【 ‌ဆောင်းပါး 】 အပူကူးခြင်း

【 ‌ဆောင်းပါး 】 အပူကူးခြင်း

ယခုရက်ပိုင်း ပူလှသည်။ ပူတော့ အပူရှောင်ရန် အပူခိုရန် နေရာရှာရသည်။ အိမ်ခေါင်းရင်းတွင် ဗာဒံပင်က ပြီးခဲ့သည့်မိုးရာသီမှာ အကိုင်းမခုတ်ခဲ့သဖြင့် ယခုနွေရာသီတွင် အုပ်အုပ်ဆိုင်းဆိုင်း အရိပ်ရသဖြင့် ဗာဒံပင် အောက် အပူရှောင်ကာ လာထိုင်နေသူတွေများသည်။ ကျနော်က ထိုနေရာတွင် ကွပ်ပျစ်လေးရိုက်ကာ လူတွေလာထိုင်ရန် လုပ်ပေးထားတော့ နေ့လယ်ဘက် ပူပြင်းချိန်ဆို ထိုကွပ်ပျစ်လေးတွင် လမ်းထဲမှ လူတွေနှင့် စည်ကားသလို အမေ ကိုလည်း ထိုကွပ်ပျစ်နားလေး ပက်လက်ကုလားထိုင်နှင့်ထားသဖြင့် ရပ်ထဲရွာထဲမှ လူများနှင့် စကားပြောဖြစ် သည်။ အမေလည်း ကိုဗစ်ကာလထဲမှ ယခုမတိုင်ခင်အထိ ရပ်ထဲ ရွာထဲမှ လူများနှင့် ထိတွေ့မှုနည်းသဖြင့် ယခုလို အပူရှောင်ရင်း ဆုံကြတော့ စကားတွေ ပြောမကုန်နိုင်။

ဒီနှစ်နွေက အလွန်ပူလှသည်။ သမိုင်းတစ်လျှောက်အပူဆုံးလို့ တချို့က ဆိုချင်ကြသော်လည်း အပင်ရိပ် နှင့် မီးမှန်နေစဉ် ယခင်နှစ်များဘယ်လောက်ပူသည်ကို သတိမပြုခဲ့။ ယခုတော့ လျှပ်စစ်မီးကမမှန်၊ အပင်တွေက ကတုံးတွေ ဖြစ်တော့ အပူက အတားအဆီးမဲ့။ ဒီတော့ လေငြိမ်သည့်အခါ အပင်ရိပ်အောက်မှာ ထိုင်နေသည့် ကျ နော်တို့ပင် ယပ်ခတ်နေရသည်။ အပူချိန်က ၄၀ နားကပ်နေသည်။ သတင်းများတွင် အထက်ပိုင်းက ချောက်မြို့မှာ ၄၂ ဟု ဖတ်လိုက်ရသည်။ ကမ္ဘာ့အပူဆုံးမြို့တွင် ဒုတိယနေရာမှာပင် ရှိသည်ဆိုသည်။ ထိုနေရာကလူတွေ ဘယ်လို များနေကြပါလိမ့်ဟု စိတ်ထဲ တွေးမိသည်။

လေကပူပူ၊ ဒီကြားထဲ နေ့လယ်ဘက် စကားဝိုင်းတွင် ပြောကြသည်က အပူစကားများချည်းမို့ အပူတွေက ကူးလှသည်။ စကားဝိုင်းထဲ နေ့စဉ် စားသောက်ကုန်များ ဈေးတက်သည်မှ အစ နေထိုင်ရေးခက်သည့်အထိ၊ တချို့ တွေ မိသားစုတွေ တကွဲတပြားဖြစ်တာတွေ၊ အိမ်ရောင်းချပေါင်နှံရတာတွေ၊ စသဖြင့် အခက်အခဲပေါင်းစုံကြား နေ ရသဖြင့် လူကြီးဖြစ်သည့် အမေကို အပူတွေ ကူးမှာစိုးသဖြင့် အဲဒီနေရာမှာဘဲ အပူရှောင်ခိုင်းရမလား၊ အိမ်မှာပဲ နေခိုင်းရမလား စိတ်က ဒွိဟဖြစ်ရသည်။

