【 နိုင်ငံတကာဆောင်းပါး 】 လျှို့ဝှက်မှုတွေရှိနေတဲ့ လုံယိုလိုဏ်ဂူ

【 နိုင်ငံတကာဆောင်းပါး 】 လျှို့ဝှက်မှုတွေရှိနေတဲ့ လုံယိုလိုဏ်ဂူ

လူသားတွေနေထိုင်ရာ ပတ်ဝန်းကျင်မှာ ရှေးယခင်ကတည်းက တည်ရှိနေပေမယ့် သတိမမူမိလို့ မမြင်တွေ့ရသေးတဲ့ နေရာတွေများစွာရှိနေပါတယ်။

မြန်မာဆိုရိုးစကားထဲမှာလည်း “သတိမမူ ဂူမမြင်၊ သတိမူ မြူမြင်” ဆိုတဲ့ စကားရှိပါတယ်။သတိမထားဘဲနေသောအခါ အလွန်ကြီးမားသော ဂူကြီးကိုပင် မမြင်မိဘဲရှိတတ်သလို သတိမူ၍ စူးစမ်းသောအခါတွင် မြူမှုန်ကလေးကိုပါ မြင်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်ထဲမှာလည်း ခေတ်အဆက်ဆက် လူတွေသတိမထားမိလို့ မမြင်တွေ့ခဲရတဲ့ နေရာတစ်ခုရှိပါတယ်။အဲဒီနေရာကိုတော့ ၁၉၉၂ ခုနှစ်မှသာ လူတွေမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ကျဲ့ကျန်းပြည်နယ်၊ ချွီကျိုးမြို့တော်၊ လုံယိုမြို့နယ်မှာရှိတဲ့ ထူးဆန်းတဲ့ အံ့ဖွယ်လိုဏ်ဂူတစ်ခုကို မတော်တဆတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒီလိုဏ်ဂူကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က ချင်မင်းဆက် (သို့မဟုတ်) ဟန့်မင်းဆက် ခေတ်ကာလတွင် တည်ဆောက်ခဲ့တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ဒီလိုဏ်ဂူကို ပထမဆုံးတွေ့ရှိတဲ့တာကတော့ ဒေသခံလယ်သမားတွေဖြစ်ပါတယ်။ထိုအချိန်က အဲဒီနေရာမှာ ရေပြည့်နေသော “အောက်ခြေမရှိသောကန်” ဖြစ်နေဆဲဖြစ်ပါတယ်။

၁၉၉၂ ခုနှစ် ဇွန်လမှာ လယ်သမား (၄) ဦးဟာ ရေစုပ်စက် (၄) လုံးကို အသုံးပြုကာ (၁၇) ရက်ကြာ အဆက်မပြတ် စုပ်ထုတ်ခဲ့ကြပါတယ်။သူတို့ဟာ ကျေးရွာအတွက် ရေလိုအပ်သောကြောင့် ရေကန် ၅ ကန်ကို တူးဖော်ပြီး အဆိုပါလိုဏ်ခေါင်းထဲမှ ရေများကို စုတ်ထုတ်ကာ ရေဖြည့်တင်းခဲ့ကြခြင်းဖြစ်ပါတယ်။ရေစုတ်ထုတ်ရင်း ရေများကုန်သွားသည့်အခါမှ ရှေးယခင်က လူတွေဖန်တီးတည်ဆောက်ထားသော လိုဏ်ဂူကို မတော်တဆတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။နောက်ပိုင်းမှာ ဆက်လက်စူးစမ်းလေ့လာမှုတွေကြောင့် အနီးအနားတွင်လည်း နောက်ထပ် လိုဏ်ဂူကြီး ၁၉ ထက်မနည်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

လယ်သမားတွေ မတော်တဆတွေ့ရှိခဲ့တဲ့ လိုဏ်ဂူထဲမှာ မျက်နှာကြက်၊ နံရံ၊ တိုင်လုံးများပေါ်တွင် ကျောက်ထွင်းလက်ရာအရုပ်များကို တွေ့ရှိခဲ့ရပါတယ်။လိုဏ်ဂူထဲမှာတွေ့ရှိရတဲ့ တိုင်လုံးများကိုတော့ မျဉ်းပြိုင်ထွင်းထုထား ပြီး ၂၄ လက်မ ပတ်လည် ပုံစံတူအရွယ်အစားအတိုင်းရှိသည်ကို တွေ့ခဲ့ရပါတယ်။ ဒီလိုအရွယ်အစားကြီးမားတဲ့ လုံယိုလိုဏ်ဂူကြီးကိုတော့ မည်သည့်ခေတ်ကာလက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့တယ်ဆိုတာ အတိအကျမသိရသေးသလို ထိုစဉ်က လူအင်အား ဘယ်လောက်သုံးပြီး တည်ဆောက်ခဲ့ကြတယ်ဆိုတာကိုလည်း မခန့်မှန်းနိုင်ခဲ့ကြပါဘူး။  

