【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၃)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၃)

အာရှအားကစားပြိုင်ပွဲ လက်ခံရာ မြို့များအနက် ယခုအခါ အလှည့်ကျဖော်ပြလိုသည့် မြို့မှာတော့ နင်ပေါ (Ningbo) မြို့ဖြစ်သည်။

ယင်းမြို့သည် တရုတ်နိုင်ငံ Zhejiang ပြည်နယ်တွင် တည်ရှိပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ရာတွင် ပြည်နယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တစ်မြို့ဖြစ်ပါသည်။

သမိုင်းဆိုင်ရာများနှင့် ကြွယ်ဝသော မော်ဒန်မြို့တစ်မြို့လည်းဖြစ်ခြင်းကြောင့် ခရီးသွားများအား ဆွဲဆောင်ရန် အသင့်ရှိနေသည့်မြို့ဟု ဆိုနိုင်သည်။

ယင်းမြို့အကြောင်း အနည်းငယ်ဖော်ပြရလျှင် ၂၀၂၂ ခုနှစ်တွင် မြို့၏ GDP သည် ယွမ် ၁၅၇၀.၄၃ ဘီလီယံ၊ (အမေရိကန် ဒေါ်လာ ၂၃၃.၄၇၉ ဘီလီယံ) ဖြစ်ပြီး၊ ၎င်းသည် တရုတ်နိုင်ငံရှိ ၂၉၃ မြို့အနက် အဆင့် ၁၂ တွင်ရှိနေသည်။ထို့အတူ နင်ပေါသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးမြို့များမှ တစ်ခုအဖြစ်လည်း စာရင်းဝင်ကြောင်း ဖော်ပြမှုများရှိနေပါသည်။ထို့ကြောင့် မြင်သာသည်မှာ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များကို တရုတ်နိုင်ငံမှ အသေချာပြင်ဆင်ရွေးချယ်ထားပုံရသည်ကိုလည်း ထင်ဟပ်နေပါသည်။ထို့ကြောင့် ဆက်လက်ပြီး ဖတ်ရှုရမည်မှာ နင်ပေါ၏ ခရီးသွားဆွဲဆောင်ရာများနှင့် ဒေသဗဟုသုတများဖြစ်ပါသည်။

           (၁) Tianyi Pavilion Museum

နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့၏ ဆွဲဆောင်မှုများစွာအနက် စာပေ၊ ပန်းချီ ယဉ်ကျေးမှုတို့၏ သိုမှီးရာသည် လူသားတိုင်း၏ မြတ်နိုးတန်ဖိုးထားရသော အရာဖြစ်ပါသည်။ထို့ကြောင့် နင်ပေါတွင် ယင်းအချက်နှင့် ကိုက်ညီစွာ ရှိနေသည်မှာ တရုတ်နိုင်ငံတွင် ရှေးအကျဆုံး စာပေစုစည်းမှုပြတိုက်တစ်ခုဖြစ်သည့် Tianyi Pavilion Museum ပင် ဖြစ်ပါသည်။

ယင်းစာကြည့်တိုက်အား မင်မင်းဆက်လက်ထက်တွင် တည်ထောင်ခဲ့ပြီး များပြားလှသော စာအုပ်များကို စုစည်းထားရှိကာ လက်ရေးလှနှင့် ရှေးဟောင်းအငွေ့အသက်များဖြင့် ထုံမွှန်းခင်းကျင်းထားပါသည်။ပန်းချီနှင့် လက်ရေးလှခန်းမသည် ရံဖန်ရံခါတွင် သမိုင်းဝင်လက်ရာများနှင့် ထူးထူးခြားခြား လက်ရာများစွာကို ပြပွဲအဖြစ် ပညာရှင်များ ကပြသသည်ကိုလည်း မြင်တွေ့ရလေ့ရှိပါသည်။ယင်းသည် တရုတ်နိုင်ငံ၏ ထင်ရှားသော စာပေယဉ်ကျေးမှုဆိုင်ရာ မှတ်တိုင်တစ်ခုလည်းဖြစ်ပါသည်။

           ၂။ Ningbo Historic Museum

စာရှုသူတို့အတွက် နောက်ထပ်ဖော်ပြလိုသည်မှာ အကယ်၍ သင်သည် သမိုင်းနှင့် အနုပညာကို စိတ်ဝင်စားသူများဆိုလျှင် နံပတ် (၂) အဖြစ် ဖော်ပြမည့် နင်ပေါသမိုင်းပြတိုက် (Ningbo Historic Museum) သည် စိတ်ဝင်စားမှုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။အဆောက်အဦထဲတွင် ကြွေထည်များ၊ ကြေးဝါများနှင့် ရှေးဟောင်းပန်းပုများအပါအဝင် အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းများအား ကျယ်ဝန်းစွာ ခင်းကျင်းပြသထားပါသည်။