အပူ၊အပူဆိုသည်မှာ ဘယ်အပူမှ မကောင်း။ အပူ၏သဘောက လူကို ဆက်နွယ် ပူလောင်စေသည် ချည်း ပဲဖြစ်သည်။ကျနော် အစိုးရဝန်ထမ်းဘဝကနေ အပြင်မှာ ထွက်ပြီး ပုဂ္ဂလိကအလုပ်ကို စလုပ်တော့ ဒီလို နွေရာသီ မျိုး ဖြစ်သည်။ ထိုစဉ်က မြို့သစ်တွေ စတည်ကာစ။ မြို့သစ်တွေမှာ သစ်လိုက်စပ်ရသည်။ သစ်လိုချင်သူ အိမ် ဆောက်ပစ္စည်းလိုချင်သူတွေဆီ ပစ္စည်းလိုက်ပို့ရသည်။ ထိုတုန်းက ယနေ့ခေတ်လို ကားသုံးတာမတွင်ကျယ်သလို နေရာတကာ လက်တွန်းလှည်းဖြင့် ပို့ရတာ ဖြစ်သည်။ ရွှေပြည်သာလို ကွင်းခေါင်ခေါင်တွင် အိမ်ဆောက်ပစ္စည်း များဖြစ်သည် အုတ်ဖိနပ်တိုင်၊ ဘိလပ်မြေ၊ အုတ်များကို တင်ကာ တွန်းရသည်မှာ မချောင်။

နေကပူပူနှင့် ဆာသော်လည်း ရောက်အောင်မပို့နိုင်ပါက တခြားဆိုင်က ပို့သွားမှာဖြစ်သဖြင့် ရောက် အောင်ပို့ပြီးမှာ စားရသည်။ ထိုစဉ်တုန်းက ပူသည့်နေ့အပူကို ဘဝမှာ အပူဆုံးဟု ထင်ခဲ့ရာ ယခုအပူကို ထိုတုန်းက အပူက မမှီ။ ထိုစဉ်တုန်းက နေ့လယ်ဘက်ပူသော်လည်း ကွင်းပြင်ကိုဖြတ်ပြီးတိုက်လာသည့် လေထဲတွင် ရေငွေ့ နှင့် သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်လာသဖြင့် လေအပူဓာတ်ရှိသည့်ဆိုသော်လည်း လတ်ဆတ်ကာ အေးသေး သည်။ ယခု ကြုံရသည် နွေရာသီအပူက မီးဖိုဘေးနားထိုင်နေသလို အပူနှင့် မီးဖိုကိုဖြတ်ကာ တိုက်ခတ်လာသည့် လေပူလို။ အရာရာပူလွန်းလှသည်။

အမေကို ပက်လက်ကုလားထိုင်မှာ ထားရင်း စိတ်က အပူတွေအကြောင်း စဉ်းစားမိသည်။ ကိုဗစ်မဖြစ်ခင် အထိ စိတ်က တဝဲလည်လည်။ ကိုဗစ်တွင် သိတဲ့သူတွေ အတော်များများ ပါကုန်သည်။ သို့သော် ရောဂါကပ်ဘေး အချိန်အခါဖြစ်သဖြင့် နာရေးလည်း မသွားနိုင်၊ သာရေးလည်း မသွားနိုင်။ထိုအချိန်တွင် ရင်ထဲအပူက နှစ်မျိုး။ ကိုယ် သေမှာ ကြောက်သည်အပူနှင့် ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးရသောအပူတွေ။ ယခုကြတော့ အပူတွေက အများ ကြီး။ စားရေး၊နေရေး၊ဝတ်ရေးသာမက အနာဂတ်ပါပျောက်နေသည့် အရေးလည်းပါသလို အချိန်မရွေးသေဆုံးသွား နိုင်သည် ဘေးပါကြုံနေရခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလို နွေရာသီအပူလို သဘာဝအပူကပါ ပေါင်းလိုက်သည့် အခါ အပူက နဂိုပူသည်ထက် အဆပေါင်းများစွာ ပိုပူသည်ဟု ထင်ရအောင်ပင် ပူလေသည်။

