【 ရသဆောင်းပါး 】 မနက်ဖြန်ကို မုန်းသည်

【 ရသဆောင်းပါး 】 မနက်ဖြန်ကို မုန်းသည်

ငယ်စဉ်က တစ်ခုခုလိုချင်လို့ ပူဆာလိုက်တိုင်း အမေတို့ပြောလေ့ရှိတာက မနက်ဖြန်ဝယ်ပေးမည်ဆို သည့် စကားပင်ဖြစ်သည်။မနက်ဖြန်ဆိုတာ သေသေချာချာပင်မသိသည့်အရွယ်မှာ မနက်ဖြန်ကို မျှော်လာမိသည်။

ဒီတုန်းက အတန်းထဲက သူငယ်ချင်းက ရေမွှေးခဲဖျက် တပြပြနှင့် စာဖျက်လိုက် ခဲဖျက်ကိုမွှေးပြလိုက်နှင့်။ကိုယ်လဲ တောင်းပြီး မွှေးမွှေးကြည့်သည့် အခါ အဲဒီခဲဖျက်ကိုလိုချင်စိတ်က အရမ်းကိုဖြစ်သည်။ညနေဘက် ကျောင်းဆင်းတော့ ဒီရေမွှေးခဲဖျက်လိုချင်လို့ အမေ့ကိုပူဆာသည်။စွပ်ကျယ်စက်တွင် စက်ချုပ်သည့်အမေက မနက်ဖြန် အမေ အလုပ်ကပြန်လာလျှင် ဝယ်လာမည်ဟု။

ထိုညက တစ်ညလုံး အိပ်လို့မရ။နောက်နေ့ ကျောင်းတက်တော့ သူငယ်ချင်းကို ညနေ အမေဝယ်လာမှာကွ’ ဆိုပြီး သူခဲဖျက်ကို ကိုင်တောင် ကိုင်မကြည့်။ညနေကျောင်းဆင်းတော့ အိမ်ကိုအမြန်ရောက်ချင်စိတ်ဖြင့် အိမ်ကိုဒုန်းစိုင်းပြေးသည်။အိမ်နားရောက်လေ ခဲဖျက်ရတော့မည်စိတ်ဖြင့် ဝမ်းသာစိတ်က ရင်ထဲမှာပြည့်နေသည်။အိမ်နှင့် ကျောင်းက ယခုအရွယ်ပြန်ကြည့်လျှင့် သိပ်ဝေးသည်မဟုတ်။မြို့ထဲမှာဆို တစ်ဘလောက်သာသာ။အတော်လှမ်းသည်‌တော့မဟုတ်။သို့သော် ထိုအရွယ်က ကလေးခြေလှမ်းနှင့်ဆို အတော်လေးသွားရသည်။အိမ်အပြန်လမ်း ကိုယ်လိုချင်သည့် ခဲဖျက်ရတော့မည်ဆိုသည့် စိတ်ကြောင့် လမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးတွေ ရေအိုင်တွေက ရိပ်ကနဲရိပ်ကနဲကျန်ခဲ့အောင် ပြေးမိသည်။

အိမ်ရောက်တော့ အမေအလုပ်ကပြန်မရောက်သေး။ပြန်ရောက်ချိန်လည်း အမေကမရောက်။ဒီည စီမံကိန်းအထည်တွေဝင်လို့ နောက်ကျမည်ဟု။ထိုညက အမေကို ကျွန်တော် စောင့်အိပ်သည်။အမေပြန်လာလျှင် ခဲဖျက်ပါလာမည်ဟု ကျွန်တော့်အထင်ဖြင့်။ကျွန်တော် ဘယ်အချိန်အိပ်သွားလည်းမသိ။မနက်ကျ ကျွန်တော်နိုးတော့ အမေက အလုပ်သွားပြီ။ကျွန်တော့်စိတ်ထဲ အမေညက ဘာကြောင့် ခဲဖျက်မပေးတာလည်း မေ့သွားတာလားဟု အကြော်တစ်ဝက်နှင့် ထမင်းကြော်ဝါဝါကိုစားရင်း တွေးမိသည်။ကျောင်းသွားရမှာလည်း ခဲဖျက်မပါသဖြင့် မသွားချင်။

ကျောင်းရောက်တော့ ခဲဖျက်မပါသဖြင့် သူငယ်ချင်းမေးမှာကို စိုးရိမ်နေမိသည်။တစ်နေ့လုံးလည်း ညနေ အမေပြန်လာရင် ခဲဖျက်ပါကောလာပါ့မလားဆိုတာ တွေးမိသည်။ညနေကျောင်းဆင်းတော့ မနေ့ကလို အမေက ညအချိန်ပို။နောက်နေ့ မနက်နိုးတော့ အမေက အလုပ်ကိုသွား။ကျောင်းကို ကျွန်တော် နှုတ်ဆိတ်စွာနှင့် တရွေ့ရွေ့။အိမ်ကသူတွေကိုလည်း ကျွန်တော့် ခဲဖျက်အကြောင်းမမေးတော့။မနက်ဖြန်ဆိုတာ ရှောင်လွှဲခြင်းတစ်ခုဟု ငယ်စဉ်ကတည်းက ကျွန်တော်သင်ကြားခဲ့ရပြီဖြစ်သည်။မနက်ဖြန်ဆိုတာ မဖြစ်လာနိုင်သောအရာ၊ မရနိုင်သည့်အရာကို ရှောင်လွှဲဖို့ သုံးသည့်စကားဆိုတာ ငယ်စဉ် မူလတန်းကျောင်းသားအရွယ်ကတည်းက သိလာခဲ့သည်။