ဒီလိုဏ်ဂူကြီးရဲ့ သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ခဲ့ပြီလို့ဆိုကြပေမယ့် မည်သည့်သမိုင်းမှတ်တမ်းစာပေတွေမှာမှ မှတ်တမ်းတင်ထားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ခန့်မှန်းမှုတွေအရတော့ ဒီလိုဏ်ဂူနေရာဟာ ရှေးယခင်က စစ်ရေးအရ စစ်စခန်းဌာနချုပ်တည်ရှိရာနေရာ (သို့မဟုတ်) တပ်သားလေ့ကျင့်ရန်နေရာ ဖြစ်နိုင်သလို လျှို့ဝှက်အဖွဲ့အစည်း တည်နေရာလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

နောက်ထပ်ခန့်မှန်းမှုတွေကတော့ သင်္ချိုင်းဂူဗိမာန်၊ မြေအောက်သိုလှောင်ရုံ၊ တာအိုဘာသာရေးအထိမ်းအမှတ်နေရာ၊ ယဇ်ပူဇော်သည့်နေရာ၊ နန်းတော် (သို့မဟုတ်) ဘိုးဘေးဘီဘင်တို့အတွက် ကန်တော့ပွဲကျင်းပရာနေရာ စတာတွေထဲက တစ်ခုခုဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။

လုံယိုလိုဏ်ဂူကို ဘယ်သူတွေက ဘယ်အချိန်မှာ ဘာကြောင့်ဖန်တီးခဲ့သလဲဆိုတဲ့ မေးခွန်းကို အဖြေထုတ်နိုင်ဖို့ လိုဏ်ဂူစတင်ရှာဖွေတွေ့ရှိစဉ်ကတည်းက ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ပညာရှင်တွေက ဆက်လက်စုံစမ်းနေခဲ့ပါတယ်။

၁၇ ရာစုမှာရေးသားခဲ့သော Yu Xun ရဲ့ တရုတ်ကဗျာတစ်ပုဒ်သာ မှတ်တမ်းတင်ထားသော သက်သေအထောက်အထားအချို့ကို ပေးစွမ်းနိုင်ပါတယ်။

လက်ရှိအချိန်ထိ ဒီလိုဏ်ဂူထဲက အခင်းအကျင်းတွေက လူသားတို့ဖန်တီးထားသည့် မြေအောက်နန်းတော်တစ်ခုကဲ့သို့ဖြစ်နေပြီး သက်သေအထောက်အထား တစ်စုံတရာ မတွေ့သေးသရွေ့တော့ လုံယိုလိုဏ်ဂူကြီး ဖြစ်တည်လာပုံကလည်း ပဟေဠိတွေ ပြည့်နှက်နေဆဲဖြစ်ပါတယ်။

ဒါကြောင့်ပဲ အဲဒီဒေသဟာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်နေပါတယ်။

အဲဒီဒေသမှာရှိတဲ့ ဂူများဟာ ကပ်လျက်ရှိသော်လည်း တစ်ခုနှင့် တစ်ခု ဆက်စပ်မှုမရှိပါဘူး။ဂူတွေကို တည်ဆောက်ထွင်းထုထားပုံကလည်း အလွန်လက်ရာမြောက်လှပါတယ်။ဒါကြောင့် အဲဒီနေရာကို “ကမ္ဘာ့ကိုးကြိမ်မြောက်အံ့ဖွယ်” နှင့် “တရုတ်နိုင်ငံ၏ ရှေးဂရိနတ်ကွန်း” အဖြစ် ဂုဏ်ပြုခံထားရပါတယ်။

ဒီနေရာကို ရှာဖွေတွေ့ရှိကတည်းက နာမည်ကြီးပညာရှင်အများအပြား လာရောက်လေ့လာခဲ့ကြသော်လည်း ဆောက်လုပ်ခဲ့သည့် ခုနှစ်နှင့် လိုဏ်ဂူကို ဘာအတွက်အသုံးပြုခဲ့ကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘဲ ယနေ့အထိ လျှို့ဝှက်ဆန်းကြယ်နေတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။

ခန့်မောင်