【 ‌ဆောင်းပါး 】 ကိုယ်သန်ရာကိုယ်ပြောကြသည်

【 ‌ဆောင်းပါး 】 ကိုယ်သန်ရာကိုယ်ပြောကြသည်

နွေရာသီ ကျောင်းပိတ်ရက်တွင် ခေါင်းရင်းဘက် အိမ်နီးချင်း လင်မယားနှစ်ယောက် သူတို့ သမီး ရှစ်တန်းကျောင်းသူကို ကျောင်းပိတ်ရက်အတွင်း ပညာရပ်တစ်ခုခုသင်ပေးဖို့ တိုင်ပင်ကြသည်။

သူ့အဖေက ကွန်ပျူတာသင်ရမည် ပြောတော့၊ သူ့အမေက အင်္ဂလိပ်စကားပြောသင်တန်း အရင်တက်လျှင် ပိုကောင်းမည် ပြောသည်။သူ့အဘွားက သူ့မြေးကို သိုးမွှေးထိုး သင်စေချင်သည်။

သူတို့ကလေးအတွက် တစ်ယောက် တစ်မျိုး ပြောနေကြသော်လည်း လဝက်ကျော်သည်အထိ ကလေးကို ဘာသင်တန်းမှ မပို့ဖြစ်ကြသေး။ကျွန်တော်လည်း လောလောဆည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာစာစီစာရိုက်အခြေခံ သင်ပေးလိုက်မည် ကျန်တာတွေ နောက်မှစဉ်းစားကြဟု ပြောလိုက်ရသည်။

လူများစုက ဒီလိုပါပဲ။ကိုယ့်စိတ်ကူးလေးနှင့်ကိုယ်ပေါ့။သို့သော်လည်း အတ္တက လိုတာထက် ပိုလာလျှင်တော့ တစ်ဖက်သား၏ စိတ်ကူးကို လုံးဝအသိအမှတ်မပြုကြ။ကိုယ့်အတွေး ကိုယ့်စိတ်ကူးကသာ အကောင်းဆုံးဟု ထင်တတ်လာသည်။

လူဆိုသည်က ကိုယ်မုန်းသောသူအပေါ်မှာ ကိုယ်ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဒုက္ခပေးတတ်သလို၊ ကိုယ်ချစ်သောသူအပေါ်ကျပြန်တော့လည်း ကိုယ်ဖြစ်စေချင်သည့် ဆန္ဒအတိုင်း အကြံပေးတတ်ချင်သည်။ကိုယ်ပြောတာ၊ ကိုယ်လုပ်တာမှ မှန်တယ် ထင်ကြသည်။စကားပြောလျှင်လည်း ကိုယ်သန်ရာ ကိုယ်ဆွဲပြောဆိုတတ်သည်။ကိုယ်နှင့် အယူအဆချင်း မတိုက်ဆိုင်လျှင် တစ်ဖက်လူကို မှားတယ် ထင်တတ်သည်။ကိုယ့်စေတနာသာမှန်သည်၊ ကိုယ့်အတွေးသာမှန်သည်ဟု ယူဆကြသည်။

တကယ်တော့ ကိုယ်တစ်ယောက်တည်း၏ အတွေးမှာတောင် ဖြစ်နိုင်ခြေတစ်ခုမက ရှိနေတတ်တာပါ။အမှန်ကိုရွေးနိုင်ရန် အချိန်ယူ၍ စိတ်အေးအေးထား စဉ်းစားပြီးမှ ဆုံးဖြတ်ရသည်။တစ်ခါတလေ တိုင်ပင်သင့်သည့်သူနှင့် ဆွေးနွေးတိုင်ပင်ရသေးသည်။သူတစ်ပါးစကား၊ သူတစ်ပါးလုပ်ရပ်ကို မှန်မှာပဲဟု အလွယ်တကူ လက်မခံသင့်သလို၊ ကိုယ့်အတွေးနှင့် မတူ၍လည်း အလွယ်တကူ မငြင်းသင့်ပါ။ဘယ်အရာမှ တစ်ထစ်ချမှန်သည်ဟု မယူဆဘဲ မိမိ၏ကိုယ်ပိုင်ဉာဏ်ဖြင့် အပြန်ပြန်အလှန်လှန် သေချာဆင်ခြင် သုံးသပ်ပြီးမှ လက်ခံသင့်ခံရမည်။ငြင်းပယ်သင့် ငြင်းပယ်ရမည်။

ငါးရာ့ငါးဆယ်နိပါတ်တော်လာ မာလုတဇာတ်မှ အမြင်ချင်းမတူ၍ ငြင်းခုံကြသော ကျားနှင့် ခြင်္သေ့အကြောင်း ပြောချင်ပါသည်။

