【နိုင်ငံတကာ】“Belt and Road” ဖိုရမ်မှာ တရုတ်နိုင်ငံကဆောင်ရွက်မယ့် အသေးစိတ်လှုပ်ရှားမှုအစီအစဉ်ကို ကြေညာခဲ့

【နိုင်ငံတကာ】“Belt and Road” ဖိုရမ်မှာ တရုတ်နိုင်ငံကဆောင်ရွက်မယ့် အသေးစိတ်လှုပ်ရှားမှုအစီအစဉ်ကို ကြေညာခဲ့

တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်မှာ တရုတ်နိုင်ငံက ဆောင်ရွက်မယ့် အသေးစိတ်လှုပ်ရှားမှုအစီအစဉ်ကို ကြေညာခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့က ပေကျင်းမြို့မှာ ကျင်းပခဲ့ပြီး အဲဒီဖိုရမ်ကို နိုင်ငံပေါင်း ၁၄၀ ကျော်နဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က အဓိကမိန့်ခွန်းပြောကြားခဲ့ကာ ပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်း “Belt and Road” အတူတည်ဆောက်မှုမှ ရရှိခဲ့တဲ့ကြီးမားသောအောင်မြင်မှုရလဒ်များကို မိတ်ဆက်ပေးကာ အတူတိုင်ပင်ဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း၊ အကျိုးတူဖြစ်ထွန်းခြင်း ဆိုင်ရာလက်တွေ့အတွေ့အကြုံများကို အနှစ်ချုပ်သုံးသပ်ခဲ့သလို “Belt and Road” အရည်အသွေးမြင့်စွာ အတူတည်ဆောက်ရေး လမ်းပြမြေပုံကို စီစဉ်ရေးဆွဲခဲ့ပြီး တရုတ်နိုင်ငံကဆောင်ရွက်မယ့် အသေးစိတ်လှုပ်ရှားမှုအစီအစဉ်ကို ကြေညာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

“Belt and Road” စီမံချက်ကို သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်မှာ အဆိုပြုခဲ့ပြီး အဲဒီစီမံချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ရှေးဟောင်းပိုးလမ်းမကြီးကို မှီငြမ်းပြီး အပြန်အလှန်ချိတ်ဆက်မှုကို အဓိကလမ်းကြောင်း အဖြစ်ထားရှိကာ နိုင်ငံအသီးသီးရဲ့ မူဝါဒ ဆိုင်ရာချိတ်ဆက်မှု၊ အဆောက်အအုံပိုင်းဆိုင်ရာ ချိတ်ဆက်မှု၊ ကုန်သွယ်ရေးအဆင်ပြေ ချောမွေ့စေရေး ချိတ်ဆက်မှု၊ ငွေကြေးအရင်းအနှီးဆိုင်ရာ ပေါင်းစပ်ပါဝင်မှု၊ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှု တို့မှတစ်ဆင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် စွမ်းအင်သစ်များ ထည့်သွင်းပေးကာ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာသစ် ဖန်တီးပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“Belt and Road” အတူတည်ဆောက်ရေးစီမံချက်ကို အဆိုပြုခဲ့တဲ့ ဆယ်နှစ်ပြည့်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က “Belt and Road” အရည်အသွေးမြင့်စွာ အတူတည်ဆောက်ရေးအတွက် လမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီး အပြန်အလှန်ချိတ်ဆက်မှုဆိုင်ရာ ရုပ်လုံးကြွတဲ့ကွန်ရက်ကို တည်ဆောက်ရန်၊ စိမ်းလန်းစိုပြည်စွာ၊ သိပ္ပံနည်းကျစွာ၊ သန့်ရှင်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန်၊ ယဉ်ကျေးမှုများ ကူးလူးဖလှယ်မှုနဲ့ အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်ရန်၊ တစ်ကမ္ဘာလုံး ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန်ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ယခုအကြိမ် ထိပ်သီးဖိုရမ်ရဲ့ဆောင်ပုဒ်မှာ “‘Belt and Road’ အား အရည်အသွေးမြင့်စွာ အတူတည်ဆောက်ခြင်းဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအား အတူလက်တွဲဖော်ဆောင်ခြင်း” ဖြစ်တယ်လို့ သိရပါတယ်။

ပေကျင်း၊ အောက်တိုဘာ ၂၀