【 ‌ဆောင်းပါး 】 သင့်ကိုသင် ရွက်တိုင်မြင့်မြင့်မှာ ချည်ထားပါ

【 ‌ဆောင်းပါး 】 သင့်ကိုသင် ရွက်တိုင်မြင့်မြင့်မှာ ချည်ထားပါ

မော်တန် တီ ဟန်ဆန်က “နည်းနည်းလုပ် စွဲမြဲလုပ်” (Do Less then Obsess) လို့ တောက်လျှောက်အကြံပေး လမ်းညွှန်ခဲ့ပြီး၊ ခုလာမယ့် ဆောင်းပါးမှာတော့ ဘယ်လိုနည်းနည်းရွေးလုပ်မလဲ၊ ဘယ်လိုစွဲမြဲလုပ်မလဲဆိုတာတွေကို အကြံပေးခဲ့ပါတယ်။ အဲဒီမှာ သူက စွဲမြဲလုပ်ဖို့ရာမှာ အာရုံစူးစိုက် (Focus) လုပ်နိုင်ဖို့က အရေးကြီးပြီး ခုခေတ် ရုံးပုံစံတွေနဲ့ လူနေမှုပုံစံတွေက အာရုံစူးစိုက်ဖို့ အခက်အခဲဖြစ်စေပုံ၊ အဲဒါကို ဘယ်လိုနည်းနဲ့ ရအောင် လုပ်မလဲဆိုတဲ့ အကြံပေးလမ်းညွှန်ချက်တွေကို ဒီဆောင်းပါးမှာ အဓိကဖော်ပြပေးထားတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ‌လေ့လာမှုမှာပါတဲ့ နှစ်ဆယ့်တစ်ရာခိုင်နှုန်းသော ဝန်ထမ်းတွေက ဆွဲဆောင်မှုနဲ့ အနှောင့်အယှက်တွေက အာရုံစိုက်လို့မရအောင် လုပ်နေတဲ့ အဟန့်အတားတွေပဲလို့ ယူဆကြတယ်။ အာရုံစိုက်ဖို့နဲ့ စွဲစွဲမြဲမြဲ နှစ်မြှုပ်အလုပ်လုပ်ဖို့အတွက် ဒုတိယဗျူဟာက အဲဒီအ‌နှောင့်အယှက်တွေနဲ့ ဝေးရာကို မိမိဖာသာ ချုပ်တည်းဖယ်ရှောင်နေခြင်းပဲဖြစ်ပါတယ်။

ကျွန်တော် ဒီစာအုပ်ကို ရေးနေချိန်မှာ ဒီဗျူဟာကို သုံးခဲ့ရတယ်။ စာရေးရတာ ကျွန်တော့်အတွက် နည်းနည်းခက်တဲ့ အလုပ်မို့လို့ ဟိုရွှေ့ဒီပြောင်း အာရုံများပြီး အချိန်ဆွဲပြီးလုပ်တတ်တဲ့ ကိုယ့်အကျင့်ကိုယ်သိလို့ ကျွန်တော်က လက်ပ်တော့တစ်လုံးဝယ်ပြီး အထဲက အင်တာနက်တို့၊ အီးမေးလ်တို့၊ မက်ဆေ့ချ်တို့ စတဲ့ အက်ပ်တွေအကုန်လုံးကိုဖြုတ်ပြီး မိုက်ခရိုဆော့ဖ်ဝဒ်တစ်မျိုးတည်း စာရိုက်ဖို့ ချန်ထားပြီး စတားဘတ်ကော်ဖီဆိုင်မှာ နှစ်နာရီခြား တစ်ခါနားပြီး တနေကုန် စထိုင်ရေးတယ်။ နေ့စဉ်ဆက်တိုက် ကော်ဖီပြင်းပြင်း (ကော်ဖီစေ့ကို အကြာကြီးလှော်ထားတဲ့ Dark-roast tall coffee နဲ့ သကြားမပါ နို့ဆီမပါ ဖျော်တဲ့ ဘလက်ကော်ဖီ) ကို မှာပြီး စာထိုင်ရိုက်တယ်။ ကျွန်တော့်မှာ အီး‌မေးလ်တွေကို ဖတ်ချင်လိုက်တာ စိတ်ကိုယားနေတာပဲ၊ ဒါပေမဲ့ ဖတ်လို့ကမရ။ ဒါနဲ့ အဆက်မပြတ် စာပဲ ဖိရိုက်နေပြီး သိပ်မကြာခင်မှာပဲ စာမူကြမ်းကို အောင်မြင်စွာရေးလို့ ပြီးသွားနိုင်ခဲ့ပါတယ်။