လူငယ်ဘ၀တစ်လျှောက်လုံး သူငယ်ချင်းများဆီမှ မနက်ဖြန်ဆိုတာတွေ အများကြီးကြားခဲ့ရသည်။မနက်ဖြန်တွေ့မည်။မနက်ဖြန်လာမည်။မနက်ဖြန်ပေးမည်။မနက်ဖြန်ဆုံကြတာပေါ့။မနက်ဖြန် သွားကြတာပေါ့။မနက်ဖြန်..မနက်ဖြန်..မနက်ဖြန်။ဆရာ၊ ဆရာမတွေဆီကလည်း မနက်ဖြန်တွေ အများကြီးကြားရသည်။မနက်ဖြန်စာမေးမည်။မနက်ဖြန် ဘုရားပန်းဖိုးကောက်မည်။မနက်ဖြန် ကျူရှင်လခ၊မနက်ဖြန် ကျောင်းစစ်ဆေးရေး..စသဖြင့်။မနက်ဖြန်ကို ပုံစံမျိုးစုံဖြင့်ကြားရသည်။အဓိပ္ပါယ်ရည်ရွယ်ချက်မျိုးစုံအတွက် ကြားရသည်။

သေသေချာချာ ကွဲကွဲပြားပြား သိသည်ကတော့ လူငယ်ဘ၀တွင်ကြားရသည့် မနက်ဖြန်များသည် ကိုယ်အဖို့ ဆုံးရှုံးရတာနှင့် ပြန်မရတော့သည့် ဆုံးရှုံးမှုများပင်ဖြစ်သည်။ထိုမှတစ်ဆင့် အရွယ်တစ်ခု ရောက်လာသည့်အခါမှာတော့ မနက်ဖြန်ဆိုတာ ပိုပြီးတွေ့ရမြင်ရဖန်များလာသည်။ချစ်ခြင်းမှ နာကြဉ်းခြင်းအထိ၊ တွေ့ဆုံခြင်းမှ ခွဲခွာကြခြင်းအထိ နယ်ပယ်မျိုးစုံ၊ နေရာမျိုးစုံ၊ အလုပ်မျိုးစုံနှင့် အခြေအနေမျိုးစုံတွင် တစ်ခုခုကိုရှောင်လွဲလိုသည့်အခါ ရင်မဆိုင်ရဲသည့်အခါ မဖြေရှင်းနိုင်သည့်အခါ မနက်ဖြန်ဆိုသည်မှာ လွတ်မြောက်ရာအချိန်တစ်ခု ကွန်ဖော့ဇုန်တစ်ခုဖြစ်လာခဲ့သည်။တကယ်‌တော့ မနက်ဖြန်ဆိုသည်မှာ အတိဒုက္ခရောက်နေသူတို့၏  အနာဂတ်ဟုဆိုရလေမလား။

မနက်ဖြန်ဆိုတာ လူတိုင်းရဲ့ မျှော်လင့်ချက်ဖြစ်သည်။မနက်ဖြန်တွက် အများကြီးဖြစ်နိုင်သည်။အများကြီးမျှော်လင့်နိုင်သည်။ရောခ့်အဆိုတော်ကြီးတစ်ယောက်က “ဒီလိုမြို့ပြညတွေ နှုတ်ဆက်လိုက် မနက်ဖြန်ရောက်လာမလား” ဟု မနက်ဖြန်ကို တမ်းတမ်းတတဆိုခဲ့သည်။မနက်ဖြန်ဆိုတာ အရွယ်အမျိုးမျိုး လူအဖုံဖုံအတွက် မဖွင့်ရသေးသည့် လက်ဆောင်တစ်ခု၊ လိုချင်နေသည့်အရာတွေရောက်လာမည်ဆိုသည့် မျှော်လင့်ချက်ပြည့်၀စေ သည့် အချိန်ကာလတစ်ခု။တကယ်ကော မနက်ဖြန်ဆိုတာ ကျွန်တော်တို့ရဲ့ဆန္ဒတွေ ပြည့်၀စေခဲ့တာရှိခဲ့ လားဆိုတာ မနက်ဖြန်ဆိုသည့် အချိန်းအချက်ကြားတိုင်း၊ အသံကိုကြားတိုင်းကျွန်တော်စောကြောမိသည်။မပြည့်၀သည်ကအမှန်။ဒါကို ကိုယ့်စိတ်ကိုယ်လှည့်စားမှုတွေနှင့် မနက်ဖြန်များစွာတွင် ကျွန်တော်တို့ကို ကျွန်တော်တို့ ပိတ်လှောင်ထားမိကြသည်။