ဘုရားလောင်း ရသေ့သည် တောတွင်း ကျောင်းသင်္ခန်းတစ်ခုတွင် သီတင်းသုံးနေသည်။ထိုတောအုပ်ထဲမှာပင် ကျားတစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်သည် မိတ်ဆွေဖြစ်ပြီး ဂူတစ်ဂူထဲတွင် အတူနေသည်။

တစ်နေ့တွင် ချမ်းအေးမှုနှင့်ပတ်သက်ကာ အငြင်းအခုံဖြစ်ကြသည်။ကျားက လဆုတ်ရက်တွင် ချမ်းအေးသည်ဟု ပြောသည်။ခြင်္သေ့က လဆန်းရက်မှာ ချမ်းအေးသည်ဟု ပြောသည်။အပြန်အလှန်ငြင်းခုံရင်း နောက်ဆုံးတွင် တောင်ခြေရှိ ရသေ့ကြီးထံ အဆုံးအဖြတ်ခံဖို့ နှစ်ဦးသဘောတူကြသည်။

ရသေ့ကြီးထံ ရောက်သောအခါ သူတို့၏ ချမ်းအေးမှုပြဿနာကို ပြောပြသည်။ရသေ့ကြီးက ချမ်းအေးမှုဆိုသည်မှာ လေတိုက်ခတ်ခြင်းကြောင့်ဖြစ်ကြောင်း လဆုတ်ပိုင်းမှာ လေတိုက်ခတ်လျှင် လဆုတ်ပိုင်းမှာ ချမ်းအေး၍ လဆန်းပိုင်းမှာ လေတိုက်ခတ်လာလျှင် လဆန်းပိုင်းမှာ ချမ်းအေးတတ်ကြောင်းနှင့် သူတို့နှစ်ကောင် ဘယ်သူမှ မရှုံးသော်လည်း ဘယ်အရာမဆို တရားသေမှတ်ထားပြီး ကိုယ်လိုချင်တာ ဇွတ်အတင်းပြော၍ မငြင်းခုံသင့်ကြောင်း ရှင်းပြလိုက်သည်။ဒီတော့မှ ကျားနှင့် ခြင်္သေ့ နှစ်ကောင်လုံး သဘောပေါက် နားလည်သွားကြသည်။

ကိုယ်တွေးချင်သလိုတွေးပြီး ကိုယ့်အထင်မှန်ပြီဟု တရားသေ မစွဲကိုင်ထားသင့်ပါ။သူများအတွေးကိုလည်း လေးစားရပါမည်။မိမိကိုယ်တိုင်က မိဘ၊ ဆရာ၊ အကြီးအကဲ၊ ပညာရှင်တစ်ယောက်ဖြစ်နေလျှင် ပို၍ပင် သတိထားရမည်။မိမိအလွယ်တကူတွေးပြီး ဆုံးဖြတ်လိုက်သည်ကို မိမိအပေါ် ယုံကြည်အားကိုးသူများက ယုံကြည်အားကိုးပြီး လိုက်နာဆောင်ရွက်လိမ့်မည်။မိမိ၏အယူအဆအမှားကြောင့် တစ်ဖက်သားမှာ များစွာနစ်နာသွားနိုင်သည်ကို ကြိုတင်သိထားရမည်။ထို့ကြောင့် အစစအရာရာ ကြိုတင်ချင့်ချိန်ပြီးမှ ဆုံးဖြတ်ချက်ပေးသင့်သည်။

သင်္ဂဇာဆရာတော်၏ ကျွတ်၊ မုန်း၊ ဝင် ဇာတ်လမ်းလေးမှ မိမိအမြင်၊ မိမိရှုထောင့်၊ မိမိကျွမ်းကျင်သော ပညာရပ်အပေါ် အခြေခံ၍ ပြောဆိုတတ်ပုံကို ပြောချင်ပါသေးသည်။

တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်း၏အနီးတွင် ဇရပ်တစ်ခုရှိသည်။ဇရပ်ဒါယကာ အဘိုးအိုသည် သူဆောက်ထားသော ဇရပ်ကို မနက်တစ်ခါ ညတစ်ခါ တံမြက်စည်းလှည်း သန့်ရှင်းရေးပုံမှန်လုပ်လေ့ရှိသည်။

