【 နိုင်ငံတကာဆောင်းပါး 】 အရှေ့တိုင်း၏ ပြတိုက်မြို့တော်

【 နိုင်ငံတကာဆောင်းပါး 】 အရှေ့တိုင်း၏ ပြတိုက်မြို့တော်

တရုတ်နိုင်ငံထဲမှာရှိတဲ့ ဟယ်နန်ပြည်နယ်ဆိုတာက သမိုင်းကြောင်းရှည်ကြာပြီး ယဉ်ကျေးမှုလေးနက်ကြွယ်ဝသော ဒေသတစ်ခုဖြစ်ပါတယ်။
 
ဟယ်နန်ပြည်နယ်ထဲမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော လော့ရန်မြို့ (Luoyang) မှ လုံမိန်ကျောက်လိုဏ်ဂူ (Longmen Grottoes)၊ အန်းယန်ရှေးဟောင်းမြို့တော် (Anyang) မှ ရင်းရွှီး (Yinxu) ရှေးဟောင်းနေရာ၊ တိန်းဖုန်းမြို့ (Dengfeng) မှ “မိုးနှင့်မြေ၏ အလယ်ဗဟို” သမိုင်းဝင်အဆောက်အဦအစုအဝေး၊ မဟာတူးမြောင်းကြီး၏ ဟယ်နန်အပိုင်းနှင့် ပိုးလမ်းမကြီး၏ ဟယ်နန်အပိုင်းတို့ရှိကြပါတယ်။
 
“ကွန်ဖူးပညာမှာ ပထမ၊ ရှောင်လင်ကျောင်းတော်က” ဟူ၍ ရှောင်လင်သိုင်း၏ လွှမ်းမိုးကြီးစိုးမှုသဘောနှင့် ချန်မျိုးနွယ် (Chen) ထိုက်ကျီသိုင်း၏ Yin နှင့် Yang (သဘာဝ၏ ဆန့်ကျင်ဘက်တရား) တို့ရှိ သဟဇာတဖြစ်မှု သဘောများကလည်း အဲဒီဒေသတွင် အပြန်အလှန်သက်ရောက်ကာ တစ်ခုနှင့် တစ်ခု ထင်ဟပ်ပေါ်လွင်နေပါတယ်။  
 
ဒါ့အပြင် ရှေးခေတ်ယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တို့၏ ကွဲပြားမှုများကိုလည်း အဲဒီဒေသတွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
 
ဟယ်နန်ပြည်နယ် (Henan) အတွင်းမှာရှိတဲ့ လော့ရန်မြို့ (Luoyang) ဟာလည်း တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့ တော်ကြီး (၄) မြို့အနက်မှ တစ်ခုဖြစ်ပါတယ်။အဲဒီမြို့ဟာ သမိုင်းကြောင်း ရှည်ကြာကာ စားကောင်းသောက်ဖွယ်နှင့် ရှုခင်းအလှများ ကြည့်မကုန် ရှုမဆုံးနိုင်လောက်အောင်ပင် များပြားစုံလင်လှသလို ယဉ်ကျေးမှုအမွေအနှစ်တွေပေါများတဲ့ ဒေသဖြစ်ပါတယ်။
 
တရုတ်နိုင်ငံ၏ အကောင်းဆုံး ဗုဒ္ဓဘာသာ ကျောက်ပန်းပုအနုပညာလက်ရာဖြစ်သော လုံမိန် (Longmen) ကျောက်လိုဏ်ဂူကို လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်ခန့်က စတင်တည်ဆောက်ခဲ့ကာ သမိုင်းတစ်လျှောက် အခက်အခဲများစွာ ဖြတ်သန်းလာခဲ့သည့်တိုင်အောင် တရုတ်နိုင်ငံယဉ်ကျေးမှု၏ အဖိုးတန်ရတနာအဖြစ် ဆက်လက်ဖြစ်တည်နေဆဲဖြစ်ပါတယ်။ဒါကြောင့် လော့ရန်မြို့ကို “အရှေ့တိုင်း၏ ပြတိုက်မြို့တော်” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြပြီး ပြတိုက်ပေါင်း (၁၀၀) ကျော် ဖွင့်လှစ်ပြသထားပါတယ်။
 
