【 နိုင်ငံတကာဆောင်းပါး 】 ၁၉ ထပ်တိုက်ထဲက ဘူတာရုံလေး

【 နိုင်ငံတကာဆောင်းပါး 】 ၁၉ ထပ်တိုက်ထဲက ဘူတာရုံလေး

အထပ်မြင့်အဆောက်အဦတစ်ခုအတွင်း မီးရထားတစ်စီး ဖြတ်မောင်းသွားတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်တွေမှာ တွေ့ဖူးတဲ့သူတွေရှိကြမှာပါ။

အဲဒီနေရာကတော့ တရုတ်နိုင်ငံ၏ မြူနီစီပယ်အုပ်ချုပ်ရေး မြို့တော်တစ်ခုဖြစ်သော ချုံချင့်မြို့လေးမှာရှိတဲ့ လိကျီပ (Li Zi Ba) ဆိုတဲ့ ရထားဘူတာလေးပဲဖြစ်ပါတယ်။

ချုံချင့်မြို့ (Chongqing) ကတော့ တရုတ်နိုင်ငံအနောက်ပိုင်း၊ စီချွမ်ပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး ရှေးနှစ်ပေါင်း ၄၀၀၀ ကျော်ကပင် ပေါ်ထွန်းခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ချုံချင့်မြို့မှာရှိတဲ့ အဲဒီဘူတာလေးကိုတော့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ တရားဝင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဘူတာရုံဟာ ၁၉ ထပ်အမြင့်ရှိ လူနေအဆောက်အဦရဲ့ ခြောက်ထပ်မှ ရှစ်ထပ်ကြားမှာ တည်ရှိတာဖြစ်ပါတယ်။

လူနေအဆောက်အဦထဲမှာ ထည့်သွင်းဆောက်လုပ်ထားတာဖြစ်လို့ အနီးနားရှိ နေအိမ်များအတွက် ဘူတာရုံမှ ဆူညံသံများ မကြားရအောင်လည်း အထူးပြု ဆူညံသံလျှော့ချရေးစနစ်တွေကို တပ်ဆင်အသုံးပြုထားပါတယ်။

ချုံချင့်မြို့ဟာ သဘာဝတောတောင်ရေမြေများ ပတ်လည် ဝိုင်းရံနေပြီး မြစ်ချောင်းအသွယ်သွယ် လျှိုမြောင်အထပ်ထပ် ရစ်ပတ်လွှမ်းခြုံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပါတယ်။ချုံချင့်မြို့ရဲ့ မြေမျက်နှာသွင်ပြင်အနေအထားနဲ့ လမ်းတွေကလည်း တခြားမြို့တွေနဲ့မတူဘဲ ထူးခြားလှတာကြောင့် မြစ်တွေကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ တံတားတွေ လမ်းတွေကလည်း အများကြီးရှိသလို လှေခါးအတက်အဆင်း နေရာတွေကလည်း များစွာတည်ရှိနေပါတယ်။

အဲဒီလိုမျိုး မြေ အနိမ့်၊ အမြင့် မတူညီမှု များပြားတာကြောင့် ရထားလမ်းဟာ အထပ်မြင့်အဆောက်အဦရဲ့ အလယ်ကနေ ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့် Li Zi Ba ဘူတာက ပုံမှန်ထက် ထူးခြားနေတာဖြစ်ပါတယ်။

အထပ်မြင့်အဆောက်အဦရဲ့ အလယ်မှာ ရထားလမ်းရှိပြီး ရထားလမ်းရဲ့အပေါ်မှာ လူနေတိုက်ခန်းတွေရှိသလို ရထားလမ်းရဲ့အောက်က ဈေးဆိုင်ခန်းတွေလည်းရှိပါတယ်။

မိုးမျှော်တိုက်များအပြည့်ဖြင့် တည်ဆောက်ထားသော ပထမဆုံးဘူတာရုံအဖြစ် စတင်တည်ထောင်ချိန်မှစ၍ ကမ္ဘာပေါ်တွင် ဂုဏ်ပြုခံရကာ လူသိများလာခဲ့တာဖြစ်ပါတယ်။

ဒီလိုထူးခြားမှုတွေ ပြည့်နှက်နေတဲ့ လိကျီပ (Li Zi Ba) ကို လာရောက်လည်ပတ် ရထားလိုက်စီးကြသလို အထပ်မြင့်တိုက်ထဲကနေ မီးရထားထွက်လာတဲ့အချိန်၊ အထပ်မြင့်တိုက်ထဲကို မီးရထားကြီးဝင်သွားတဲ့အချိန်တွေမှာ ဗွီဒီယိုတွေရိုက်ကြတဲ့အတွက် ခရီးသွားတွေ မဖြစ်မနေလာရောက်ကြတဲ့ နာမည်ကျော်နေရာတစ်ခု ဖြစ်နေပါတယ်။

ခရီးသွားတွေအနေနဲ့ ကိုယ်စီးနေတဲ့ ရထားကြီးက အထပ်မြင့်တိုက်ထဲကို ဝင်သွားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်ကို ရချင်တာကြောင့်လည်း ချုံချင့်မြို့ကို ရောက်တဲ့အခါ မဖြစ်မနေ လိကျီပ (Li Zi Ba) ကို သွားရောက်လေ့ရှိကြပါတယ်။

အလားတူ ချုံချင့်မြို့ရဲ့ ညမြင်ကွင်းတွေကလည်း ခမ်းနားလှပြီး နာမည်ကြီးစားစရာ မာလာဟော့ပေါ့ကလည်း လာရောက်လည်ပတ်သူများကို ထိုမြို့မှ မပြန်ချင်လောက်အောင်ကိုပင် ဆွဲဆောင်နေပါတယ်။

ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများနှင့် လည်ပတ်စရာ နေရာများစွာရှိနေတာကြောင့် ချုံချင့်မြို့ဟာ ခရီးသွားတွေ နှစ်သက်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

Li Zi Ba ဘူတာရုံကလည်း နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားတွေကို ဆွဲဆောင်နေပါတော့တယ်။

ခန့်မောင်