【 ရသ အက်ဆေး 】 တောင်ကုန်းပေါ်မှာ မိုးသားတွေရှိသည်

【 ရသ အက်ဆေး 】 တောင်ကုန်းပေါ်မှာ မိုးသားတွေရှိသည်

တောင်ပေါ်ကနေ မြင်ရသော အလင်းတန်းများအကြောင်းကို သိသူရှားလိမ့်မည်။အလင်းတန်းများက ကောင်းကင်တွင်မရှိ။မြေပြင်တောအုပ်ထဲ ဟိုတစ်စ ဒီတစ်စ။ရံဖန်ရံခါ အလင်းစများသည် မိုးကောင်းကင်ထက် ရောက်လာတတ်သည်။ထိုအရာများသည် တကယ်တော့ ပျောက်ဆုံးနေမူများကို ရှာဖွေနေခြင်းများသာ။
 
                                                          (၁)
 
ရန်ကုန်ကို ကျနော်ဆင်းလာခြင်းသည် ပျောက်ဆုံးနေသော ကျနော့်မျှော်လင့်ချက်ကို ရှာဖွေရန်သာဖြစ်သည်။သံတိုင်များ၊ ကြိုးများ၊ သင်တန်းများ၊ ထမင်းချိုင့်များ၊ ဘိလပ်မြေများ၊ စာရင်းဇယားများနှင့် ကျပ်သိပ်သော လိုင်းကားများကြား ကာလအတန်ကြာ ကျနော်ပျောက်ဆုံးနေပြီးနောက် အရာရာသည် နေသားကျလာသည်။ရေမစီးသော မြောင်းများ၊ လူမရှိသော အကြော်တဲများ၊ တံတားသံဘောင်များ၏ အောက်ဘက်များတွင်ရှိသော အမှိုက်များလို မထိချင် မတို့ချင်စရာ အရာများနှင့် တစ်သားတည်းဖြစ်လာသည်။ 
 
မျှော်လင့်ချက်သည် ထိုအရာများနှင့် နေ့စဉ်နေထိုင်မူ၏ ခပ်ဝေးဝေးတွင်ရှိနေသည်။ဆေးလိပ်တစ်လိပ်၊ ကျဆိမ့်တစ်ခွက်၊ ကိုငှက်၏ ဝေးသွားသောအခါနှင့်အတူ ကိုလှသန်း၏ ကဗျာများသည် နေ့စဉ် ကျနော်၏ ကိုယ်ပိုင်နိဗ္ဗာန်ကာလများဖြစ်ခဲ့သည်။တစ်ခါတရံ ဆိတ်ဆိတ်နေထိုင်ရသည့် အကြောက်တရားနေရာထိုင်ခင်းထဲ ကျနော့်ကိုယ်တိုင် မသိလိုက်စွာ ပျော်ဝင်နစ်မျောနေခဲသည်။တစ်ခါတစ်ရံ ဖြစ်တည်ချင်သည့် မျှော်လင့်ချက်များအကြောင်း တွေးမိသည့်အခါ တောင်ပေါ်ထိ ဖျပ်ခနဲရောက်လာသည့် အလင်းတစ်စလို ဖမ်းဆုပ်လို့မရအောင်ပင်။အရာရာသည် ယခုအခါ ကျနော်နှင့် မိုင်ပေါင်းများစွာ ဝေးသွားခဲ့ပြီဖြစ်သည်။
 
                                                          (၂)
 
ဖမ်းဆုပ်မရသော အရာများစွာအကြောင်း ကျနော်တို့ ငယ်စဉ်ကပင် သင်ခဲ့ရသည်။ရေများ၊ လေ များ၊ နေရောင်ခြည်များနှင့် ဒြပ်စင်များ။တချို့အရာများသည် မသင်ရဘဲ သိသော အရာများလည်းရှိသည်။နာကြည်းခြင်းများ၊ နာကျင်ခြင်းများနှင့် ခွဲထုတ်မရသော မျိုသိပ်ထားရသော စိတ်ခံသားမူများ။
 
