【 နိုင်ငံတကာဆောင်းပါး 】 အာဖရိကကို အတုယူဖွယ်ဖြစ်စေတဲ့ တရုတ်ရဲ့ ဂေဟဗေဒ ယဉ်ကျေးမှု တိုးတက်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 အာဖရိကကို အတုယူဖွယ်ဖြစ်စေတဲ့ တရုတ်ရဲ့ ဂေဟဗေဒ ယဉ်ကျေးမှု တိုးတက်ခြင်း

လှပတဲ့ တရုတ်နိုင်ငံကို တည်ဆောက်ခြင်းဆိုတာဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်နုပျိုရေးတို့မှာ အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဂေဟဗေဒနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ညီလာခံမှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ အရည်အသွေးမြင့် ဂေဟဗေဒပတ်ဝန်းကျင်နဲ့အတူ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ပံ့သင့်ကြောင်းနဲ့ လူသားနဲ့ သဘာဝအကြား ဟန်ချက်မျှစွာ အတူယှဉ်တွဲနေထိုင်တဲ့ ခေတ်မီတိုးတက်မှုကို တွန်းအားပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။  

တရုတ်ရဲ့ ဂေဟဗေဒ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှာ သိသာတဲ့အောင်မြင်မှုတွေရခဲ့သလို ရာသီဥတုအကျပ်အတည်းတွေ ကြုံတွေ့လာတာနဲ့အမျှ ဒီအောင်မြင်မှုတွေကလည်း အရေးပါလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိတဲ့ တရုတ်နိုင်ငံရဲ့ ဂေဟဗေဒ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အာဖရိကတိုက်နဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာသော ကောင်းမွန်တဲ့ လက်တွေ့အသုံးချခြင်းများ ရှိနေတာဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာလည်း လူသားနဲ့ သဘာဝကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ မူဝါဒတွေ မဟာဗျူဟာတွေရှိမှသာ အကျိုးအမြတ်ရှိမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ တရုတ်ရဲ့ အရည်အသွေးမြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဟာ တီထွင်ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်ရေး၊ ညှိနှိုင်းရေး၊ စိမ်းလန်းရေး၊ တံခါးဖွင့်ရေးနဲ့ မျှဝေရေးတို့အပေါ်မှာ တည်ဆောက်လာတာဖြစ်ပါတယ်။

တရုတ်နဲ့ အာဖရိကတို့ဟာ စီးပွားရေးမဟာမိတ်တွေဖြစ်တာနဲ့အညီ အာဖရိကအနေနဲ့ ဂေဟဗေဒရဲ့ စီးပွားရေးအပေါ် သက်ရောက်တဲ့ တန်ဖိုးတွေကို အနီးကပ်သင်ယူနိုင်ခဲ့ပါတယ်။ဥပမာဆိုရင် သစ်တောများစွာနဲ့ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတဲ့ အာဖရိနိုင်ငံအများစုဟာ သစ်တောဆိုင်ရာ စီမံကိန်းများစွာကို လိုက်ပါလုပ်ဆောင်နေပြီဖြစ်ပါတယ်။  

အာဖရိကနိုင်ငံတွေဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုက သဘာဝပတ်ဝန်းကျင်ကို များစွာပျက်စီးစေမှာကို ဆယ်စုနှစ်ပေါင်းများစွာ ကြောက်ရွံ့ခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ တရုတ်ဟာ စီးပွားရေးတိုးတက်မှုနဲ့ သဘာဝနဲ့ လူမှုရေး၊ စီးပွားရေးဆိုတာဟာ ခွဲခြားထားလို့မရကြောင်း၊ စီးပွားရေးတိုးတက်မှုဟာ ဂေဟဗေဒစနစ်ကို ပျက်စီးစေမှာမဟုတ်ကြောင်းကို များစွာသော ဥပမာများကို ပြသခဲ့ပါတယ်။  

တရုတ်ဟာ စီးပွားရေးတိုးတက်မှု၊ လူမှုရေးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကြားမှာ ဟန်ချက်ညီနိုင်ပြီး တိုးတက်မှုလမ်းကြောင်းပေါ် ပြောင်းလဲနိုင်လိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စက်မှုတိုးတက်ရေးဟာ အာဖရိကအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။တရုတ်နဲ့ လက်တွဲလိုက်တဲ့အခါ ဒီလမ်းကြောင်းဟာ ရှေ့ဆက်မျှော်လင့်နိုင်တဲ့ လမ်းကြောင်းဖြစ်လာပါတယ်။တရုတ်ဟာ အာဖရိကကို အကြံဉာဏ်များပေးလျက်ရှိပြီး ကမ္ဘာ့တောင်ပိုင်းရှိ အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း ကူညီပေးနေတာရှိပါတယ်။  