ဘာတွေဖြစ်ခဲ့တာလဲ။ ကျွန်တော်က ကိုယ့်ဖာသာကိုယ် သတိမထားမိပဲ ဂရိယုံတမ်းပုံပြင်ကို အတုယူမိလျက်သားဖြစ်သွားခဲ့တာပါ။ အော်ဒစ်ဆီးရပ်စ်က ကျွန်းတစ်ကျွန်းပေါ်ကနေ ကျွန်းနားကိုဖြတ်သွားတဲ့ သင်္ဘောသားတွေကို သူတို့ရဲ့ ညှို့အားပြင်းတဲ့ သီချင်းသံတွေနဲ့ လက်ယပ်ခေါ်ပြီး၊ လိုက်သွားတဲ့ သင်္ဘောသားတွေရဲ့ အသက်ကို နုတ်ယူတဲ့ ဆီယံစ် လို့ခေါ်တဲ့  ကျွန်းပေါ်က လှပတဲ့ အသွင်သဏ္ဍာန်ကို ကြောက်နေခဲ့တယ်။ ဒီတော့ သူက သူ့လူတွေကို သူ့နားရွက်ကို ဖယောင်းနဲ့ပိတ်ပြီး သူ့ကို သင်္ဘောရွက်တိုင်မှာ ကြိုးနဲ့တုတ်ထားခိုင်းပြီး၊ သူ ဘယ်လိုပဲ တောင်းပန်ပါစေ ကြိုးဖြေမပေးဖို့ ပြောထားလိုက်တယ်။ သူတို့ရဲ့လှေ ကျွန်းနားကဖြတ်သွားတဲ့အခါ အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ညှို့အားပြင်းတဲ့ သီချင်းသံတွေကြားရတော့ သူဘယ်လိုမှ မနေနိုင်ဘဲ သူ့ကိုကြိုးဖြေပေးဖို့ အော်ဟစ်ငိုယို တောင်းပန်တော့တယ်၊ ကြိုးပြေတာနဲ့ သူ ဆီယံစ်ဆီကို တန်းပြေးချင်တဲ့စိတ်တွေ အကြီးအကျယ် ဖြစ်‌ပေါ်နေတာပေါ့။

သူ့လူတွေက လွှတ်မပေးတဲ့အပြင် သူမှာထားတဲ့အတိုင်း ကြိုးကို ပိုတောင်မှတင်းအောင် ချည်လိုက်သေးတယ်။ ဒါကြောင့် အော်ဒစ်ဆီးရပ်စ်က စွဲလန်းတပ်မက်မှုကနေ လွတ်မြောက်နိုင်ခဲ့တယ်။

ကျွန်တော် ကွန်ပြူတာကို အထူးပြုလုပ်ချက်အနေနဲ့ အင်တာနက်ဖြုတ်ပြီး သုံးခဲ့တာကလည်း နှစ်ဆယ့်တစ်ရာစုစတိုင် ရွက်တိုင်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးနဲ့တုတ်ခဲ့ခြင်းလို့ ခေါ်နိုင်ပါတယ်။ ဒီဗျူဟာကို ကျင့်သုံးဖို့အတွက် အဓိကအချက်ကတော့ အချိန်ကြိုတင်စီစဉ်ခြင်းပါပဲ၊ ဒါမှ ဆွဲဆောင်မှုတွေ ပေါ်လာတဲ့အခါ ပါမသွားပဲ ခုခံထားနိုင်မှာပါ။ ဆွဲ‌ဆောင်မှုတွေကတော့ ပေါ်လာမှာမလွဲပါဘူး။

