【 ‌ဆောင်းပါး 】 လက်ဖွဲ့နဲ့ ဇရပ်တည်တဲ့ အလှူ

【 ‌ဆောင်းပါး 】 လက်ဖွဲ့နဲ့ ဇရပ်တည်တဲ့ အလှူ

မင်္ဂလာဆောင် လက်ဖွဲ့ပေးတာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်ခေတ်အခါကတည်းက စတင်ခဲ့သလဲ မပြောတတ်။အခုမှ အိမ်ထောင်စတည်မယ့် လင်မယားကို တစ်ယောက်တစ်နိုင် ဝိုင်းဝန်းပံ့ပိုးပေးကြတယ်ဆိုတာ အင်မတန်ကောင်းမြတ်ခြင်းမင်္ဂလာပါပဲ။

အဆင်မပြေတဲ့ကြားထဲက အိမ်ထောင်ပြုကြတဲ့သူတွေအတွက် မင်္ဂလာလက်ဖွဲ့ဆိုတာ သိပ်တန်ဖိုးရှိတဲ့အရာ။အိမ်ထောင်တစ်ခုအတွက် လိုအပ်တဲ့ပစ္စည်းတွေ တော်တော်စုံစုံ ရလိုက်တာရော၊ လိုတဲ့ပစ္စည်းတွေကို လက်ဖွဲ့ရတဲ့ငွေနဲ့ ဝယ်လိုက်နိုင်တာရောကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြစ်နေရမယ့် အိမ်ထောင်ဦးကာလ ငွေကြေးနဲ့ တခြားလိုအပ်ချက်တွေကြောင့် စိတ်ညစ်စရာမလိုတော့။

ဒါပေမဲ့ ကာလတွေ ရွေ့လျှားလာပြီးနောက် မင်္ဂလာဆောင်တယ်ဆိုတာ အကျိုးအမြတ် မျှော်ကိုးစရာကိစ္စ ဖြစ်လာခဲ့တယ်။မင်္ဂလာဆောင် ကုန်ကျစရိတ်နဲ့ ရလာမယ့် လက်ဖွဲ့ငွေကို ကြိုတင်တွက်ချက် မျှော်လင့်ချက်ကြီးစွာနဲ့ မင်္ဂလာဆောင်ကြခြင်းများ။တချို့ဆို ကိုယ်မတတ်နိုင်တာကို ချေးငှားပြီး ဟန်လုပ် မင်္ဂလာဆောင်၊ ပြီးတော့မှ မျှော်လင့်ထားသလို လက်ဖွဲ့မရတာကြောင့် မင်္ဂလာဦးကာလမှာတင် လင်မယား ၂ ယောက် မပျော်နိုင် တပူပူ တမှိုင်မှိုင်။

ကျနော့်ဘကြီးရဲ့ မင်္ဂလာဆောင်ကတော့ သိပ်ပြတ်တယ်။သိပ်ခေတ်မီတယ်။ ၁၉၇၅ ခုနှစ်လောက်က ဘာမျှော်လင့်ချက်မှမရှိတဲ့ တောမင်္ဂလာဆောင်။ကျနော်က လူပျိုပေါက်အရွယ်ကတည်းက ဘကြီး မင်္ဂလာဆောင်ကို သိပ်သဘောကျတာမို့ ဇာတိမြေကို အလည်ပြန်တိုင်း အိပ်ရာဝင်ပုံပြင်ပမာ မကြာခဏဆိုသလို မေးလေ့ရှိတယ်။

မင်္ဂလာဆောင်တယ်ဆိုတာ တတ်နိုင်တဲ့သူတွေအနေနဲ့ ကိုယ်ကသာ အကုန်အကျခံပြီး အလှူအတန်း လုပ်သင့်တယ်တဲ့။အဲဒါက ဘကြီးရဲ့ အယူအဆ။ဘကြီးရဲ့အယူအဆဆိုပေမယ့် ဘကြီးနဲ့ လူ့ဘဝတုန်းက ညီငယ်လိုဖြစ်နေတဲ့ ဦးဇင်းလေးရဲ့စနက်လည်း ဘယ်ကင်းလိမ့်မလဲ။

