【 နိုင်ငံတကာဆောင်းပါး 】 ရှေးဟောင်းအမွေအနှစ်တို့ စုစည်းရာ ဟော်နန်ပြည်နယ်

【 နိုင်ငံတကာဆောင်းပါး 】 ရှေးဟောင်းအမွေအနှစ်တို့ စုစည်းရာ ဟော်နန်ပြည်နယ်

ဟော်နန် (Henan) ပြည်နယ်ဟာ တရုတ်နိုင်ငံထဲမှာရှိတဲ့ ပြည်နယ် ၂၃ ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်ယဉ်ကျေးမှု မြစ်ဖျားခံရာ ဒေသများအနက် တစ်ခုဖြစ်ပါတယ်။

ဟော်နန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့အလယ်ပိုင်းမှာ တည်ရှိပြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်ပေးထားတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ရှေးအခါကတော့ မိုးမြေရဲ့ အလယ်ဗဟိုဟု တင်စားခေါ်တွင်ကြတယ်လို့ ဆိုပါတယ်။

တောင်၊ မြောက်နဲ့ အနောက် အရပ်မျက်နှာသုံးခုမှာ မိုင်ထောင်ချီရှည်လျားသော ရိုးမများဖြင့် ပတ်ပတ်လည် ဝန်းရံထားပြီး အနောက်တောင်ပိုင်းချိုင့်ဝှမ်းမှာ ရေပေးဝေသော အဓိကရေနုတ်မြောင်းလေးခုဖြစ်သည့် ဟိုင်မြစ်၊ မြစ်ဝါမြစ်၊ ဟွိုင်မြစ်၊ ယန်ဇီမြစ်တို့ကို ဖြတ်ကျော်ကာ တောတောင်ရေမြေများဖြင့် ထိစပ်နေပါတယ်။

ဟော်နန်ပြည်နယ်ဟာ တရုတ်ယဉ်ကျေးမှုကြီး ၄ ရပ် ထွန်းကားရာ ဒေသလည်းဖြစ်သလို ဟွာရှယဉ်ကျေးမှုနှင့် တရုတ်လူမျိုးတို့ စတင်ဖြစ်တည်ရာ နေရာတစ်ခုဖြစ်ပါတယ်။ရှမင်းဆက်၊ ရှန်းမင်းဆက်စ၍ မင်းဆက်ပေါင်း ၂၀ကျော်တို့ဟာလည်း ဒီဒေသမှာပဲ မြို့တော်တည်ထောင်ခြင်းနှင့် ပြောင်းရွှေ့ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုတမူထူးခြားတဲ့ မြေမျက်နှာသွင်ပြင်အနေထားတွေကြောင့် ဟော်နန်ပြည်နယ်ဟာ ကြွယ်ဝချမ်းသာသော သဘာဝခရီးသွားအရင်းအမြစ်များကို ပိုင်ဆိုင်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော်အများအပြား တည်ရှိရာ ပြည်နယ်ဖြစ်ပြီး လော့ရန်၊ ခိုင်ဖုန်း၊ အန်းရန်၊ ကျန့်ကျိုး စသည့် မြို့များဟာ တရုတ်ရဲ့ အထင်ကရ ရှေးဟောင်းမြို့တော်များ ဖြစ်ကြပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော လော့ရန်မြို့ (Luoyang) မှ လုံမန်ကျောက်လိုဏ်ဂူ (Longmen Grottoes) ၊ အန်းယန်ရှေးဟောင်းမြို့တော် (Anyang) မှ ရင်းရွှီး (Yinxu) ရှေးဟောင်းနေရာ၊ တိန်းဖုန်းမြို့ (Dengfeng) မှ “မိုးနှင့်မြေ၏ အလယ်ဗဟို” သမိုင်းဝင်အဆောက်အဦအစုအဝေး၊ မဟာတူးမြောင်းကြီး၏ ဟယ်နန်အပိုင်းနှင့် ပိုးလမ်းမကြီး၏ ဟယ်နန်အပိုင်းတို့ ရှိကြပါတယ်။

နောက်ပြီး ဟော်နန်ပြည်နယ်မှာရှိတဲ့ လုံမန်ကျောက်လိုဏ်ဂူဆိုတာကလည်း တရုတ်နိုင်ငံ ကျောက်ပန်းပုအနုပညာရဲ့ ရတနာသိုက်တစ်ခုဖြစ်သကဲ့သို့ တရုတ်နိုင်ငံရဲ့ ကျောက်လိုဏ်ဂူကြီးလေးခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရင်းရွှီမြို့သည် တရုတ်ရှန်းမင်းဆက်နှောင်းပိုင်း၏ နန်းတော်ရာဖြစ်ပြီး တရုတ်သမိုင်းကြောင်းတွင် ပထမဆုံးမြို့တော်အဖြစ် သက်သေအထောက်အထား ပြသနိုင်ခဲ့သော နေရာလည်းဖြစ်ပါတယ်။

