【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၁)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၁)

ကိုဗစ်လွန်မြောက်ချိန်တွင် အာရှဒေသအတွက် မွန်းကြပ်မှု ထွက်ပေါက်နောက်တစ်ခုအနေဖြင့် တစ်စိတ်တစ်ပိုင်း စိတ်အပြောင်းအလဲဖြစ်နိုင်မည့် ပြိုင်ပွဲတစ်ခုက စောင့်ကြိုနေပြီဖြစ်သည်။

ယင်းမှာ (၁၉) ကြိမ်မြောက် ကျင်းပရန်ရှိနေသည့် အာရှအားကစားပြိုင်ပွဲပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြိုင်ပွဲမှာ တဖြည်းဖြည်းနီးကပ်လာနေပြီလည်းဖြစ်သည်။ပြိုင်ပွဲတွင် SPORT ၄၀ ခု၊ DISCIPINES ၆၁ ခုနှင့် EVENT ၄၈၃ ခု စသည်ဖြင့် အားကစားနည်းများ သတ်မှတ်ပါဝင်လျက်ရှိနေသည်။လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ရှိနိုင်ငံများ၊ ဒေသများမှ အိုလံပစ်ကော်မတီ ၄၅ ခုက ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ရန် အမည်စာရင်းပေးသွင်းထားပြီးဖြစ်ပြီး ပြိုင်ပွဲသည် ဒေသများအတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေးအပေါ် အရေးပါလျက်ရှိကြောင်း ဖော်ပြမှုများရှိပါသည်။

အထူးသဖြင့် ပဲရစ် ၂၀၂၄ အိုလံပစ်အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် ပွဲတစ်ခုအနေဖြင့်လည်း ရှုမြင်ကြပြီး ယင်းပြိုင်ပွဲကို တရုတ်နိုင်ငံရှိ ဟန်ကျိုး၊ နင်ပေါ၊ ဝန်းကျိုး၊ ကျင်းဟွာ၊ ရှောက်ရှင်းနှင့် ဟူကျိုး စသည့် ပြိုင်ပွဲကျင်းပရာ နေရာခြောက်ခုမှ အားကစားကွင်း ၅၆ ခုတွင် ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြလာသည်။

ထိုသို့အားကစားပြိုင်ပွဲသတင်းကြောင့် ပြိုင်ပွဲလက်ခံ ကျင်းပပေးမည့် နေရာများသည်လည်း လူစိတ်ဝင်စားမှု များပြားလာပြီး အားကစားပြိုင်ပွဲ ကျင်းပမည့် မြို့များသို့ ခရီးသွားလာလည်ပတ်မည့်သူများအတွက်လည်း နေထိုင်အပန်းဖြေတည်းခိုမည်ဖြစ်သည့် မြို့များ၏ သွားလာရေးနှင့် စိတ်ဝင်စားဖွယ်ကောင်းသော နေရာများကိုလည်း ရှာဖွေနေကြပြီဖြစ်သည်။ထို့ကြောင့်ပင် ဆောင်းပါးရှင်အနေဖြင့် ပရိသတ်များအတွက် အာရှအားကစားပြိုင်ပွဲနှင့်အတူ လူစိတ်ဝင်စားမှုမြင့်လာသည့်  မြို့များအကြောင်းကို ရှာဖွေတင်ဆက်ပေးလိုက်ရပါသည်။

ပထမဆုံးအနေဖြင့် ဖော်ပြလိုသည်မှာ ဟန်ကျိုး (Hangzhou) ဟု သိကြသည့် အာရှအားကစားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ရွေးချယ်ခံရသည့် မြို့အကြောင်းဖြစ်ပါသည်။ယင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်၏ မြို့တော်လည်းဖြစ်ပြီး မြန်နှုန်းမြှင့်ရထားဖြင့် ရှန်ဟိုင်းမှ တစ်နာရီအကွာတွင် ရောက်နိုင်သည့် မြို့လည်းဖြစ်သည်။