အရိပ်ထဲမှာထိုင်နေသည့် အခါ အပြင်ကအပူကို မသိ ဆိုသော စကားရှိသည်။  အပြင်မှာနေသော သူမှာ လည်း အရိပ်ထဲမှလူကို အေးအေးဆေးဆေးမြင်ရသည်အခါတွင် အပြင်ကလူသို့  အအေးဓာတ်ကို ကူးသည်။  အထဲ ကလူမအေးဘဲ ပူနေသည်ကိုမြင်ရသည့် ရှိနေသည့်အပူထက် ပိုပူလေသည်။ထို့ကြောင့် အပူထက်ကူးသည့် အပူဆို တာ မရှိတော့။ဒီလိုအချိန်မှာ ရာသီဥတုအပူ၊ သောကအပူနှင့် သားရေးသမီးရေးအပူ၊စားရေးသောက်ရေးအပူတွေ ကြုံရသည့်အခါတွင်တော့ အပြင်ကအပူလည်း အတွင်းကအပူကိုမနိုင်တော့။

ထိုသည်ကို ဖေ့စဘုတ်တွင် လူတစ်ဦးက သရော်ပြီးရေးထားတာကိုဖတ်ရသည်။ ထိုသူရေးထားတာက “ငါတို့ အရင်က ဆနွင်းမကင်းကို မီးကင်ခဲ့လို့ ပြန်ဝဋ်လည်ပြီ”ဟု ရေးထားသည်။ ထိုရေးထားမှုကို အတော်များ များက မှတ်ချက်ရေးကြသည်။  အတွင်းပူ အပြင်ပူဖြင့် အတော်ကိုကျက်နေလောက်ပြီဟု ။ ဆနွင်းမကင်းကျို သည့်အခါ အပေါ်မီး အောက်မီးဖြင့် ညှပ်ကင်ရသည့် သဘောနှင့် ယခုဖြစ်ပျက်နေသည့် သဘောကို နိုင်းယှဉ်ခြင်း ဖြစ်သော်လည်း တကယ်တမ်းလက်တွေ့ ကြုံနေရသည့်အခါ ရယ်စရာတောင် မရယ်နိုင်ကြသည့် အဖြစ်။

ညဘက်ဆိုလည်းပူ နေဘက်ဆိုလည်းပူနှင့် လူက အပူဖြင့်သာ နပမ်းလုံးနေကြရသည်။ သောကဖြင့် မအိပ်နိုင်သလို အပူဒဏ်ကြောင့်လည်း မအိပ်နိုင်ကြသည့်အခါ လူတွေမှာ အိပ်ရေးမ၀ မရွှင်လန်းနှင့် သောက မျက်နှာမသာမယာနှင့်။ လူကြီးတွေလည်း မျက်နှာမသာယာ၊ကလေးတွေလည်း မျက်နှာမသာယာ။ ဘယ်သူမှ မလွတ်သည့် အပူပါလားဟု ကျနော်တွေးမိသည်။

တစ်ခါတစ်လေ နေပူထဲမှာ အမှိုက်လိုက်ကောက်နေသည့် လူတွေကလေးတွေ၊ လိုက်တောင်းနေသည် လူတွေ၊ ဈေးလိုက်ရောင်းနေသည့် သူတွေကို မြင်ရသည်အခါ စိတ်ကပိုပူလေသည်။ထိုသိုပူရသည့်အထဲ ကျောင်း တက်ရမည့် ကလေးတွေ နေပူထဲ အမှိုက်ကောက်နေရသည့်အခါ၊ သက်ကြီးရွယ်အိုတွေ နေပူထဲ လိုက်တောင်းနေရသည်ကိုမြင်ရသည့်အခါ နေရိပ်ထဲမှ ကျနော်တို့ပင် အပူတွေ ကူးလေတော့သည်။

ဪ.. အပူ..အပူ..။

မောင်ဦးလွင်