【 နိုင်ငံတကာ အနုပညာ 】 ဖမ်းဆီးခံရတာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ပြောလိုက်တဲ့ မော်ဂန်ဝယ်လန်

【 နိုင်ငံတကာ အနုပညာ 】 ဖမ်းဆီးခံရတာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ပြောလိုက်တဲ့ မော်ဂန်ဝယ်လန်

နယူးယောက်၊ ဧပြီ - ၂၁
 
ယခုလအစောပိုင်းက နက်ရှ်ဗီးလ်မှာ အငြင်းပွားဖွယ် ဖမ်းဆီးခံရမှုကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်  ကျေးလက်အဆိုတော် မော်ဂန် ဝယ်လန်က ဒါဟာ ဂုဏ်ယူရမယ့်ကိစ္စ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
 
“Wasted on You” သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ အသက် ၃၀ အရွယ် အဆိုတော်ဟာ ဘရော့ဒ်ဝေးရှိ အဲရစ်ချ်ရဲ့ ဘားခေါင်မိုးပေါ်ကနေ ကုလားထိုင်တစ်လုံး ပစ်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၇ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
 
ကုလားထိုင်သည် ခြောက်ထပ်စားသောက်ဆိုင်ရှေ့မှာ ရပ်နေသော အရာရှိနှစ်ဦးအနီး ရောက်သွားပုံရပါတယ်။ဒီလိုပြုမူခဲ့တဲ့အတွက် ဝယ်လန်ဟာ မဆင်မခြင် အန္တရာယ်ပြုမှု ပုဒ်မ ၃ ခုဖြင့် တရားစွဲခံရပါတယ်။
 
ဒါပေမဲ့ ဒေးဗစ်ဆင်ကောင်တီ အကျဉ်းထောင်က ဧပြီလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်မှာ ဒေါ်လာ ၁၅,၀၀၀ တန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။ဒီအတွက် မေလ ၃ ရက်မှာ သူ့ရဲ့ ရုံးချိန်းပြန်ပေးထားပါတယ်။အဲဒီရက်မှာ သူ့ရဲ့ ဒုတိယမြောက် ဖျော်ဖြေရေးခရီးစဉ်အဖြစ်  နက်ရှ်ဗီးလ်မှာ ဖျော်ဖြေဖို့ရှိနေပါတယ်။
 
ဝယ်လန်ကတော့ “ကျွန်တော့်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲမရှိပါဘူး” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ရေးသားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - The Independent