【 ‌ဆောင်းပါး 】 ဘကြီးပြောတဲ့ ဘိုထိုင်

【 ‌ဆောင်းပါး 】 ဘကြီးပြောတဲ့ ဘိုထိုင်

ကျနော်တို့တောမှာ ဘိုထိုင်အိမ်သာကို စတင်အသုံးပြုဖူးတာ ဘကြီးပဲလို့ ဘိုဆန်ချင်တဲ့ တောသားကြီး ဘကြီးက အဲဒီလိုဂုဏ်ယူပြီး ပြောလေ့ရှိတယ်။စိတ်ချရတဲ့ ဆာဗေးပြုလုပ်ချက်တွေမရှိပေမယ့် ဘကြီးပြောတဲ့စကားက မှန်ဖို့ ရာခိုင်နှုန်းများပုံရတယ်။

ဘကြီးတို့ တောမြို့လေးမှာက ခေတ်မီတယ်လို့ ပြောလို့ရတာက ၅ ယောက်၊၆ ယောက်။အင်္ဂလိပ်လို ကောင်းကောင်းရေးနိုင်ဖတ်နိုင်တဲ့ ဘကြီးရဲ့ ဦးလေးဆိုရင် တောမြို့လေးရဲ့ ခေတ်မီစံပြ၊ လယ်ပိုင်နွားပိုင်နဲ့ ငွေကြေးလည်း ပိုင်ပိုင်နိုင်နိုင်ရှိသူဖြစ်ပြီး အင်္ဂလိပ်မဆန်ပေမယ့် မြို့ကြီးသားတွေရဲ့ အပြုအမူကို အားကျအတုယူသူ။ယောကျာ်းကြီးတန်မဲ့ မျက်နှာပေါင်ဒါလိမ်း တို့ပတ်ဆောင်တာမျိုး မလုပ်တာကလွဲ မော်လမြိုင်မြို့တက်ပြီဆို ဘန်ကောက်လုံချည် တရွှမ်းရွှမ်းနဲ့ ဂိုက်ပေးကြမ်းချက်က လွန်ရော။

ဒါပေမဲ့ ဘယ်သူကမှ သူ့ကို တောသား အရူးထပြီး ဂိုက်ပေးကြမ်းတယ်လို့ ဘယ်ပြောရဲပါ့။တောမြို့လေးမှာ သူဌေးမဟုတ်ပေမယ့် ထည်ထည်ဝါဝါ။ဒီမြို့လေးမှာ သူ့လောက် အင်္ဂလိပ်စာတတ်သူရယ်လို့မရှိ။တစ်ခါက မော်လမြိုင်ကနေ တောလာလည်တဲ့ နိုင်ငံခြားပြန်တစ်ယောက်ကို အတည်ပေါက် အင်္ဂလိပ်လိုပဲ စကားပြောဧည့်ခံတာ နိုင်ငံခြားပြန်ကြီးတောင် ချီးကျူးတာဆိုတော့ တောသားတွေ အထင်မကြီးဘဲ ခံနိုင်ရိုးလား။ပြီးတော့ မော်လမြိုင်တက်တဲ့ သင်္ဘောပေါ်ရောက်ရင် စမတ်ကျကျ ဘိုလိုရေးထားတဲ့ စာအုပ်ပဲ ဖတ်တာဆိုတော့ ပါးစပ်အဟောင်းသားနဲ့ လေးစားကြရ။