ယင်းသည် လှပပြီး ဆွဲဆောင်မှုရှိသော မြို့တစ်မြို့ဖြစ်ပြီး မှတ်မိမည်ဆိုလျှင်  G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ၂၀၁၆ ခုနှစ်တွင် လက်ခံကျင်းပခဲ့သည်လည်းဖြစ်သည်။ထိုဟန်ကျိုးမြို့၏ စိတ်ဝင်စားဖွယ်ရာများတွင် သမိုင်း၊ ယဉ်ကျေးမှု နေရာများသည် ထိပ်ဆုံးတွင် ညွှန်းဆိုခံရကြောင်း တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ၎င်း၏အကျော်ကြားဆုံး ဆွဲဆောင်မှုရှိသည့် နေရာမှာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် အနောက်ရေကန် (West Lake) ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပြီး ရာစုနှစ်များတစ်လျှောက် တရုတ်နိုင်ငံသာမက ဂျပန်နှင့် ကိုရီးယားတို့တွင်ပါ လွှမ်းမိုးမှုရှိသော ဥယျာဉ်ဒီဇိုင်းလည်း ဖြစ်သည်။၎င်းသည် “လူသားနှင့် သဘာဝအကြား စိတ်ကူးယဉ်ပေါင်းစပ်မှု” ကို ထင်ဟပ်စေကြောင်း ညွှန်းဆိုခံရသည်ကို တွေ့ရမည်ဖြစ်သည်။

အနောက်ရေကန် (West Lake) သည် သာယာလှပသောရှုခင်းများ၊ သာယာသောပတ်ဝန်းကျင်နှင့်အတူ ရှေးရိုးရာယဉ်ကျေးမှု အဆောက်အဦ မျှော်စင်များ၊ ကျွန်းများ၊ ရေကန်ထက်က လမ်းများနှင့် ရိုးရာဘုရားများရှိနေသည်။

ဟန်ကျိုး၏ ဒုတိယမြောက် ထင်ရှားသည်မှာ လင်ယင် (Linyin) ဘုရားကျောင်းဖြစ်ပါသည်။တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ဗုဒ္ဓဘာသာဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပြီး ရှေးဟောင်းရုပ်ပွားတော်များ၊ အနုစိတ်သော ထွင်းထုမှုများနှင့် သာယာသော သဘာဝပတ်ဝန်းကျင်သည် ဘုရားကျောင်း၏ ဆွဲဆောင်မှုပင်ဖြစ်သည်။ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စူးစမ်းလေ့လာရန် ရေပန်းစားသော နေရာတစ်ခုအဖြစ်လည်း ဆိုကြသည်။သို့ရာတွင် လင်းယင်ဘုရားကျောင်းကိုလည်ပတ်မည်ဆိုလျှင် မြို့၏အလယ်တွင် မရှိသောကြောင့် ဘတ်စ်ကား (သို့) တက္ကစီစီးနင်းရမည်ဖြစ်သည်။

ဟန်ကျိုး၏ထူးခြားချက်မှာ တရုတ်နိုင်ငံ၏ မြို့ကြီးများနှင့် ကွဲပြားသော ငြမ်သက်သဘာဝဆန်သည့် နေရာများစွာရှိခြင်းဟု ဆိုရမည်ဖြစ်သည်။

တတိယတစ်ခုအဖြစ် လည်ပတ်သင့်သည်မှာ Xixi National Wetland Park ဖြစ်သည်။ထိုအမျိုးသားဥယာဉ်သည် ကျယ်ပြောသော ဧရိယာရှိကာ အခြားတစ်ဖက်တွင် စည်ကားသော မြို့ပြနှင့် ဆန့်ကျင်လျက် ငြိမ်သက်စွာရှိနေသည်။လာရောက်သူ ခရီးသွားဧည့်သည်များအနေဖြင့်  စိမ့်အိုင်များ၊ ရေကန်များနှင့် တူးမြောင်းများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်ကာ သဘာဝကို လေ့လာလိုသူများအတွက် ငှက်မျိုးစိတ်များအပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်မျိုးစုံကို ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။

(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)

မိုးသား