           ၃။ Moon Lake

ဆိုခဲ့သည့်အတိုင်း အာရှအားကစားပြိုင်ပွဲ ကျင်းပရာ မြို့များသည် ခရီးသွားဆွဲဆောင်မှုရှိသည့်နေရာများအား ရွေးချယ်ထားပုံရပါသည်။ယခုလည်း ယခင်ကတင်ပြခဲ့သည့် ဟန်ကျိုးမြို့အပြင် ယခုဖော်ပြလျက်ရှိသည့် နင်ပေါမြို့တွင်လည်း များစွာနေသော ခရီးသွားတို့အကြိုက် နေရာများရှိနေသည်။နံပတ် (၃) လရေကန် (Moon Lake) အကြောင်းကိုကြည့်လျှင် ခရီးသွားများအတွက် လှပသော ရေကန်တစ်ခုဖြစ်ပြီး အပန်းဖြေလမ်းလျှောက်ခြင်းနှင့် လှေစီးရန် အခွင့်အလမ်းများရှိပါသည်။ကန်သည် ကြည်နူးပြီး နှစ်လိုဖွယ်ကောင်းသော နေရာတစ်ခုဖြစ်ပြီး ယင်းကန်သည် ရှေးကျသော ကန်တစ်ကန်လည်းဖြစ်ပါသည်။

အနီးဝန်းကျင်ရှိ တံတားမှာတော့ ရှေးတရုတ်မင်းဆက်များမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ကန်ပတ်လည်တွင် လှပသော ဥယျာဉ်များနှင့် ပန်းခြံများရှိပြီး အပန်းဖြေအနားယူရန်နှင့် ရှုခင်းများကိုခံစားရန် နေရာကောင်းတစ်ခုဟု ဆိုကြပါသည်။

           ၄။ Dongqian Lake

သဘာဝထဲ စီးမြောချင်သူများအတွက်တော့ နင်ပေါက တကယ်ကို စိတ်အပန်းပြေစေနိုင်သည်ဟု ဆိုနိုင်ပါသည်။နင်ပေါတွင် သဘာဝကို နှစ်သက်သူများအတွက် Dongqian Lake ဟူသည့် ကျယ်ပြောလှသည့် ရေကန်ကြီးလည်း ရှိနေပြန်ပါသည်။၎င်း၏ မျက်နှာပြင်ဧရိယာသည် ဟန်ကျိူး၏ အနောက်ရေကန်ထက် သုံးဆမှ လေးဆပိုကြီးပြီးလှပသော ရှုခင်းများကြောင့် ဓာတ်ပုံအလှ ရိုက်ကူးချင်သူများအတွက်လည်း နေရာကောင်းတစ်ခုဖြစ်ပါသည်။ရေကန်ကို လှည့်ပတ်ကြည့်ရှုခြင်းဖြင့် သဘာဝအငွေ့အသက်များခံစားရမည်ဖြစ်ပြီး ကမ်းခြေတစ်လျှောက်ရှိ သာယာလှပသော ရေကန်နှင့် တောင်တန်းရှုခင်းများကလည်း လတ်ဆတ်သောလေနှင့်အတူ အေးအေးဆေးဆေး ခံစားလည်ပတ်နိုင်မည်ဖြစ်ပါသည်။ထို့အပြင် အနီးဝန်းကျင်မှ ဒေသခံတို့၏ ရွာများကိုလည်း လည်ပတ်ရှုစားနိုင်မည်ဖြစ်ပါသည်။

           ၅။ Romon U-Park

ခရီးသွားတို့သည် နင်ပေါ၏ သဘာဝကိုခံစားရင်း ငြီးငွေ့သလိုဖြစ်လာလျှင် တစ်ဖန်ပြန်လည်ခံစားနိုင်သည်မှာ မြို့ပြအငွေ့အသက်နှင့်ရှိနေသည့် အကြီးဆုံး မြို့ပြမိုးလုံလေလုံ အပန်းဖြေဥယျာဉ်များထဲမှတစ်ခုအဖြစ်သည့် Romon U-Park ကလည်း အဆင်သင့်ရှိနေပါသည်။

တရုတ်နိုင်ငံ၊ နင်ပေါတောင်ဘက်တွင် တည်ရှိပြီး စတုရန်းမီတာ ၂၀၀,၀၀၀ ကျယ်ဝန်းသော အပန်းဖြေဥယျာဉ်သည်  ၅၇.၄ မီတာမြင့်သော မိုးလုံလေလုံပန်းခြံနှင့် ပြင်ပပန်းခြံ “Legends Island” တို့ ရှိပါသည်။စုစုပေါင်းကုန်ကျစရိတ် ယွမ် ၃ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ထားသော ယင်းအပန်းဖြေဥယျာဉ်တွင် အထူးစားသောက်ဆိုင် ၃၀ နှင့် အထင်ကရနေရာများစွာရှိနေပြီး  အာရှအားကစားပွဲတော်အတွင်း လာရောက်သူများတွင် မိသားစုလိုက် ကလေးငယ်များနှင့် လာရောက်သူများအတွက် အထူးသင့်တော်သည့်နေရာ ဖြစ်လာနိုင်ပါသည်။

အပိုင်း (၄) အား ဆက်လက်ဖော်ပြပါမည်။

မိုးသား