လော့ရန်မြို့မှာ မြင်းဖြူကျောင်းလို့လည်း နာမည်ကျော်တဲ့ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံလေးနိုင်ငံရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ တည်ရှိတဲ့ နေရာလည်းရှိပါသေးတယ်။မြင်းဖြူကျောင်းတော်ကို လော့ရန်မြို့မှာ အေဒီ ၆၈ မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းကားလာပြီးနောက် အစိုးရက ပထမဆုံးတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းလည်းဖြစ်ပါတယ်။
 
မြန်မာနိုင်ငံက ကုန်ကြမ်းပစ္စည်းတွေ၊ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အလှူငွေတွေနဲ့တည်ဆောက်ထားတဲ့ မဟာစိနပဘာစေတီတော်ဟာလည်း လော့ရန်မြို့က မြင်းဖြူကျောင်းဝန်းကြီးထဲမှာ တည်ရှိတာဖြစ်ပါတယ်။
 
ဒါ့အပြင် စွေထန်မဟာတူးမြောင်း၏ အချက်အချာမြို့ဖြစ်သော လော့ရန်မြို့ (Luoyang) ဟာ အာရှအလယ်ပိုင်းနှင့် ဥရောပတိုက်တို့ကို ချိတ်ဆက်ဆက်သွယ်ပေးထားတဲ့ ပေါင်းကူးတံတားနှင့် ဗဟိုဆုံချက်နေရာ တစ်ခုဖြစ်ပြီး အရှေ့တိုင်းပိုးလမ်းမကြီး၏ အစပြုရာနေရာ ဖြစ်လာပါတယ်။
 
လော့ရန်မြို့ဟာ မဟာတူးမြောင်းကြီးလမ်းကြောင်းတစ်လျှောက်ရှိ အချက်အချာမြို့ဖြစ်သည့်အလျောက် ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးရှိစွာအသုံးချရေးတို့ကို ပိုမိုအလေးထားဆောင်ရွက်၍ “မဟာတူးမြောင်းကြီး ထိန်းသိမ်းစီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံချက်” စသည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသတ်မှတ်ခဲ့ပြီး စွေထန်မဟာတူးမြောင်းယဉ်ကျေးမှုပြတိုက်၊ ရိက္ခာသိုလှောင်ခန်းပြတိုက်နှင့် မဟာတူးမြောင်းကြီး အမျိုးသားယဉ်ကျေးမှုဥယျာဉ်တို့ကို တည်ဆောက်ဖွင့်လှစ်ခဲ့ကာ နှစ်ထောင်ချီကြာ သမိုင်းသက်တမ်းရှိ ရှေးဟောင်းမြို့တော်ရဲ့ ခမ်းနားထည်ဝါမှုများကိုလည်း ကမ္ဘာကြီးကို လှစ်ဟပြသလျက်ရှိပါတယ်။
 
ဒါ့အပြင် လော့ရန်မြို့ဟာ တရုတ်နိုင်ငံအလယ်ပိုင်းဒေသရှိ အရေးပါသော စက်မှုမြို့တော်တစ်ခု လည်းဖြစ်ပြီး ပထမဦးဆုံး ထွန်စက်စတင်ထုတ်လုပ်နိုင်ခဲ့မှုမှ အစပြု၍ ယနေ့ခေတ် 5G ကွန်ရက်နှင့် မောင်းသူမဲ့ထွန်စက်များအထိ တီထွင်ဖန်တီးနိုင်ခဲ့ခြင်းတို့သည် လုံ့လဝီရိယရှိသော လော့ရန်မြို့သူမြို့သားတို့၏ အမြဲမပြတ် ကြိုးစားအားထုတ်မှုနှင့် ဆန်းသစ်တီထွင်လိုမှု စိတ်ဓာတ်တို့ကို သက်သေပြနေပါတယ်။
 
ခန့်မောင်