ဒါပေမဲ့ သူ့ဘာသာ ဘိုလိုတွေပြောနိုင်ဖတ်နိုင်ပေမယ့် သူ့ဖင်ကတော့ တောသားပဲဆန်နေတော့ ဘိုထိုင်အိမ်သာကို မြင်ဖူးပေမယ့် တက်ဖူးဖို့ တစ်ခါမှမစဉ်းစားမိဘူးတဲ့။သူ့ရဲ့ဇာတိချက်မြှုပ်က ရာနှုန်းပြည့် တောပဲဆိုတော့ တောသားတို့ရဲ့ စတိုင်အတိုင်း အိမ်သာတက်တာကို အေးဆေး ဇိမ်ခံတက်ရမယ်လို့ မထင်၊ ကိစ္စမြန်မြန်ပြီးဖို့သာ အဓိက။ပြီးတော့ ဘိုထိုင်နဲ့ ထိုင်တတ်ဖို့ထက် ဘိုလိုပြောတတ်ဖို့က အရေးကြီးတယ်လို့ ခံယူထားသူဆိုတော့ စိတ်မဝင်စား။စိတ်ဝင်စားတယ်ဆိုရင်တော့ ဘိုထိုင်သွားလို့ရတဲ့နေရာ ရှိမှမရှိဘဲ။

တို့ဗမာအစည်းအရုံးဝင် သခင်ကြီးက နဂိုကတည်းက နိုင်ငံခြားဖြစ်ကို ဆန့်ကျင်တဲ့သူဆိုတော့ ဘိုတွေကိုလည်း အားမကျ အထင်မကြီး၊၊ဘိုဆန်ဖို့ဆိုတာ အဝေးကြီး။ဘိုထိုင်အိမ်သာ တစ်ခါမှ မစဉ်းစား၊ မြင်တောင် မြင်ဖူးပုံမပေါ်။ကျန်တဲ့ သုံး၊ လေးယောက်ထဲက စာရေးကြီးဆိုသူက ခေတ်မီတယ်၊ ဘိုလို နည်းနည်းပါးပါးရတယ်ဆိုပေမယ့် ဘိုလိုထိုင်ဖို့ မစဉ်းစားတဲ့သူ။

ဘကြီးက နောက်မျိုးဆက်။နည်းနည်းလေး ထပ်တိကျပြရရင် ဒုတိယကမ္ဘာစစ်ဝန်းကျင်မွေးတဲ့ မျိုးဆက်။ကျနော်တို့မြို့လေးထဲ ဘကြီးတို့မျိုးဆက်မှာ ချွန်ချွန်မွန်မွန် လူတွေရှိကြပေမယ့် ချွန်သမျှ လူတိုင်းနီးပါးက နေရပ်စွန့်ခွာပြီး မြို့ပြမှာ ပညာနဲ့ အသက်မွေးနေကြသူချည်းဆိုတော့ တောမြို့လေးထဲ ခပ်စွာစွာတွေ မကျန်သလောက်နီး။ဒါ့ကြောင့် ဘကြီးက သူ့ကိုယ်သူ အနူတောမှာ လူချောလို့ နှိမ့်ချလေ့ရှိတယ်။ဘကြီးက သူ့ကိုယ်သူ လူချောစာရင်းဝင်အောင်လည်း ကြိုးစားလေ့ရှိတယ်။ဘကြီးရဲ့ အဓိကကြိုးစားချက်က ဘယ်အရာကိုမဆို ခေတ်အမြင်နဲ့ ချဉ်းကပ်တတ်အောင်ပါ။ဒါ့ကြောင့် အင်္ဂလိပ်စာလေး ဘာလေး မပြောနိုင်မရေးနိုင်ပေမယ့် အဘိဓာန် ဘေးချပြီး ဖတ်နိုင်အောင် လုပ်လေ့ရှိတယ်။အဓိကအနေနဲ့ သူ့ရဲ့စိုက်ပျိုးရေးလုပ်ငန်းအကြောင်း အင်္ဂလိပ်လို ဖတ်နိုင်အောင် ကြိုးစားခဲ့ခြင်းနဲ့ စာဖတ်ခြင်းအလေ့ဟာ ဘကြီးကို ခေတ်အမြင်ရစေတာပဲ။