ဟော်နန်ပြည်နယ်ဟာ တာအိုဘာသာ၊ မော့ဘာသာ (အတွေးအခေါ်ပညာရပ်)၊ ဥပဒေဘာသာ (နိုင်ငံစီမံခန့်ခွဲသည့် ဘာသာရပ်)၊ ဆင်ခြင်တုံပညာရပ်၊ မဟာဗျူဟာစစ်ပညာရပ် စတဲ့ ဒဿနိကအတွေးအခေါ်များ စတင်ပေါက်ဖွားရာ နေရာဒေသဖြစ်ပါတယ်။  

အလားတူ ဟော်လော့ယဉ်ကျေးမှု (မြစ်ဝါမြစ်နှင့် လော့ရန်ဒေသတို့ ဆုံဆည်းရာဒေသကို ရည်ညွှန်းသည်)၊ တရုတ်စာပေယဉ်ကျေးမှု၊ တရုတ်မျိုးနွယ်အမည်နာမယဉ်ကျေးမှု၊ ဆွေစဉ်မျိုးဆက်ယဉ်ကျေးမှု၊ ဝူရှူးသိုင်းယဉ်ကျေးမှု၊ ပြဇာတ်ယဉ်ကျေးမှု အစရှိသည့် ယဉ်ကျေးမှုများမှာ ကျုံးယွမ် (အလယ်ပိုင်း မြေပြန့်ဒေသ) ယဉ်ကျေးမှုကို ကိုယ်စားပြုလျက်ရှိပါတယ်။

အလယ်ပိုင်း မြေပြန့်ဒေသမှာ နက်ရှိုင်းသော သမိုင်းကြောင်းများစွာရှိကြပြီး နေရာတိုင်းရှိ ယဉ်ကျေးမှုဆိုင်ရာ ရုပ်ဝတ္ထုတစ်ခုဆီတိုင်းဟာလည်း သမိုင်းတစ်ပုဒ်စီ ကိုယ်စားပြုလျက်ရှိပါတယ်။

ဒီဒေသက နာမည်ကျော် ဗုဒ္ဓကျောင်းတိုက်ဖြစ်တဲ့ ရှောင်လင်ကျောင်းတိုက်ကလည်း တရုတ်နိုင်ငံ ဝူရှူးသိုင်းပညာရဲ့ အထွဋ်အမြတ်နေရာဖြစ်ပါတယ်။ယခုအခါမှာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကိုယ်စားပြုအမှတ်တံဆိပ်အဖြစ် ကမ္ဘာတွင် ခြေဆန့်နေပြီဖြစ်ပါတယ်။ဟော်နန်ဒေသမှ ထိုက်ချိသိုင်းပညာဟာ ကမ္ဘာ့တစ်ဝန်းတွင် နာမည်ကျော်ကြားပြီး ဝူရှူးသည်လည်း ၎င်းနေရာမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

“ကွန်ဖူးပညာမှာ ပထမ၊ ရှောင်လင်ကျောင်းတော်က” ဟူ၍ ရှောင်လင်သိုင်း၏ လွှမ်းမိုးကြီးစိုးမှုသဘောနှင့် ချန်မျိုးနွယ် (Chen) ထိုက်ကျိသိုင်း၏ Yin နှင့် Yang (သဘာဝ၏ ဆန့်ကျင်ဘက်တရား) တို့ရှိ သဟဇာတဖြစ်မှု သဘောများဟာ အဲဒီဒေသမှာ အပြန်အလှန်သက်ရောက်ကာ တစ်ခုနှင့် တစ်ခု ထင်ဟပ်ပေါ်လွင်နေစေပါတယ်။

ဟော်နန်ပြည်နယ်ရဲ့ မြို့တော် ကျန့်ကျိုးမြို့ဟာဆိုရင်လည်း  မြစ်ဝါမြစ်ရေစီးဆင်းမှုနှင့်အတူ တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်ပါတယ်။မြို့အနီးဝန်းကျင်မှာလည်း ရေကန်များစွာရှိရာ ကျန့်ကျိုးမြို့ဟာ ရေမြေကြောင့် ပန်းချီကားသဖွယ် သာယာလှပမှုရှိသည့် နေထိုင်ချင့်စဖွယ် မြို့တစ်မြို့ဖြစ်ပါတယ်။

ဟော်နန်ပြည်နယ် (Henan) ဟာ သမိုင်းကြောင်းရှည်ကြာပြီး ယဉ်ကျေးမှုကြွယ်ဝသော ဒေသတစ်ခုဖြစ်ကာ ရှေးခေတ်ယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တို့၏ ကွဲပြားမှုများကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဟော်နန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့ သမိုင်းပြတိုက်တစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

ခန့်မောင်