အဲဒီဦးဇင်းလေးက အလယ်တန်းကျောင်းသားဘဝမှာ မိဘ ၂ ပါးစလုံး တိမ်းပါးသွားတာကြောင့် ဘုန်းကြီးကျောင်းသားဖြစ်။ပြီးတော့ ကိုရင်ဝတ်ပြီးနောက် ရာသက်ပန် ဘုန်းကြီးဘဝ ခံယူသွားသူ။ကိုရင်ဘဝကတည်းက ဘုန်းကြီးစာလည်းတော်၊ ၁၆ နှစ်လောက်အရွယ်ရောက်တော့ စာသင်သားအဖြစ်နဲ့ မန္တလေးနဲ့ ပခုက္ကူစာသင်တိုက်ကြီးတွေမှာ လှည့်လည် သီတင်းသုံးခဲ့တာကြောင့် မြို့ကြီးပြကြီးအမြင်လည်းရှိသူ။ပြီးတော့ ဘုန်းကြီးစာတင်မက ပြင်ပဗဟုသုတစာတွေပါ ဖတ်လေ့ရှိတာကြောင့် ဘယ်ခေလိမ့်မလဲ။ဓမ္မစရိယတန်းအောင်ပြီးနောက် ရွာမှာပဲ ပြန်သီတင်းသုံးတာမို့ ရပ်ရေးရွာရေးကိစ္စ ဘကြီးနဲ့ တတွဲတွဲ အတိုင်အဖောက်ညီညီ။

ကျနော်တို့ တောမှာက အဲဒီခေတ် ဓမ္မစရိယတန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်တဲ့ ဦးဇင်းဆိုတာက မရှိသလောက် ရှားတာမို့ ဘယ်သွားသွား မျက်နှာမငယ်ရုံတင်မက ဦးစားပေးခံရ။ပြီးတော့ ဦးဇင်းလေးက ဘာသာရေးကို ခေတ်အမြင်နဲ့လည်း ရှုမြင်တတ်သလို ပကာသနတွေကို လက်မခံ၊ ခြိုးခြံချွေတာရေးစိတ်ကလည်း အပြည့်မို့ ဘကြီးနဲ့ ကိုက်နေရော။

“ဦးဇင်းကလည်း ဘကြီးကို မြှောက်ပေးတာ။ငွေရှိတဲ့သူတွေ မင်္ဂလာဆောင်တယ်ဆိုတာ လှူရတာ၊ ယူရတာ မဟုတ်ဘူးတဲ့။ဘကြီး အဲစကားကို တော်တော်သဘောကျသွားတယ်။အဲဒါနဲ့ ဘကြီးလည်း နည်းနည်းထပ်ကွန့်လိုက်တယ်။လက်ဖွဲ့ငွေတော့ ယူမယ်။ရတဲ့ လက်ဖွဲ့ငွေနဲ့ လိုတဲ့ငွေ ထပ်စိုက်ပြီး လူတွေအတွက် အသုံးဝင်မယ့်ဟာ တစ်ခုခု လှူမယ်။အားလုံးပါဝင်တဲ့ အလှူပေါ့” လို့ ဘကြီးက ပြောပြတယ်။

မင်္ဂလာဆောင်တို့ ထုံးစံအတိုင်း သတို့သမီးရဲ့ရွာမှာ လုပ်ရတာမို့ သတို့သမီးရွာမှာ တစ်ခုခုလှူဖို့ စဉ်းစားကြည့်။သတို့သမီးရဲ့ ရွာမှာက ရွာသားတွေ စုဝေးတိုင်ပင် တွေ့ဆုံနှီးနှောစရာ ဇရပ်တစ်ခု လိုအပ်နေတာကြောင့် လက်ဖွဲ့ငွေနဲ့ လိုတဲ့ငွေ ထပ်စိုက်ထည့်ကာ ဇရပ်တည်မယ်လို့ ဆုံးဖြတ်ချက်ချ။ကျနော်တို့ ဇာတိမြို့မှာ တစ်ခါမှမရှိဖူးတဲ့ မင်္ဂလာဆောင်။