ဘစ်ရှော့က ဘယ်ဖောက်သည်မျိုးဆိုရင် အလုပ်မလုပ်ဘူးဆိုတဲ့ စည်းကမ်း ရှင်းရှင်းလင်းလင်း ထုတ်လိုက်ပြီး မကြာခင်မှာပဲ ညှို့အားပြင်းတဲ့ သီချင်းသံနဲ့ ဆီယံစ်နဲ့တူတဲ့ ဖောက်သည်က ဆွဲဆောင်လက်ယပ်ခေါ်တာမျိုး ပေါ်လာခဲ့တယ်။ နှစ်နှစ်ကြာတဲ့အခါ ကိုကာ-ကိုလာက ထူးခြားကောင်းမွန်တဲ့ ဖောက်သည်ဖြစ်လာခဲ့တယ်၊ ဘစ်ရှော့ရဲ့  စီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ တစ်နှစ်ကို ဒေါ်လာ ၂ သန်းပေးတဲ့ ဖောက်သည် ဖြစ်လာခဲ့တယ်။ အခု ကိုကာ-ကိုလာက သူမအတွက် စာချုပ်တစ်ခုတည်းနဲ့ တန်ဖိုးအကြီးဆုံးဖြစ်မယ့် ‌ဒေါ်လာ ၂၅၀,၀၀၀ တန်တဲ့ လုပ်ငန်းစာချုပ်တစ်ခုချုပ်ဖို့ ကမ်းလှမ်းတယ်၊ ဖြစ်ချင်တော့ သူမက သူမရဲ့ အဖွဲ့တွေကို မီဒီယာနဲ့ပတ်သက်တဲ့ အလုပ်တွေပဲ ရှာကြလုပ်ကြမယ်လို့ ပြောထားတော့၊ အခုကမ်းလှမ်းချက်က မီဒီယာနဲ့ပတ်သက်မှု မရှိဘူး။ ဒါဆိုရင် သူမက ဒီလောက်တန်ဖိုးကြီးတဲ့ စာချုပ်ကို ငြင်းဆိုဖို့ အားအင်ရှိပါ့မလား။

ဘစ်ရှော့ အပတ်ပေါင်းများစွာ သူမရဲ့ ဆုံးဖြတ်ချက်အတွက် မချိတင်ကဲ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူမရဲ့အဖွဲ့တွေကို ဥပဒေထုတ်ပြန်ပြီးသား ဖြစ်နေတော့၊ ဘစ်ရှော့ တစ်ယောက် သူမကိုယ်သူမ ရွက်တိုင်မှာ ကြိုးတုတ်ထားလိုက်ရရှာတယ်။ ကိုကာ-ကိုလာနဲ့လုပ်တဲ့ အစည်းအဝေးမှာ သူမဟာ သူမရဲ့ ဥပဒေကိုပဲ မြဲမြဲဆုပ်ကိုင်ခဲ့ရင်း ကိုယ့်ကိုယ်ကိုယ် ရွက်တိုင်မှာ ချည်နှောင်ထားခဲ့တယ်။ “နိုးပါလို့ ပြောနေရင်း ကျွန်မရဲ့ ဒူးတွေတုန်ပြီး လက်ဖဝါးတွေမှာလည်း ချွေးစေးပြန်နေခဲ့ရတယ်” လို့ ဘစ်ရှော့က ပြန်ပြောပြတယ်။

သူမဟာ သူမရဲ့ အရှေ့မှာ မျက်လုံးအကြောင်သားနဲ့ ထိုင်နေတဲ့ လူနှစ်ယောက်ကို မီဒီယာနဲ့ပတ်သက်တဲ့အလုပ် မဟုတ်သရွေ့ သူမလက်ခံလုပ်ပေးနိုင်မှာ မဟုတ်ကြောင်း ဝမ်းနည်းစွာနဲ့ ပြောကြားခဲ့တယ်။ သူမအနေနဲ့ ဥပဒေကို ကြိုတင်ထုတ်ခဲ့တာသာ မဟုတ်ရင် သူမအနေနဲ့ အခုလို ဘယ်လိုမှငြင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ကို ပြောပြခဲ့တယ်။

ဘစ်ရှော့ ရဲ့ “နည်းနည်းလုပ် စွဲမြဲလုပ်” ရမှတ်ဟာ ကျွန်တော်တို့ရဲ့ ဒေတာအစုံထဲမှာ အောက်ခြေ ၂၀ ရာခိုင်နှုန်းကနေ ထိပ်ဆုံး ၂၅ ရာခိုင်နှုန်းအထိ ထောင်တက်သွားခဲ့တယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုထဲက “နည်းနည်းလုပ်” အလေ့အကျင့်ကို စွဲလုပ်လေ့ရှိတဲ့ လူ ၂၀ ရာခိုင်နှုန်းကို သူတို့ အာရုံစူးစိုက်ဖို့နဲ့ ရိုးရှင်းအောင်လုပ်ဖို့အတွက် အဓိကအထောက်အကူဖြစ်စေတာက ဘာများလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ လူများစုက သူတို့ အနှောင့်အယှက်ကင်းကင်း အလုပ်လုပ်နိုင်အောင် အထူးအစီအမံတွေ လုပ်တယ်လို့ ဖြေကြတယ်။ အချို့က ရုံးကို တစ်နာရီ စောလာပြီး တချို့ ရုံးကနေ တစ်နာရီနောက်ကျမှပြန်တဲ့ အလေ့အကျင့်လုပ်ကြတယ်။ အချို့က အစည်းအဝေးမလုပ်တဲ့အချိန် အစည်းအဝေးခန်းကို သုံးကြပြီး၊ အချို့က နားကြပ်ကို နာရီအနည်းငယ်ကြာ တပ်ထားကြတယ် ဒါမှမဟုတ် သူတို့ရဲ့ စမတ်ဖုန်းကို မသုံးဘဲ နေကြတယ်။