ပြီးတော့ ဘကြီးရဲ့ ကြီးတော်နဲ့ အစ်မဝမ်းကွဲက ရန်ကုန်မြို့ပေါ်က လူချမ်းသာစာရင်းဝင်၊ ဘကြီးကိုလည်း ချစ်ကြတော့ နှစ်စဉ် ရန်ကုန်အလည်လာဖို့ ခေါ်လေ့ရှိတယ်။ခေါ်တိုင်းလည်း မသွားတော့ တချို့နှစ်တွေမှာ ဘကြီး ရန်ကုန်သွားတဲ့အခါ သူ့ကြီးတော်နဲ့ အစ်မဝမ်းကွဲက ဘကြီးစိတ်ကြိုက် သိပ်ကိုအလိုလိုက်။အဲဒီမှာ ဘကြီးက ဘိုထိုင်အိမ်သာကို စထိုင်ဖူးခဲ့တာတဲ့။

ဖဆပလခေတ်တုန်းက ဘိုထိုင်။အဲဒီဘိုထိုင်ကို အဲဒီတစ်အိမ်လုံးမှာ ကြီးတော်ရဲ့ ယောကျာ်းသာ ထိုင်လေ့ရှိတာမို့ နေ့ခင်းဘက် ကြီးတော်ယောကျာ်း အလုပ်သွားတဲ့အခါ ဘကြီး တက်ထိုင်ကြည့်ရာကနေ ကြိုက်သွားတော့တာတဲ့။

‘ကြီးတော် ယောကျာ်းက အိမ်သာတက်ရင်း စာဖတ်တာ အတုယူပြီးတော့ ဘကြီးလည်း ကာတွန်းဖတ်ရင် ဘိုထိုင်တက်တာ ဇိမ်ကိုကျနေရော။အဲဒါနဲ့ ငါကြီးလာလို့ ပိုက်ဆံရှာနိုင်ရင် ဘိုထိုင်ဝယ်မယ်လို့ စိတ်ကူးယဉ်ခဲ့တာ’ တဲ့။

လေး-ငါးနှစ် တစ်ခါလောက် ရန်ကုန်သွားလေ့ရှိတဲ့ ရည်ရွယ်ချက်တစ်ခုက ဘိုထိုင်တက်ချင်တာလည်းပါတယ်လို့ ဘကြီးကဆိုတော့ ကျနော်ရယ်မောခဲ့ဖူးတယ်။

‘ရန်ကုန်သွားတော့မယ်ဆို ဘိုထိုင်တက်ရမယ်ဆိုပြီး ဘကြီးပျော်နေတာမြင်တော့ အမျိုးတွေက ဝိုင်းဟားပြီး ဘိုရူးလို့ ခေါ်ကြသေးတယ်’ လို့ ဘကြီးက ဆက်ပြောပြတယ်။

ဘကြီး  ၁၀ တန်းကျပြီး လယ်သမားကြီးဘဝကို ခံယူ။လယ်အလုပ် ၃ နှစ်မြောက်မှာ ကျနော်တို့အဘိုးက ဘေးကနေ ကြီးကြပ်ရုံသာလုပ်ပြီး ဘကြီးကို လယ်အလုပ် လုံးဝလွှဲပြီးနောက် ဘကြီးဟာ လယ်လုပ်ခ သတ်သတ်မှတ်မှတ် ဝင်ငွေတစ်ခု ရလာတယ်။

