုးနဲ့ လေးစားမှုကိုလည်း သတိထားမိခဲ့ပါတယ်” ဟု သူကဆိုသည်။

ရှီသည် လူငယ်များအပေါ်တွင် ယုံကြည်သူတစ်ဦးဖြစ်သည်။တရုတ်နှင့် အမေရိကန်တို့မှ လူငယ်များကြားတွင် ပိုမိုနားလည် သိရှိလာပြီး လုပ်ငန်းများစွာကို အတူတွဲဖက်လုပ်နိုင်ရန် မျှော်လင့်သူဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်တို့၏ ဆက်ဆံရေး ဆိုးရွားခဲ့ချိန်တွင် လင်ကွန်းအထက်တန်းကျောင်းမှ ကျောင်းအုပ်က သမ္မတ ရှီထံ စာစောင်ရေးသားခဲ့ပြီး ကျောင်းအနေဖြင့် တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော ဖလှယ်မှုများကိုပြောပြခဲ့ကာ ပညာရေးမိတ်ဖက်ဖြစ်ခြင်းက ကျောင်းမှ ကျောင်းသားများအတွက် အရေးကြီးကြောင်း ဆိုခဲ့သည်။

“တရုတ်ကို သွားရောက်လည်ပတ်ပြီး ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေနဲ့ တရုတ်ပြည်သူတွေနဲ့ ထိတွေ့ခွင့်ရခဲ့တာဟာ ကျောင်းသားတွေအတွက် ဘဝအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ကျွန်တော့် ကျောင်းသားတွေက တရုတ်ကို ထပ်ပြီးသွားလည်ချင်ကြတယ်၊ တရုတ်မှာ ပညာသင်ချင်ကြတယ်” ဟု သူကဆိုသည်။

လူငယ်များသည် အနာဂတ်ကို ယုံကြည်ကြပြီး သမ္မတ ရှီကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အနာဂတ်ပန်းတိုင်၊ မျှော်လင့်ချက်များကို ကောင်းမွန်စွာပြသနိုင်ခဲ့သည်ဟု ပက်ကင်းတက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နားလည်သဘောပေါက်ရေးဌာနမှ အမှုဆောင်ဒါရိုက်တာ ဝမ်တုန်းက ဆိုသည်။

“သမ္မတ ရှီရဲ့ ဆန်ဖရန်စစ္စကို ခရီးစဉ်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ရှေ့ဆက်တိုးမယ့် ခြေလှမ်းသစ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူကဆိုသည်။  

စိုးနိုင်ထွန်း
Ref - Xinhua | "To me, you are America": Xi Jinping's interactions with American people