တရုတ်ရဲ့ ၁၄ ကြိမ်မြောက် ငါးနှစ်တာအစီအစဉ်ဟာ အာဖရိကအတွက် စတင်ရမယ့် ခြေလှမ်းကောင်းဖြစ်ပါတယ်။ဒီကနေတစ်ဆင့် တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နဲ့ တန်ဖိုးကွင်းဆက်ရဲ့ မြင့်တက်မှုကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် တရုတ်ဟာ လျှပ်စစ်ယာဉ် (သို့မဟုတ်) သဘာဝပတ်ဝန်းကျင် အထောက်အကူပြုယာဉ်များကဏ္ဍမှာ ကမ္ဘာ့ခေါင်းဆောင်ဖြစ်ပြီး ကင်ညာကဲ့သို့သော အာဖရိကနိုင်ငံများကလည်း အတူယူပြီး ကာဗွန်ထုတ်လွှတ်မှု ပိုမိုနည်းပါးသော သယ်ယူပို့ဆောင်ရေးပုံစံများအဖြစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ပါတယ်။

ဇန်နဝါရီလအစောပိုင်းမှာ နိုင်ဂျီးရီးယားရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ လာဂိုစ်မှာ တရုတ်က တည်ဆောက်ထားတဲ့ လျှပ်စစ်စွမ်းအင်သုံး အမြန်ရထားစီမံကိန်းရဲ့ ပထမအပိုင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒါဟာ ခါးပတ်နှင့် လမ်း အစီအစဉ်ရဲ့ သမိုင်းဝင်တဲ့ အရေးကြီးစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

တရုတ်ရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စီးပွားရေးရဲ့ အဓိကသော့ချက်ကတော့ သဘာဝကို လေးစားတန်ဖိုးထားပြီး သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် အမျိုးသားမူဝါဒတွေ ချမှတ်ကာ ပတ်ဝန်းကျင်ကို အမြဲမပြတ်အကာအကွယ်ပေးနေမှုပဲဖြစ်ပါတယ်။  

ဂေဟဗေဒစနစ် ကာကွယ်ထိန်းသိမ်းခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုကို ဗဟိုပြုနိုင်မယ့် လိုအပ်နေတဲ့ ဂေဟဗေဒယဉ်ကျေးမှုစနစ် ထွန်းကားခြင်းအတွက် အရေးပါတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။အာဖရိကနဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အခြားသောကဏ္ဍတွေလိုပဲ ဒီကဏ္ဍဟာ နှစ်ဖက်စလုံးအတွက် အရေးကြီးပါတယ်။

တရုတ်နဲ့ အာဖရိကတို့ဟာ ကာလကြာရှည် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်တည်ဆောက်နေပြီး တရုတ်က အောင်မြင်စွာလျှောက်လှမ်းခဲ့သော ဂေဟဗေဒအထောက်အကူပြု ယဉ်ကျေးမှုထွန်းကားခြင်း လမ်းကြောင်းဟာလည်း အာဖရိကတိုက်အတွက် များစွာသော သင်ခန်းစာတွေကို ပေးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုကို အားထည့်နိုင်ဖို့ သီးသန့်ကျပြီး အခြေခံဖြစ်တဲ့ အမျိုးသားမူဝါဒတွေကို ချမှတ်နိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ ရည်မှန်းချက်ကြီးတဲ့ ရာသီဥတုဆိုင်ရာ ပန်းတိုင်တွေဟာ ပစ္စည်းဥစ္စာကုံလုံမှုနဲ့ လူမှုရေးအရ ဟန်ချက်ညီမှုတို့ကို ကတိကဝတ်ပြုပြီး တည်ဆောက်ထားတာဖြစ်ကာ အာဖရိကနိုင်ငံတွေအနေနဲ့ အခုအချိန်မှာ လိုလားတဲ့ လမ်းကြောင်းနဲ့ ကိုက်ညီနေတာကိုလည်း တွေ့ရပါတယ်။တရုတ်ရဲ့ အောင်မြင်မှုနမူနာကြောင့် လျစ်လျူရှုလိုက်နိုင်တဲ့ ငြင်းခုံမှုရှိနေပါတယ်။ဆိုလိုတာကတော့ ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးထဲက တစ်ခုကိုပဲ မဖြစ်မနေ ရွေးချယ်ရတော့မယ့် အခြေအနေမျိုး မဟုတ်တော့ပါဘူး။တရုတ်ရဲ့ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု မူဝါဒတွေဟာ ရာသီဥတုဖောက်ပြန်မှု ကပ်ဘေးကို တားဆီးပြီး ကမ္ဘာမြေကြီးကို ကာကွယ်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ မမျှော်လင့်ထားတဲ့ စီးပွားရေးတိုးတက်မှုကိုလည်း ဆောင်ကြဉ်းပေးနိုင်တာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု အုပ်ချုပ်မှုပုံစံမှာ တရုတ်ရဲ့လွှမ်းမိုးမှု၊ အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်းဒေသမှာ တရုတ်ရဲ့အခန်းကဏ္ဍဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဦးတည်ချက်မှန်စွာနဲ့ ရွေ့လျှားနေပါတယ်။

ဂေဟဗေဒ ယဉ်ကျေးမှု တိုးတက်ခြင်းမှာ ခေတ်သစ်တစ်ခုကို ရောက်လာပြီဖြစ်ပြီး အာဖရိကအတွက် တရုတ်ရဲ့ မူဝါဒကို အတုယူကာ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ချည်းကပ်နိုင်ရန် ပြန်လည်တွေးတောပြီး ပြန်လည်ပုံဖော်ရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။

စိုးနိုင်ထွန်း  
Ref - CMG | China's ecological civilization inspires Africa in green development