မိဘကို ၆ နှစ်ကျော် လုပ်ကျွေးတယ်။ပြီးတော့ မိန်းမယူပြီး ၂ နှစ်လောက် မိဘနဲ့အတူနေ။မိဘနဲ့အတူနေရင်း ကိုယ်ပိုင်အိမ် စတည်တော့ အဲဒီအိမ်သစ်မှာ ဘိုထိုင်အိမ်သာတစ်လုံးထည့်ဖို့ ဘကြီး ကြံဖန်တော့တယ်။မဆလခေတ်ကာလ ဘိုထိုင်ဝယ်ဖို့နဲ့ ဆင်ဖို့မလွယ်တော့ သူ့ညီဝမ်းကွဲ လက်သမားဆရာကို ရန်ကုန်ခေါ်သွားကာ ဘိုထိုင်တည်ပုံကို သေချာလေ့လာခိုင်းတယ်။ပြီးတော့ မမှတ်မိမှာစိုးလို့ ကင်မရာဆရာတစ်ယောက်ကိုခေါ်၊ ဘိုထိုင်ကို ထောင့်ပေါင်းစုံကနေ ဓာတ်ပုံရိုက်ခိုင်းပြီး ယူလာ။ရွာပြန်ရောက်တော့ ဘိုထိုင်အတု သစ်သားထည် ဘိုထိုင်။ဘိုထိုင်အစစ်လို ကြိုးလေးဆွဲရုံနဲ့ ရေဝေါခနဲရောက်လာတာမျိုး မလုပ်နိုင်တော့ ကိစ္စပြီးရင် ရေပုံးနဲ့ လောင်းချတဲ့ ဘိုထိုင်အတု။

‘အိမ်တက် ဆွမ်းကျွေးတော့ လာသမျှ လူတိုင်းက ဘကြီး သစ်သားဘိုထိုင်ကို လာကြည့်သွားကြတယ်။ဘိုထိုင်အတုဆိုပေမယ့် တစ်မြို့လုံးမှာ ပထမဆုံး ဘိုထိုင်ဆိုတော့ နာမည်ကြီးတာပေါ့’ လို့ ဘကြီးက ဆိုတယ်။

အဲဒီဘိုထိုင်ကို ဘကြီးမိန်းမလည်း မတက်။ဘယ်သူမှလာမတက်၊ဘကြီးတစ်ဦးတည်းသာတက်တဲ့ ဘိုထိုင်။ကျနော်တို့ရဲ့မြို့ရဲ့ ပိုင်အိုးနီးယား ဘိုထိုင်တစ်လုံး။မနက်ခင်း ဘကြီး အိမ်ယာကနိုးပြီဆိုတာနဲ့ ရေခွက်ကြီးနဲ့ တစ်ခွက်အပြည့်မော့ချ။တစ်ပတ်မှာ ၂ ရက်လောက်က မန်ကျည်းသီးနဲ့ ထန်းလျက်ဖျော်ရည်တစ်ခွက်နဲ့ ရေတစ်ခွက်။ပြီးရင် နွားဝေယျာဝစ္စလုပ်။အဲဒါပြီးတာနဲ့ စာအုပ်တစ်အုပ်ဆွဲကာ ဘိုထိုင်အိမ်သာထဲ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာ ဝမ်းရှင်းတဲ့အလုပ်မှာ စိတ်လက်ရှည်စွာ။

၁၉၉၀ ပြည့်နှစ်ကျော်ကာလရောက်မှသာ မော်လမြိုင်မှာ ဘိုထိုင်အစစ်ရပြီမို့ သစ်သားထည်အတုကိုဖယ်ကာ ပြောင်းတပ်ဖြစ်တယ်။ဘကြီး အိမ်မှာက အဝီစိတွင်းလည်းရှိ၊ ရေမော်တာလည်းရှိ၊ မီးစက်လည်းရှိသမို့ ရေရှားတယ်မရှိ အမြဲအသင့်။ဘိုထိုင်အစစ်နဲ့ဆိုတော့ ကိစ္စပြီးရင် ကြိုးဆွဲလိုက်တာနဲ့ ရေတွေဝေါခနဲ။

အခုဆို အသက် ၈၀ ရှိပြီဖြစ်တဲ့ ဘကြီး ဘိုထိုင်ကိုသာ နှစ်လရှည်ကြာ စွဲစွဲမြဲမြဲ။အိမ်သာဆိုတာ ဇိမ်ခံတက်တတ်ဖို့ လိုတယ်တဲ့။ဘကြီးက သူ့ဒဿနနဲ့သူ ကျင့်ကြံတယ်။

ငြိမ်းခင်