အဲဒီနည်းတွေက ယနေ့ ရုံးပတ်ဝန်းကျင် အနေအထားမှာ အထူးလိုအပ်ပါတယ်။ ကိုယ်တစ်ပိုင်းလောက်ကာရံ အခန်းဖွဲ့ထားတဲ့ ခေတ်မီရုံးခန်းလေးတွေဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အနှောင့်အယှက်ကနေ ကင်းဝေးအောင် တားဆီးဖို့တော့ မလုံလောက်ပါဘူး။ အချိုရည်ကုမ္ပဏီက ဝန်ထမ်းတချို့က သူတို့အလုပ်မှာ အနှောင့်အယှက်ကင်းကင်း အာရုံစိုက်ပြီး အလုပ်လုပ်ချင်တဲ့အခါ သူတို့ရုံးခန်းဝင်ပေါက်ကို ငါးမြှားကြိုးနဲ့ ပိတ်တားထားတတ်တယ်။ အဲလိုပဲ အချို့ဆိုရင် သူတို့ သီးခြားအလုပ်လုပ်ချင်တဲ့အခါ ရေကူးဝတ်စုံလဲရင် သုံးတဲ့ ခန်းစီးလိုမျိုး နဲ့ ကာထားတတ်တယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေကျတော့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သူတို့ကို မနှောင့်ယှက်စေချင်ကြောင်း အချက်ပြတဲ့အနေနဲ့ လက်မောင်းမှာ လိမ္မော်ရောင်လက်ပတ် ပတ်ထားတတ်ကြတယ်။

သင့်ကိုယ်သင် ရွက်တိုင်မှာ ချည်ထားလို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ အချိန်မတိုင်ခင် ကြိုလုပ်ထားပါ။ ဒါမှ ကိုယ့်စားပွဲမှာ ကိုယ်ထိုင်နေရင်းက အာရုံများချင်တိုင်း ထသွားလို့ မရ‌နိုင်တော့မှာပေါ့။

သင့် အထက်အရာရှိကို “နိုးပါ” လို့ ဘယ်လိုပြောမလဲ ?

“နည်းနည်းလုပ် စွဲမြဲလုပ်” နိုင်ဖို့အတွက် တတိယဗျူဟာကတော့ သင့်အထက်အရာရှိက သင့်အလုပ်အပေါ်မှာ မျှော်လင့်တာတွေကို ထိမ်းချုပ်စီမံဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုထဲက ၂၄ ရာခိုင်နှုန်းသောသူတွေက သူတို့အလုပ်ကို အာရုံမစိုက်နိုင်တာက သူတို့အထက်လူကြီးရဲ့ လမ်းညွှန်မှု အားနည်းလို့ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ကျယ်ပြန့်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အရှုပ်အထွေးကြောင့်ဖြစ်တယ်လို့ အပြစ်တင်ချင်ကြတယ်။ ယေဘူယျအားဖြင့် ပြောရရင် သင့်အထက်အရာရှိကလည်း သင့်လိုပဲ  “နည်းနည်းလုပ်၊ စွဲမြဲလုပ်” အလေ့အကျင့်ကို ကြိုးစားနေတဲ့သူဆိုရင် လုပ်ရတာ တော်တော်လွယ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုထဲက ထိပ်တန်းစွမ်းဆောင်ရှင်တွေက သူတို့မှာ ရှင်းရှင်းလင်းလင်း လမ်းညွှန်မှုပေးတဲ့၊ တိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ပေးတဲ့၊ နောက် ဦးစားပေးမှု နည်းနည်းပဲ ထားရှိတဲ့ အထက်အရာရှိတွေရှိတယ်လို့ ပြောကြပါတယ်။

