【 နိုင်ငံတကာဆောင်းပါး 】Two Session ဆွေးနွေးပွဲများထဲက တရုတ်၏ ရည်မှန်းချက်

【 နိုင်ငံတကာဆောင်းပါး 】Two Session ဆွေးနွေးပွဲများထဲက တရုတ်၏ ရည်မှန်းချက်

မတ်လ ၄ ရက်နှင့် ၅ ရက်က စတင်ကျင်းပခဲ့သည့် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC)အစည်းအဝေးများမှ မကြာမီပြီးဆုံးတော့မှာဖြစ်ပါတယ်။ ထိုအစည်းအဝေးနှစ်ရပ်မှာ ဆွေးနွေးခဲ့ပြီးသမျှနှင့် လုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများကိုကြည့်ပါက လာမည့်နှစ်၁၀၀ ကိုဆက်ဦးဆောင်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ အစီအမံများကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မတ်လ ၅ ရက်က ဖွင့်လှစ်ခဲ့သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာကို တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးကိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။  ထိုအစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်အတွင်း လွန်စွာရခဲသော တရုတ်နိုင်ငံ၏ အောင်မြင်မှုသစ်များကို တင်ပြခဲ့တာကိုတွေ့ရပြီး ဒီထဲမှာ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၂.၀၆ သန်း တိုးများလာကာ ပြည်သူလူထုများ၏ စားသုံးမှု ကုန်ဈေးနှုန်းများသည် ၂ ရာခိုင်နှုန်း တိုးမြင့်လာတာကို ပြောခဲ့ပါတယ်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၅.၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျီဒီပီ စုစုပေါင်းပမာဏမှာ ယွမ် ၁၂၁ ထရီလီယံ အထိ တိုးလာတာကို တင်ပြခဲ့ပါတယ်။ ဒါဟာ တရုတ်စီးပွားရေးအင်အား ထင်ရှားစွာတိုးမြင့်လာတာဖြစ်ပါတယ်။ အစီရင်ခံစာအရ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို ဆက်တိုက်ဇောက်ချလုပ်ကိုင်ခဲ့လို့ နောက်ပြီး Belt and Road နဲ့အတူ တည်ဆောက်ရေးလုပ်ငန်းကို  ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့လို့ တရုတ်နိုင်ငံရဲ့ ကုန်စည်သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ထရီလီယံ၄၀ ကျော် ရှိခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုနဲ့ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုပမာဏက ကမ္ဘာ့ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။

ယခုနှစ်မှာ  တရုတ်ပြည် စီးပွားရေး တိုးတက်မှုနှုန်းရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းဝန်းကျင် ၊ မြို့ပြအလုပ်အကိုင်နေရာ ၁၂ သန်းခန့် တိုးတက်ရန်၊မြို့ပြ အလုပ်လက်မဲ့မှုနှုန်း ၅.၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိစေရန်၊ ပြည်သူလူထုများ၏ စားသုံးကုန် ဈေးနှုန်းတိုးနှုန်း ၃ ရာခိုင်နှုန်းတွင် ရှိစေရန် စသည့် အဓိကရည်မှန်းချက်များကို တရုတ်ဝန်ကြီးချုပ်လီခေ့ချန်က တင်သွင်းခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ်ရဲ့ ယခုနှစ်အတွက် လျာထားတဲ့ ရည်မှန်းချက်က နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာပါ။ 

လီခေ့ချန်တင်သွင်းတဲ့ အစီရင်ခံစာမှာ ဥပဒေနှင့်အညီ အရပ်ဘက်လုပ်ငန်းကုမ္ပဏီများ၏ ဓနပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေး၊ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ အမျိုးမျိုးသော ပိုင်ဆိုင်မှုစနစ် ဖြစ်သည့် လုပ်ငန်းကုမ္ပဏီများအတွက် တရားမျှတစွာ ယှဉ်ပြိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ စစ်မှန်တိကျထိရောက်သော မူဝါဒ ဆောင်ရွက်ချက်များဖြင့် ဈေးကွက်ခန့်မှန်းချက်နှင့် ယုံကြည်မှုများကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်းကို ဖော်ပြထားတာကိုတွေ့ရပါတယ်။

အစီရင်ခံစာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်အသုံးပြုမှုကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တံခါးဖွင့်ထားသည့် တရုတ်ဈေးကွက်ကြီးသည် နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါမည် ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ခွင့်ကို တိုးချဲ့ရမည် ဖြစ်ပြီး ခေတ်မီ ဝန်ဆောင်မှုနယ်ပယ်များတွင် တံခါးဖွင့်ရေးကို တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွင်းကုန်ပို့ကုန်၏ စီးပွားရေးအပေါ် အထောက်အကူပြုမှု အခန်းကဏ္ဍကို ဆက်လက်ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဆိုပါတယ်။

ဒီအစီရင်ခံစာဖော်ပြချက်ကိုကြည့်မယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်အလွန်ကမ္ဘာ့စီးပွားရေးနာလန်ထူရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတဲ့ တရုတ်စီးပွားရေးကို အာရုံစိုက်ထားတာကိုတွေ့ရသလို ပြည်တွင်း စားသုံးမှုမြင့်တက်လာရေးနဲ့ အလုပ်အကိုင်တိုးတက်ရရှိရေးကိုပါ အထူးဂရုပြုထားတာကိုတွေ့ရပါတယ်။ဒါအပြင် ပြီးခဲ့တဲ့နှစ်တွေမှာ တောက်လျှောက် တင်းမာမှုဖြစ်နေခဲ့တဲ့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီးလည်း ဒီအစီရင်ခံစာမှာ “ထိုင်ဝမ် သီးခြားတည်ရှိရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တိုးမြှင့်မယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီလိုတစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးလုပ်ဆောင်ရာမှာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှုငြိမ်းချမ်းစွာ တိုးတက်ရေးကို တွန်းအားပေးပြီး အမိနိုင်ငံ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စဉ်ကို တွန်းအားပေးမယ်လို့ ဆိုထားတဲ့အတွက် ဒါဟာ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံက ထင်မြင်နေမှုတွေကို ခွာချလိုက်တာပဲ ဖြစ်ပါတယ်။  

လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့အရေးတွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာကြာလေအရေးပါလာလေ ဖြစ်နေပါတယ်။ မေလ ၅ ရက်က လီခေ့ချန်တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ပါဝင်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံဟာ လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်တဲ့ ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးဖေါ်ဆောင်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ဦးလည်မသုန် လျှောက်လှမ်းသွားမယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။ ဒါဟာ လတ်တလောမှာ အကျပ်အတည်းတွေ့နေတဲ့ နိုင်ငံတကာတင်းမာမှုတွေမှာ တရုတ်က စားပွဲ၀ိုင်းဆီပြန်သွားဖို့ အဓိက တိုက်တွန်းတဲ့ နိုင်ငံဖြစ်နေတာ ဒီမူဝါဒကြောင့်ဆိုတာ မြင်သာအောင်ပြလိုက်သလိုပါဘဲ။

ဒါအပြင် ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးပြုသူနှင့် နိုင်ငံတကာ စည်းစနစ်၏ ထိန်းသိမ်းကာကွယ်သူအဖြစ် အစဉ်တစိုက် ဆောင်ရွက်နေကြောင်းကိုပါ တရုတ်ဝန်ကြီးချုပ်လီခေ့ချန်က တင်ပြခဲ့ပါတယ်။ ဒါဟာ စစ်မက်ပြိုင်ဖို့ ခေတ်ကွင်းပြင်နေကြတဲ့ ယခုကာလမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တတိယအင်အားစုတစ်ခုတရုတ်က ရပ်တည်နေတာဟာ ကမ္ဘာအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုကို ရလိုက်ခြင်းပါဘဲ။

ဒီအစည်းအဝေးကို လာတက်တဲ့နိုင်ငံတကာက တာဝန်ရှိသူတွေရဲ့စကားသံကိုကြည့်ရင်လည်း တရုတ်ရဲ့ လက်ရှိရပ်တည်မှုနဲ့ တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာအတွက်တည်ငြိမ်မှုနဲ့ ကမ္ဘာ့ဘုံသာယာဝ ပြောရေးကို မြှင့်တင်ပေးတယ်ဆိုတဲ့ ယူဆချက်ရှိနေတာကိုတွေ့ရပါတယ်။ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်း Robert Hormats ဆိုရင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုက  ကမ္ဘာ့အခြားဒေသများ၏ စီးပွားရေးတိုးတက်မှုအတွက် အားပေးထောက်ခံပြီး မြှင့်တင်စေကြောင်း ပြောကြားခဲ့တာကိုတွေ့ရပါတယ်။

အစည်းအဝေးမှာ တင်သွင်းတဲ့ ၂၀၂၃ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာမှာ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် လုပ်ငန်းအခြေခံမူကို စွဲကိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးလည်ပတ်မှု တစ်ခုလုံး နာလန်ပြန်ထူရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်မှုကို အရည်အသွေးအရ ထိရောက်စွာ မြှင့်တင်ခြင်း နှင့် ပမာဏအရ တရားနည်းလမ်းကျစွာ တိုးမြှင့်ခြင်းတို့ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားတာကို တွေ့ရပါတယ်။ဒီထဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်က ကျန်းစူးပြည်နယ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့ရဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာကို စိစစ်ဆွေးနွေးပွဲမှာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခေတ်မီ အင်အား တောင့်တင်းသော ဆိုရှယ်လစ်နိုင်ငံတော် ဘက်စုံတည်ဆောက်ရေးဆိုင်ရာ အဓိကလုပ်ငန်းတာဝန် ဖြစ်တယ်လို့ ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ရှီရဲ့ တရုတ်ပုံစံခေတ်မီရေးဟာ ကမ္ဘာအတွက် ထူးခြားတဲ့ အခင်းအကျင်းဖြစ်လာနေပါတယ်။ ယခု အစည်းအဝေးကို ဖိတ်ကြားချက်အရ လာတက်တဲ့ နိုင်ငံတကာသံတမန်တွေက တရုတ်ပုံစံ ခေတ်မီရေး၏ ဖွံ့ဖြိုး တိုးတက်ရေး အတွေ့အကြုံများကို နည်းယူပြီး တရုတ်နိုင်ငံ၏ ခေတ်မီအားကောင်းသောနိုင်ငံသို့ တက်လှမ်းနိုင်သော ဖွံ့ဖြိုးတိုးတက်ရေးသော့ချက်ကို စူးစမ်းလေ့လာရန် မျှော်လင့်ထားကြပါတယ်။ ဒါကို ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး Jaimeကပြောခဲ့ပါတယ်။

နိုင်ငံတကာကတော့ တရုတ် NPC နှင့် CPPCC အစည်းအဝေးတို့တွင် ထုတ်ပြန်မည့် မူဝါဒသစ်များ နှင့် ဆောင်ရွက်ချက်သစ်များကို စောင့်မျှော်နေကြပြီး ဒီအစီမံသစ်တွေ ၊မူဝါဒတွေကနေ ဘယ်လောက်ထိ ကမ္ဘာ့တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသက်ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။  

 လင်းသစ်အောင်