【 နိုင်ငံတကာဆောင်းပါး 】 အန်ဟွေးပြည်နယ်က မဟာတူးမြောင်း ပြတိုက်များ

【 နိုင်ငံတကာဆောင်းပါး 】 အန်ဟွေးပြည်နယ်က မဟာတူးမြောင်း ပြတိုက်များ

တရုတ်ပြည်ရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ရေလမ်းကြောင်းကနေ ဆက်သွယ်ပေးထားသော လူလုပ် မဟာတူးမြောင်းကြီးဟာ ကမ္ဘာ့အမွေနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကနေ ယနေ့အထိ တည်ရှိနေတဲ့ မဟာတူးမြောင်းကြီးကတော့ တရုတ်နိုင်ငံရဲ့ (၄၆) ခုမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။

မဟာတူးမြောင်းကြီးဟာ တရုတ်ပြည်တောင်ပိုင်း၊ ဟန်ကျိုးမြို့မှ စတင်ပြီး မြောက်ပိုင်း ပေကျင်းမြို့တော်တွင် အဆုံးသတ်သောကြောင့် ကျင်း-ဟန် မဟာတူးမြောင်းကြီးလို့ ခေါ်ဆိုကြပါတယ်။

မဟာတူးမြောင်းကြီးရဲ့ ရှေးအကျဆုံးအပိုင်းကိုတော့ ဘီစီ ၅၀၀ ခုနှစ်ဝန်းကျင်ကတည်းက တည်ဆောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ဆွေ့မင်းဆက်လက်ထက်တွင် တရုတ်ပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ရေကြောင်းမှ ချိတ်ဆက်နိုင်ရန်အတွက် မဟာစီမံကိန်းကြီးတစ်ခုအဖြစ် စတင်ဖောက်လုပ်ခဲ့တာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မဟာတူးမြောင်းကြီးကို ဘီစီ ၅၀၀ ခုနှစ်ဝန်းကျင်ကတည်းက ဖောက်လုပ်တည်ဆောက်ခဲ့ပြီး အသုံးပြုခဲ့သည်မှာ ယနေ့အချိန်ထိဆိုလျှင် နှစ် ၂၅၀၀ ဝန်းကျင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။ဒါကြောင့် နှစ်ပေါင်းရှည်ကြာတည်ရှိခဲ့တဲ့ မဟာတူးမြောင်းကြီးနှင့်ပတ်သက်ပြီး အန်းဟွေးပြည်နယ်ထဲမှာလည်း ဆစ်ကောင်တီ မဟာတူးမြောင်းကြီးပြတိုက်နှင့် စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက်တို့မှာ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

ဆစ်ကောင်တီ (Si) စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက်မှာ မဟာတူးမြောင်းကို အဓိကအကြောင်းအရာအဖြစ် ထားရှိပြီး ပြတိုက်ကို အပေါ်ထပ်နှင့် အောက်ထပ် နှစ်လွှာခွဲထားပြီး အဖြူရောင်နံရံ၊ အနက်ရောင် အုတ်ကျွတ်ပြားအမိုးနှင့် တံစက်မြိတ်တစ်ထပ်တည်းရှိသော မြင်းမိုရ်ပိတ်လျှောစောက် ခေါင်မိုးတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အဆောက်အဦတစ်ခုလုံး၏ ဗိသုကာဒီဇိုင်းမှာ စွေထန်မင်းဆက်ခေတ်ပုံစံဖြစ်ပါတယ်။

အတွင်းပိုင်းတွင် “စွေထန်မင်းဆက်ခေတ် မူဟန်” ၊ “လူလုပ် မြစ်ချောင်း” ၊ “ရေကြောင်းလမ်းဖွံ့ဖြိုးမှု” ၊ “တောင်မြောက်ရှေးဟောင်းအငွေ့အသက်” နှင့် “တစ်ဖန်မဟာတူးမြောင်း” ဟူ၍ ပြခန်း (၅) ခန်း ဖွဲ့စည်းထားပြီး ရှေးဟောင်း မဟာတူးမြောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြားကို ပြသထားကာ ရှေးဟောင်း ဆစ်ကျိုးဒေသ (Sizhou) ၏ ကြွယ်ဝနက်ရှိုင်း၍ ခမ်းနားထည်ဝါသော သမိုင်းဝင်ယဉ်ကျေးမှု ဖွဲ့စည်းဖြစ်တည်မှုကိုလည်း ပေါ်လွင်စေပါတယ်။

နောက်ထပ်ပြတိုက်တစ်ခုဖြစ်တဲ့ စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်းပြတိုက်ကိုတော့ ၁၉၇၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကျယ်ဝန်းသည့် ဒေသဆိုင်ရာ အထွေထွေပြတိုက်ဖြစ်ပါတယ်။ပြတိုက်အတွင်းမှာ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ အရေအတွက် သောင်းချီ၍ စုဆောင်းသိမ်းဆည်းထားပြီး မဟာတူးမြောင်း၏ ရှေးဟောင်းအငွေ့အသက်များရှိသော ပြခန်းပါဝင်ပါတယ်။နစ်မြုပ်ခဲ့သော ထန်မင်းဆက်ခေတ် သင်္ဘောနှင့် စွေထန်မင်းဆက်ခေတ် မဟာတူးမြောင်း၏ ဟွိုင်ပေမြို့ (Huaibei)၊ လျိုဇင်း (Liuzi) ရှေးဟောင်းအမွေအနှစ်နေရာမှ တူးဖော်ရရှိခဲ့သော  သမိုင်းဝင်အမွေအနှစ်များကို ပြသထားပါတယ်။

လျိုဇင်း ရှေးဟောင်းအမွေအနှစ်နေရာကို မူလပုံစံအတိုင်း ပြန်လည်ပြုလုပ်ထား၍ ကြည့်ရှုသူများအနေဖြင့် သမိုင်းဝင်အမွေအနှစ်များကို တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်နေရာများသို့ ကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားရမှာဖြစ်ပါတယ်။

မဟာတူးမြောင်းကြီးဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုအနေဖြင့် တရုတ်နိုင်ငံ၏ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းနှင့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဂုဏ်ရှိန်မြင့်မားရေးတို့အတွက် ခမ်းနားထည်ဝါသော ပုံရိပ်များကို ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။

ခန့်မောင်