ဆိုတော့ သင့်မှာသာ “များများပိုလုပ်” ဖို့ပဲ လမ်းညွှန်တဲ့ အထက်အရာရှိ ရှိနေရင် ဘယ်လိုလုပ်ကြမလဲ။ တကယ်တော့ သင်ဟာ သင်ထင်သလောက် ဩဇာနည်းနေတဲ့သူတော့ မဟုတ်ပါဘူး။ အထက်ကို ပြန်စီမံခန့်ခွဲပြီး “နိုးပါ” လို့ ပြောနိုင်ပါသေးတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုထဲမှာပါတဲ့ ဂျိမ်းစ်လို့ အမည်ရတဲ့ အငယ်တန်းစီမံခန့်ခွဲရေးအကြံပေးက သူကြုံခဲ့တဲ့ အဖြစ်တစ်ခုကိုပြောပြတယ်၊ သူ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်က သူ့ကို ရောင်းအားတက်အောင်လုပ်တဲ့နေရာမှာ ကူညီဖို့ တောင်းဆိုလာတယ်။

“အဲဒီအချိန်တုံးက ကျွန်တော်က အရမ်းအရေးကြီးတဲ့ ကုမ္ပဏီပေါင်းစည်းရေး ပရောဂျက်ကို နီးကပ်နေပြီဖြစ်တဲ့ သတ်မှတ်ပြီးဆုံးရက်အမီ ပြီးနိုင်အောင် ရာခိုင်နှုန်းပြည့် အာရုံစိုက်ပြီး လုပ်နေရတဲ့အချိန်ဖြစ်နေတယ်” လို့ ဂျိမ်းစ်က ပြောပြတယ်။

ဂျိမ်းစ်က အဲဒီလုပ်ဖော်ကိုင်ဖက်ကို သူ့အနေနဲ့ အရမ်းကို အားရဝမ်းသာ ကူညီချင်ပါကြောင်း၊ ဒါပေမဲ့ သူ့မှာ ကုမ္ပဏီပေါင်းစည်းရေး ပရောဂျက်ရော ရောင်းအားတက်စေရေးရော နှစ်ခုလုံးကို တစ်ပြိုင်နက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာကို သူဦးစားပေးသင့်တယ်ထင်လဲလို့ ပြန်ပြောခဲ့တယ်။ သူ့လုပ်ဖော်ကိုင်ဖက်က “ခင်ဗျား နှစ်ခုလုံးကို မလုပ်နိုင်ဘူးလား” လို့ ပြန်မေးခဲ့တယ်။

“ပြောင်ပြောင်မြောက်မြောက် လုပ်ချင်ရင်တော့ မရဘူး” လို့ ဂျိမ်းစ်က ပြန်ဖြေခဲ့တယ်။

“ကုမ္ပဏီပေါင်းစည်းရေး ပရောဂျက်မှာ ကျွန်တော် သုံးပတ်လုံးလုံး အပြည့်အဝအာရုံစိုက်လုပ်ဖို့ လိုတယ်၊ အချိန်ဇယားမှာ လျှော့လို့ရတာ တစ်ချိန်မှမရှိဘူး။ အဓိက ကတော့ အကောင်းဆုံးအရည်အသွေး ပြည့်ချင်တာပါ၊ အဲတော့ တကယ်လို့ ခင်ဗျားရဲ့ ရောင်းအားတက်ဖို့ ကူညီစေချင်တယ်ဆိုရင် ကျွန်တော်တို့ လူအင်အား ထပ်လိုမယ်။”

ဂျိမ်းစ်က သူတပါးကို စကြောက်တွေလို့ ခေါ်တတ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဆီက နစ်နစ်နာနာပြောတာ တစ်ခုခုကြားရမယ်လို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ သူ့လုပ်ဖော်ကိုင်ဖက်က ခေါင်းတညိတ်ညိတ်နဲ့ “မင်းမှန်တယ် ထင်ပါတယ်ကွာ” လို့ ပြောလိုက်တယ်။