တစ်ခါသော် ဘုန်းကြီးကျောင်းသား သူငယ်များသည် ဇရပ်ခါးပန်း၊ လက်ရမ်း၊ ပျဉ်ထောင်၊ လှေကားဘောင်တို့၌ ထုံး၊ အိုးမဲ၊ မြေဖြူတို့ဖြင့် စိတ်ကူးတည့်ရာ စာလုံးများ လျှောက်ရေးထားလေသည်။ဇရပ်ဒါယကာသည် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ထားသော သူ့ဇရပ်ကို ညစ်ပတ်အောင်လုပ်သည်ဆိုပြီး ဘုန်းကြီးကို သွားတိုင်သည်။ဘုန်းကြီးက သူ့ကျောင်းသားများကို ရိုက်နှက်ကြိမ်းမောင်းလိုက်သဖြင့် ကျောင်းသားများ မရေးဝံ့တော့ပေ။

တစ်ချိန်တွင် အရူးတစ်ယောက်သည် စိတ်ကူးတည့်ရာ သွားလာနေရင်း ထိုဇရပ်ကိုရောက်လာသည်။ထို့နောက် ဇရပ်မှာ အိပ်စက်ပြီး မနက်မိုးလင်းသောအခါ ဇရပ်နံရံမှာ ကျွတ်မုန်းဝင်ဟူသော စကားလုံးသုံးလုံးကို ထုံးဖြူနှင့်ရေးထားကာ ပြန်ထွက်သွားတော့သည်။

ဇရပ်ဒါယကာက မနက် မိုးလင်း ဇရပ်ကို သန့်ရှင်းရန် လာသောအခါ ဇရပ်နံရံမှာ စာရေးထားသည်ကို တွေ့ရပြန်သဖြင့် ကျောင်းသားများ၏လက်ချက် ဖြစ်ရမည်ဟု ယူဆကာ ဘုန်းကြီးကို သွားတိုင်ပြန်၏။ဘုန်းကြီးကလည်း သူ့ကျောင်းသားများကို အသေအချာ ဆုံးမထားသောကြောင့် သူတို့မရေးဝံ့ကြောင်းပြော၍ ဘာစာတွေများရေးထားတာ တွေ့လို့လည်းဟု မေးသည်။ဒါယကာက ကျွတ်မုန်းဝင်ဟု ရေးထားကြောင်း ပြန်လျှောက်သည်။

ထိုအခါ ဘုန်းကြီးက သာမညစာမဟုတ် လောကုတ် လောကီနှစ်မျိုးလုံး၌ နှံ့စပ်ကျွမ်းကျင်သော ပညာရှိတစ်ယောက် ရေးသွားတာ ဖြစ်နိုင်ကြောင်း ပြောသည်။ဒါယကာက စာလုံး၏အဓိပ္ပါယ် ရှင်းပြပေးရန် လျှောက်ထားသည်။တဏှာ၊ ရာဂ၊ လောဘဟု ဆိုအပ်သော သမုဒယမှ ‘ကျွတ်’ လွတ်ခဲ့လျှင် ဝဋ်ဆိုသည့် ဒုက္ခသစ္စာကို ‘မုန်း’ သဖြင့် နှလုံးသွင်းအပ်သော မဂ္ဂသစ္စာကိုပွားလျက် နိဗ္ဗာန်တံခါး ‘ဝင်’ ရတော့သည်ဟု ဘုန်းကြီးက အဖြေပေးလိုက်သည်။

ဇရပ်ဒါယကာလည်း သူ့မိတ်ဆွေ မောင်နွယ်ဆိုသော သမားတော်ကို သွားသတိရလိုက်သည်။ထိုသမားတော်ကလည်း ဘုန်းကြီးကဲ့သို့ပင် စာတတ်ပေတတ်တစ်ယောက်ဖြစ်ပြီး လောက ဓမ္မ နှစ်ဌာနလုံး၌ ကျွမ်းကျင်နှံ့စပ်သူဖြစ်သည်။ထို့ကြောင့် ဘုန်းကြီးအဖြေနှင့် ညှိနှိုင်းကြည့်ရန် သမားတော်ကိုမေးကြည့်ရာ ‘ကျွတ်’ ဟူသော စကားအရ မှိုကျွတ်၊ ‘မုန်း’ ဆိုသည့် စကားအရ သမုန်းကတိုး၊ ‘ဝင်’ ဆိုသော စကားအရ သင်းဝင်ပေါက်ဖြူကိုယူ၍ သုံးခွက် တစ်ခွက် တင်ကျိုသောက်လျှင် ဒူလာပါဒရက်ရောဂါ ပျောက်ကင်းမည်ဖြစ်ကြောင်း ရှင်းပြသည်။