အရာရာသည် လျင်မြန်စွာ အသားကျသွားမည်ဟု ကျနော်ယုံကြည်ခဲ့ဖူးသည်။ခြေများ လက်များ မြတ်နိုးအပ်သောအရာများ ဆွဲထုတ်ခံရသောအခါ ဘယ်သောအခါမှ အရင်တိုင်း ပြန်မဖြစ်တော့သည်ကို ဘဝနှင့်ဖြတ်သန်းမှုတို့နှင့်ရင်းကာ သိလာရသည်။
 
တောင်များ၏ ဟိုဘက်တွင် မြေပြန့်များရှိမည်ဟု ငယ်စဉ်ဘဝတစ်လျှောက်လုံး ယုံကြည်ထားခဲ့သည်။ကျယ်ပြန့်သော မြေပြင်တွင် လက်ဆန့်တန်းကာ မျက်စိမှိတ်ပြေးလွှားလို့ရသည့် မြေကြီးအပေါ် ယုံကြည်စိတ် တောင်ပေါ်မှာနေခဲ့သူများသာသိသည်။သို့သော် တောင်များ၏ ဟိုဘက်တွင် မိုးသားများကိုသာ မြင်ရသည့်အခါ စိတ်သည် ပင်ပမ်းနွမ်းနယ်ခြင်းအတိဖြစ်သည်။ရန်ကုန်သည် မိုးသားအတိပြီးသော အရပ်တစ်ခုဖြစ်​နသည်။
 
                                                          (၃)
 
မနက်ဖြန်များသည် ကျနော်တို့ မသင်ရသေးသော အကြောင်းအရာများဖြစ်သည်။ယနေ့သည် သင်နေဆဲ အကြောင်းအရာများဖြစ်သည်။မနေ့ကသည် သင်ခဲ့ဖူးသော အကြောင်းအရာများဖြစ်သည်။ပြန်စဉ်းစားကြည့်သောအခါ အရာရာသည် အသစ်အတိုင်းဖြစ်နေသည်။စာမကျေသော ကလေးတစ်ယောက်လို့ သင်ခန်းစာများကို ထပ်တလဲလဲ သင်ယူနေရသည်။ကျနော်တို့သည် မနာတတ်သောသူများလို .....။
 
ဘူတာပလက်ဖောင်းများ၊ ဆိုင်များ၏ အမိုးစွန်းများ၊ ခနော်နီခနော်နဲ့ လဘက်ရည်ဆိုင်များ၊ ခပ်ဆိတ်ဆိတ် အရက်ဖြူဆိုင်များ။ထိုသည်များမှာ  ဘဝနှင့် ကင်းကွာစွာနေရသူများ၏ စိတ်နှလုံးလဲလျောင်းရာ အရပ်ဒေသဖြစ်သည်။စိတ်များသည် ငြိမ်သက်စွာ အကြောင်းအရာတစ်ခုမှ တစ်ခုသို့ ကူးလူးကျက်စားဖို့ရာ အရာခပ်သိမ်းမလွယ်နိုင်။မြူကျနေ​သော မနက်ခင်းမျိုး တောင်ပေါ်တွင်သာရှိသည် မဟုတ်သလို မျှော်လင့်ချက်မဲ့နေသော မြင်ကွင်းမျိုးသည်လည်း ရန်ကုန်၏ အစွန်အဖျားတွင်လည်းရှိနိုင်သည်။ထိုသည်မှာ မိုးသားများ ထုနှင်ထည်နှင့် တည်ရှိနေသလို။
 
ကိုင်တွယ်ဖမ်းဆုပ်လို့ရသော အရာများသည် ထိန်းချုပ်ခံရမူအောက်တွင် အမြဲရှိနေတတ်သည်ကို ကျနော်တို့ သိတတ်ခဲ့ပြီးဖြစ်သည်။
 
လွတ်လပ်သောစိတ်ကမူ ထိန်းချုပ်နိုင်မှုကင်းစွာ။တောင်များပေါ်မှသည် မြေပြင်ထိ၊ မြစ်ချောင်းပေါင်းများစွာမှသည် ပင်လယ်ထိ။
 
ကျနော်တို့တွင် ဖမ်းဆုပ်မရသော အရာများရှိသည်ကို ကျနော်တို့သိချိန်တွင် အချိန်သည် များစွာနောက်ကျခဲ့လေပြီ။
 
လင်းနိုင်ကျော်စိုး