“ပထမတော့ မိန်းမအမျိုးတွေက လက်မခံချင်ဘူး။ဘကြီးကလည်း အလျှော့မပေးဘူး။နောက်ဆုံး ယောက္ခမကြီးက ဘကြီးလုပ်ချင်ရာလုပ်ဆိုတာနဲ့ မင်္ဂလာဆောင်ဖို့ ဖိတ်ကတည်းက လက်ဖွဲ့ကို အလှူလို့ သဘောထား၊ လှူနိုင်သလောက်လှူ မလှူနိုင်လည်း မထည့်နဲ့။ငွေကလွဲလို့ တခြားဟာတွေမထည့်နဲ့ဆိုပြီး  သတို့သမီးရွာ တစ်ရွာလုံးကို ရွာလုံးကျွတ်ဖိတ်။ဘကြီးတို့ဘက်ခြမ်းကိုလည်း ဖိတ်။

“တချို့ကတော့ ဒီကောင် စတန့်ထွင်တယ်ဆိုပြီး အတင်းပြောကြသေးတယ်။ဘကြီးကတော့ ဘယ်သူဘာပြောပြော မမှုဘူး။ဘကြီးတို့ဆွေမျိုးထဲက ပိုက်ဆံရှိပြီး အားမနာရတဲ့သူဆိုရင် အလှူလုပ်မှာ ငွေများများထည့်ဖို့တောင် ပြောလိုက်သေးတယ်” တဲ့။

မနက်စောစော မင်္ဂလာဦးဆွမ်းကျွေး  တရားနာတဲ့အချိန် သတို့သမီးရွာက ကျောင်းထိုင်ဆရာတော် တရားဟောပြီးနောက် ဘကြီးရဲ့ ဦးဇင်းလေး တရားဟောအလှည့်။ဦးဇင်းလေးက တတ်နိုင်တဲ့သူတွေရဲ့ မင်္ဂလာဆောင်ဆိုတာ လှူတာသာဖြစ်သင့်ပြီး မယူသင့်တဲ့အကြောင်းနဲ့ အလှူဆိုတာ လှူတတ်ဖို့လိုတဲ့အကြောင်း ဘာသာရေးဆိုင်ရာ အကိုးအကားတွေနဲ့ အများနားလည်အောင် ရိုးရိုးလေးဟောသွားလိုက်တာ တရားနာသူတွေ ကြိုက်မှကြိုက်။

“အဲဒီတရားကစပြီး ဦးဇင်းကိုလည်း ဘကြီးမိန်းမရွာက ဘာလုပ်လုပ် ရှေ့ဆုံးကနေ ဖိတ်တော့တာ။ဒကာရင်းဖြစ်သွားတာလည်း မနည်းဘူး” လို့ ဘကြီးက ဆိုတယ်။

မင်္ဂလာဆောင် အကျွေးအမွေးကလည်း ထောပတ်ထမင်းနဲ့ ကြက်သား၊ ဝက်သား ကြိုက်သလောက်စား။ပြီးတော့ ရေခဲမုန့်၊ လက်ဖက်နဲ့ ရိုးရာမုန့် ၃ မျိုးဆိုလား။ညနေကျတော့ ဝိုင်းလုပ်ဝိုင်းကိုင်ကြတဲ့ ကာလသားတွေအတွက် တောအရက် ပုံးလိုက် ကြိုက်သလောက်သောက်။

“မင်္ဂလာဆောင်ပြီးတာနဲ့ အားလုံးရှေ့မှာ လက်ဖွဲ့ရတဲ့ငွေကို ရေတယ်။မှန်းထားတာထက် ပိုရတယ်။ရတဲ့ငွေကို အားလုံးရှေ့မှာ ရွာလူကြီးလက် အပ်လိုက်တယ်။အားလုံးက သဘောကျကြတယ်။ဘကြီးယောက္ခမကြီးဆို တပြုံးပြုံးနဲ့။ဘကြီးယောက်ဖဆို ညနေပိုင်းမူးလည်းမူးရော ကတောင်ကလိုက်သေးတယ်” တဲ့။