ထိုအချိန်မှာပင် အဂ္ဂိရတ်ဆရာတစ်ယောက် ရောက်လာပြန်သည်။သူတို့စကားဝိုင်းမှာ ဝင်ထိုင်ရင်း အကျိုးအကြောင်းကို သိသွားကာ အဖြေတစ်မျိုး‌ပြောပြန်သည်။ “ကျားမင်းကြွက်၌၊ ဆဒ္ဒန်ရိုက်က၊ ပြာလျှင် ကျသည်၊ မုချ နိဗ္ဗာန်ဝင်ကြောင်းတည်း” ဟု ရှေးရှိရင်း စာဟောင်းက အာဂုံရွတ်ပြီးနောက် ‘ကျွတ်’ ၏ အဓိပ္ပါယ်အရ ကျားဖြစ်၍ တနင်္လာနံ၊ ‘မုန်း’ ဆိုသည်ကား ကြွက်ဖြစ်၍ ကြာသပတေးနံ၊ ‘ဝင်’ ဟူသည်က ဆင်ဖြစ်၍ ဗုဒ္ဓဟူးနံ မှတ်ရမည်ဆိုကာ အဂ္ဂိရတ်ထိုးရန် အတိုကောက်မှတ်ထားခြင်းသာဖြစ်ကြောင်း ပြောသည်။

နောက်တစ်နေ့ မနက်တွင် ဇရပ်ဒါယကာလည်း ဇရပ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ဘုန်းကြီးကြွလာသဖြင့် ဘုန်းကြီးနှင့် ဒါယကာ စကားပြောဆိုဖြစ်ကြသည်။ထိုအချိန်မှာပင် အရူးရောက်လာပြီး သူရေးခဲ့သော စာကိုကြည့်ကာ အချိန်နီးပြီ အချိန်နီးပြီဟု ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုနေလေသည်။ဇရပ်ဒါယကာလည်း ထိုင်ရာမှ ထရပ်ကာ ဒီစာ၏အဓိပ္ပါယ်ကိုသိသလားဟု အရူးကို မေးလိုက်တော့ အရူးက ဒီစာကို သူကိုယ်တိုင်ရေးထားတာဖြစ်ကြောင်း ပြန်ပြောသည်။

‘ကျွတ်’ ဆိုသည်မှာ သီတင်းကျွတ်၊ ‘မုန်း’ ဆိုသည်မှာ တန်ဆောင်မုန်း၊ ‘ဝင်’ ဆိုသည်မှာ ဝင်္ကပါကန်ဖြစ်ကြောင်း ပြောသည်။အဓိပ္ပါယ်ကို ချော့မော့မေးသောအခါ သီတင်းကျွတ်လကုန်၍ တန်ဆောင်မုန်းလရောက်လျှင် ဝင်္ကပါကန်မှာ မုန့်ဟင်းခါးကျွေးမည်ဖြစ်၍ မုန့်ဟင်းခါးစားဖို့ မမေ့အောင် မှတ်ထားတာဖြစ်ကြောင်း ရှင်းပြလေသည်။

မူလစာကိုရေးထားသူက စိတ်မနှံ့သူ။ထိုစာကို အဓိပ္ပါယ်ဖော်သူများက ဘုန်းကြီး၊ သမားတော်နှင့် အဂ္ဂိရတ်ဆရာ။သူ့အဓိပ္ပါယ်နှင့်သူတော့ ဟုတ်နေကြတာပါ။သို့သော်လည်း ဘယ်အရာမဆို ကိုယ်သိတာ တတ်တာ တစ်ခုတည်းနှင့်တော့ အဖြေမှန် မဖြစ်နိုင်ပါ။ဆေးတိုင်းက အာနိသင်ကောင်းသော်လည်း အနာနှင့် ဆေး တည့်မှသာ ရောဂါပျောက်မှာဖြစ်သည်။

ကိုယ်သန်ရာ ကိုယ်ပြော၊ ကိုယ်သန်ရာ ကိုယ်လုပ်နေသမျှတော့ အမှန်တရားနှင့် လွဲနေကြဦးမည်မှာ သေချာပေသည်။ကိုယ့်အတွေးနှင့် ကိုယ်မို့ အမှားဖြစ်သွားသည့်တိုင် ထိုအမှားဒဏ်ကို ကိုယ်တစ်ယောက်တည်းခံရမည်ဆိုလျှင် ပြဿနာမရှိ။ကိုယ့်အပြစ်နှင့်ကိုယ် ဖြစ်နေတာကိုး။

ကိုယ့်အတွေး၊ ကိုယ့်အထင်၊ ကိုယ့်လောဘကြောင့် ဖြစ်လာသော အမှားဒဏ်ကို မဆီမဆိုင် အများကစုပြုံခံနေရမည်ဆိုလျှင်တော့ ပြဿနာအကြီးကြီးဖြစ်သွားပြီ။

ထို့ကြောင့် ကိုယ်သန်ရာ ကိုယ်မပြောသင့်ပါ။ကိုယ့်စိတ်ကူးပေါက်ရာအတိုင်း မဆုံးဖြတ်သင့်ပါ။

ရိုက်မောင်း