【 နိုင်ငံတကာဆောင်းပါး 】 သက်တန့်ရောင် တောင်တန်းများ

【 နိုင်ငံတကာဆောင်းပါး 】 သက်တန့်ရောင် တောင်တန်းများ

ကမ္ဘာပေါ်မှာ သဘာဝက ပေးအပ်ထားတဲ့ အလှတရားများစွာရှိပါတယ်။ဒီထဲမှာ အံ့သြစရာကောင်းလောက်အောင် လူတို့ဖန်တီးထားတယ်လို့ ထင်ရတဲ့ သဘာဝအလှတွေ ပိုင်ဆိုင်ထားတဲ့ နေရာဒေသတွေလည်းရှိပါတယ်။

တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ် (Gansu) ထဲမှာရှိတဲ့ သက်တန့်ရောင်တောင်တန်းတွေကလည်း ကမ္ဘာ့အလှဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သက်တန့်ရောင်စဉ်တောင်တန်းတွေရှိတဲ့ ကန်းစုပြည်နယ် (Gansu) ဟာ သဘာဝဂေဟစနစ်အသွင် များပြားစုံလင် ပြီး တစ်မူထူးခြားသော ဘူမိရုပ်သွင်များ ပိုင်ဆိုင်ကာ ယနေ့ လက်ရှိတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာ (၇) နေရာ ရှိပါတယ်။  

ဒီထဲမှာ သက်တန့်ရောင်စဉ်တောင်တန်းတွေရှိတဲ့ ကျန်းယေ့တန်းရှာ (Zhangye Danxia) အမည်ရှိ ရောင်စုံ သဘာဝမြေမျက်နှာသွင်ပြင်ဟာလည်း ကမ္ဘာတစ်ဝန်းမှာ ထင်ရှားကျော်ကြားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။အရောင်စုံဖြစ်နေတဲ့ အဲဒီတောင်တန်းတွေကို ရုတ်တရက်ကြည့်လိုက်ရင် လူတွေဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ် ဒါမှမဟုတ် ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတယ်လို့ ထင်မိပါလိမ့်မယ်။ဒီလိုမျိုး အံ့သြဖွယ် ထူးဆန်းတဲ့ အရောင်အသွေးတွေနဲ့ ဖြစ်ပေါ်နေတဲ့ သက်တန့်ရောင်စဉ်တောင်တန်းတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ဖက်ရှိ ကန်းစုပြည်နယ်က Zhangye Danxia Landform Geological Park ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။

ကျောက်တုံးတွေနဲ့ တောင်ကုန်းတောင်တန်းတွေကို ဆေးရောင်စုံခြယ်ထားသကဲ့သို့ ဖြစ်နေတာကြောင့် ရှုခင်းတွေက ဆန်းကြယ်လှပါတယ်။ဒါကြောင့် ကမ္ဘာပေါ်တွင် အရောင်အသွေးအရှိဆုံး အမျိုးသားဥယျာဉ်တစ်ခုအဖြစ် တင်စားကြပါတယ်။အဲဒီသက်တန့်ရောင်စဉ်တောင်တန်းများဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၄ သန်းခန့်က အနီရောင် သဲကျောက်လွှာတွေပေါ် သတ္တုဓာတ်တွေ တစ်လွှာပြီး တစ်လွှာ အနည်ကျပြီးနောက် ရာသီဥတု၊ ရေ၊ လေတို့ တိုက်စားခံရပြီး အခုလို အလွှာအထပ်ထပ် ကိတ်မုန့်ပုံသဏ္ဍန် ရောင်စုံတောင်တန်းတောင်ကုန်းတွေ ဖြစ်ပေါ်ခဲ့ရတာပါ။  

သက်တန့်ရောင်စဉ်တောင်တန်းတွေကြားမှာပဲ သဘာဝရဲ့ဖန်တီးမှုနဲ့ ဖြစ်ပေါ်နေတဲ့ တိုင်လုံးပုံသဏ္ဍန်တွေ၊ သဘာဝမျှော်စင်တွေ၊ လျှိုမြောင် ချောက်ကမ်းပါး တောင်ချိုင့်ကြားတွေ၊ ရေတံခွန်တွေ စသဖြင့် လေ့လာစရာ၊ သွားရောက်လည်ပတ် ကြည့်ရှုစရာ အများအပြားရှိပါတယ်။

သက်တန့်ရောင်စဉ်တောင်တန်းတွေပေါ်မှာ သစ်ပင်တွေ ပေါက်ရောက်နေတာ မရှိသလောက်ဖြစ်ပြီးတော့ တောင်ကတုံးတွေဖြစ်နေတာကိုတာ တွေ့ရပါတယ်။အချို့တောင်စောင်းနဲ့ မြေပြန့်အနည်းငယ်လောက်မှာသာ မြက်ပင်၊ ချုံပင်လေးတွေ အနည်းငယ်ပေါက်နေတတ်ပါတယ်။

ဒါပေမဲ့ အနီတစ်ကန့်၊ အပြာတစ်ကန့်၊ အဝါတစ်ကန့် အလီလီအလာလာ စီခြယ်ထားပုံကတော့ဖြင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှပါတယ်။ဒါကြောင့်လည်း ခရီးသွားအများအပြား လာရောက်လေ့လာလည်ပတ်ကြတဲ့ နေရာအဖြစ် ထင်ရှားလာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်ထဲက သက်တန့်တောင်တန်းများသည် ကမ္ဘာ့ဘူမိဗေဒဆိုင်ရာ အံ့သြစရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အလွန်ရေပန်းစားပြီး ၎င်းကို တရုတ်နိုင်ငံနှင့် ကမ္ဘာတွင် အကြိမ်ပေါင်းများစွာ စာရင်းသွင်းထားသော ‘အလှဆုံးနေရာများ’ စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာကို ၂၀၀၉ ခုနှစ်မှာတော့ ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသအဖြစ် စာရင်းသွင်းခံခဲ့ရပြီး တရုတ်နှင့် နိုင်ငံတကာခရီးသွားတွေ အများအပြားလာရောက်တဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။

ခန့်မောင်