တစ်ခါတစ်လေတော့ မနက်ဖြန်ဆိုတာ တွေးကြည့်ရုံနှင့် ရှင်သန်ဖို့ခွန်အားတွေ ရလာတတ်တာမျိုးလည်း ရှိသည်။စိတ်ပျက်အားလျော့ရတာမျိုးလည်း ဖြစ်သွားနိုင်သည်။တစ်ခုသော ရက်ကာလတစ်ခုတွင်  ကျွန်တော်ဆီ ပြင်းထန်သော အဖျားရောဂါကပ်ရောက်ခဲ့သည်။မအီမသာနေထိုင်ရသည့်အချိန်တွေ၊ နာကျင်ကိုက်ခဲရသည့်အချိန်တွေ၊ ခဲယဉ်းစွာအသက်ရှုဖို့ ကြိုးစားနေရသည့်အချိန်တွေကို ကြုံရသည်။တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်။လူလည်းဖျော့တော့တော့။စိတ်က နာမကျန်းနေသည့် ခန္ဓာမှခွာကာ ရောဂါဖြစ်နေမှု၊ ရောဂါ တိုးနေမှုကနေလွတ်မြောက်မည့် မနက်ဖြန်ဆိုသည့်နေ့ကို ရောက်နေမိသည်။အတွေးကလွတ်တော့ မနက်ဖြန်ကိုမျှော်ရင်း။ထိုအချိန်တွင် စဉ်းစားမိသည်က ငယ်စဉ်ကလို မနက်ဖြန်ဆိုတာကိုရောက်သည့်အခါ ရောဂါက တကယ်ကော ငါပျောက်ကော ပျောက်ပါ့မလားဆိုသည်ကိုပင်။

တကယ်တော့ မနက်ဖြန်ဆိုတာ ကမ္ဘာတစ်ခုဆိုလျှင် မနက်ဖြန်တွင် ကျွန်တော်တို့နားမလည်သောအရာ တွေ များစွာရှိလေသည်။ခြားနားသောအရာတွေ အမျိုးမျိုးရှိသည်။မနက်ဖြန်တွင် ချစ်ရသူဆီကနေ အဖြေရမည့်သူရှိနိုင်သလို မနက်ဖြန်တွင် လမ်းခွဲရဖို့ သူလည်းရှိနိုင်သည်။မနက်ဖြန်တွင် သေဒဏ်စီရင်ချက်ချခံရမည်ကို ကြောက်ရွံနေသည့်သူရှိသလို မနက်ဖြန်တွင် ရာထူးတိုးကြောင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသူလည်းရှိနိုင်သည်။မနက်ဖြန်တွင် ကျန်းမာလာနိုင်သည့်သူရှိနိုင်သလို မနက်ဖြန်တွင် သေဆုံးမည်သူတချို့လည်းရှိနိုင်သည်။မနက်ဖြန်ကြောင့် ကတိတည်သူနှင့် ကတိမတည်သူ၊ ကျန်းမာသူနှင့် မကျန်းမာသူ၊ ရှင်သူနှင့် သေသူ၊ ပျော်ရွှင်ရသူနှင့် မပျော်ရွင်ရသူ အမျိုးမျိုးကွဲပြားနိုင်သည်။

သို့သော် သေချာသည်က မနက်ဖြန်ဆိုတာ ကျွန်တော့်အတွက် မရေမရာ၊ ကျွန်တော်အတွက် မသေချာသည့် အနာဂတ်ကာလပင်ဖြစ်သည်။

မနက်ဖြန်တွင် ကျွန်တော်တို့အပေါ် ဖိစီးထားသည့်အရာများ ပြုတ်ကျသွားနိုင်သလို ဒီထက်လည်း ပိုလေးလံလာနိုင်သည်။ကျွန်တော်တို့၏ လွတ်လပ်မှုသည် မနက်ဖြန်တွင်ရှိသလို မနက်ဖြန်တွင် ပို၍ချုပ်နှောင်မှုကိုလည်း ခံလာရနိုင်သည်။မသေချာမရေရာသည့် မနက်ဖြန်ကိုတွေးပြီး ကျွန်တော်တို့ ဘာကြောင့်များ မက်မောနေသင့်ပါသလဲ။ဘာကြောင့်များ တပ်မက်နေကြပါသလဲ။

ကျွန်တော်ကတော့ မနက်ဖြန်ဆိုတာ မသိချင်တော့။လက်ရှိမှာပင် ကျွန်တော်တို့ရပ်တည်မှုက ပျောက်နေပြီမဟုတ်ပါလား။

လင်းနိုင်ကျော်စိုး
ဇူလိုင် - ၁၅