နောက်ရက်ကစပြီး ဇရပ်တည်ဖို့ စတိုင်ပင်ကြတယ်။ဘကြီးနဲ့ ဦးဇင်းလေးကို ဖိတ်လို့ တက်တော့ ဘကြီးက တစ်ခွန်းဝင်မပြော။ဘကြီးရဲ့ ဦးဇင်းလေးက ရွာမှာတည်မယ့် ဇရပ် ရွာသားတွေ စိတ်ကြိုက်ဖြစ်ဖို့ နံပါတ်တစ်။ဦးဇင်းတို့က ရွာသားတွေ ဖြစ်ချင်တာကို ဖြစ်အောင် တတ်နိုင်သလောက် ပံ့ပိုးပေးဖို့ပဲ တာဝန်ရှိတယ်လို့ ပြောလိုက်ရော ဦးဇင်းအပေါ် ကြည်ညိုပြီးရင်း ကြည်ညိုကြ။

ဘကြီးမိန်းမရဲ့ ဦးလေးဝမ်းကွဲက လက်သမားဆရာကြီး။သူက ဇရပ်ကို အခမဲ့ အစအဆုံးဆောက်တယ်။ရွာကကာလသားတွေလည်း နေ့စဉ်လုပ်အားဒါန။တတ်နိုင်တဲ့ အိမ်တွေက မနက်စာ၊ နေ့ခင်းစာနဲ့ အဆာပြေစားစရာ နေ့စဉ်မပြတ်။လက်ဖွဲ့ငွေအပြင် ဇရပ်အတွက် လိုငွေ နည်းနည်းပါးပါးသာ ထပ်စိုက်ရပြီး ကောင်းပေ့ ဇရပ်တစ်ဆောင် ဖြစ်လာတယ်လို့ ဘကြီးကဆိုတယ်။

ဇရပ်ပြီးလို့ အလှူရှင်နာမည် ကမ္ဗည်းထိုးမယ်လည်းဆိုရော ဘကြီးက သူတို့လင်မယားနာမည် အတပ်မခံ။အားလုံးပါဝင်တဲ့ အလှူမို့ အများကောင်းမှုလို့သာ တပ်ပါတဲ့။ရွာသားတွေက ဘကြီးရဲ့ ယောက္ခမကြီးကို သားမက်ရ ကံကောင်းတယ်လို့ဆိုတော့ ယောက္ခမကြီး တပြုံးပြုံးနဲ့။

“ဇရပ်ဖွင့်ပွဲနေ့မှာ ရွာသားတွေက ဦးဇင်းလေးကို တရားဟောခိုင်းတော့ ဦးဇင်းလေး ဟောလိုက်တာ ကောင်းမှကောင်း ငါ့တူကြီးရေ။ဘုန်းကြီးကိုလှူမှ ဘုရားကိုလှူမှ ကုသိုလ်ရတာမဟုတ်ဘူး။အားနည်းတဲ့သူကို လှူတာ၊ ရပ်ရွာလိုအပ်ချက်ကို လှူတာလည်း အင်မတန်တန်ဖိုးရှိတဲ့ ကုသိုလ်ပဲတဲ့။ဘုန်းကြီးဆိုတာ ဇိမ်မခံရဘူး။ဘုန်းကြီးတွေ ဇိမ်ခံတတ်အောင် လျှောက်လှူတာ အပြစ်ရှိတယ်တဲ့။ကောင်းလိုက်တဲ့ တရား။အလင်းကို ပွင့်ရော” တဲ့။

ဘကြီး မင်္ဂလာဆောင်လက်ဖွဲ့နဲ့ လှူတဲ့ဇရပ် အခုထိ တည်တံ့နေတယ်။ဇရပ်ကိုမြင်တိုင်း ကျေနပ်မိတဲ့ အလှူတစ်ခုလို့ ဘကြီးပြောလေ့ရှိတယ်။

တကယ့်ကို ကျေနပ်စရာ ခေတ်အမြင် ရှေ့ရောက်လွန်းတဲ့ မင်္ဂလာဆောင်မို့ ကျနော်လည်း ကြွေမိ။ဇာတိမြေပြန်တဲ့အချိန် အဲဒီဇရပ်ကို မြင်မိတိုင်း ကိုယ့်ဘကြီးကိုယ် ဂုဏ်ယူနေမိတယ်။

ငြိမ်းဆက်
Photo Credit - facebook