ဒါနဲ့ ဂျိမ်းစ်က သူ့ကို အခြားပရောဂျက်ပြီးလို့ ပြန်လာတဲ့ တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့ အကြံပေးလိုက်တယ်။ သင့်အထက်အရာရှိနဲ့ ကျရင်လည်း ကိုယ်ကအချောင်ခိုဖို့ ကြံနေတာ မဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း သိပါစေ၊ ကိုယ်က ‌ဦးစားပေးရမှာကို ဦးစားပေးလုပ်တယ် ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အစွမ်းကုန် အားစိုက်လုပ်ပြီး ပြောင်ပြောင်မြောက်မြောက် ဖြစ်စေချင်လို့ဆိုတာကို သိပါစေ။ ဦးစားပေးရမယ့် အလုပ်ကို ပြောင်းစေချင်လားလို့ သင့်အထက်အရာရှိကို မေးပါ။ ဆုံးဖြတ်ရမယ့်ကိစ္စကို သင့်အထက်အရာရှိကို ခေါင်းခံခိုင်းလိုက်ပါ။ သင့်အထက်အရာရှိက သင့်ကို “များများလုပ် များများပင်ပန်း” စနစ်အောက်ရောက်အောင် တွန်းပို့တာကနေ သင်ရှောင်ရှားချင်မှာပါ။ သင့်စွမ်းဆောင်ရည်ဟာ “နည်းနည်းလုပ် စွဲမြဲလုပ်” စနစ်နဲ့ဆိုရင် ပိုကောင်းမှာမို့လို့ပါပဲ။ သင့်အထက်အရာရှိကလည်း ဒါကို သဘောကျမှာပါ။ (သဘောကျသင့်ပါတယ်။)

သင့်လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလိုလိုက အလုပ်ကို ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေလည်း များများလုပ်ဖို့ ကြိုးပမ်းနေချိန်မှာ သင်က “နည်းနည်းလုပ် စွဲမြဲလုပ်” ဖို့က သတ္တိတော့ရှိမှ ဖြစ်မှာပါ။ ကောင်းတာတစ်ခုက သင်ဒါကို အလုပ်အသေးလေးကနေ စလုပ်လို့ရတာပါ။ အောကမ်စ် ရေဇာကို သုံးပြီး မလိုအပ်တဲ့ အကျိုးရရှိမှုနည်းတဲ့ လုပ်ငန်းပိုင်းလေးတွေကို ပယ်ထုတ်လိုက်ပါ။ နည်းလမ်းတချို့ရှာပြီး “သင့်ကိုယ်သင် ရွက်တိုင်မှာ ချည်နှောင်ထား‌” နိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် သင်အဓိကကျတဲ့ အလုပ်တွေကို စွဲမြဲလုပ်ဖို့ကို ဘာကမှဟန့်တားနိုင်မှာ မဟုတ်တော့ပါဘူး။

သင့်အထက်အရာရှိကိုလည်း သင့်လုပ်ငန်းတွေထဲက ဘာကိုဦးစားပေးရမယ်ဆိုတာကို ပြောပြခိုင်းပါ၊ ဒါမှ သင်က ဘာကို အာရုံစိုက်လုပ်ရမယ်ဆိုတာ ပိုနားလည်နိုင်မှာပါ။

“နည်းနည်းလုပ် စွဲမြဲလုပ်” နည်းစနစ်အပေါ်မှာ အရေးကြီး မေးခွန်းထုတ်စရာ နှစ်ခုရှိတယ်ဆိုတာ မပြောရသေးဘူး - ဘာကိုအာရုံစူးစိုက်သင့်လဲ၊ မှားတဲ့လုပ်ငန်းမှာ အာရုံစိုက်နေမိရင် စွဲမြဲလုပ်နေမိရင် ပျက်စီးခြင်း လမ်းပေါ်ကို ရောက်သွားမှာပါ။ တကယ်လို့ အမန်ဆန်ကသာ မြင်းတွေကိုပဲ အသုံးချခဲ့မယ်ဆိုရင် သူဘယ်လောက်ပဲ စွဲမြဲလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မြင်းတွေက ဝင်ရိုးစွန်း ရေခဲပြင်ပေါ်မှာ အသုံးတည့်မှာ မဟုတ်လို့ပါ။ တကယ်လို့ စူဆန်ဘစ်ရှော့ကသာ မီဒီယာနယ်ပယ်က ဖောက်သည်တွေကို မရွေးခဲ့ဘဲ၊ သူမ ဘမှာသိပ်နားမလည်တဲ့ ငွေစာရင်းဝန်ဆောင်မှုနယ်ပယ်က ဖောက်သည်တွေကိုပဲ အလုပ်လုပ်ပေးဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သူမဟာ ဆက်ပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရဦးမှာပါ။

နောက်လာမယ့် ဆောင်းပါးတွေမှာ ဘာကိုဦးစားပေးရမလဲဆိုတာကို ဖော်ထုတ်လမ်းညွှန်ပေးသွားပါမယ်။

အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်‌ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)