【 နိုင်ငံတကာ အနုပညာ 】 ဘရူနိုမားစ် လောင်းကစားကြွေး ဒေါ်လာ သန်း ၅၀ တင်နေ

【 နိုင်ငံတကာ အနုပညာ 】 ဘရူနိုမားစ် လောင်းကစားကြွေး ဒေါ်လာ သန်း ၅၀ တင်နေ

နယူးယောက်၊ မတ် - ၁၈

ဘရူနိုမားစ်သည် လောင်းကစားကြွေး ဒေါ်လာ သန်း ၅၀ တင်ရှိနေသည်ဆိုသည့် သတင်းများ Consequence တွင် စတင်ဖော်ပြလာပါတယ်။

ဘရူနိုမားစ်သည် Park MGM ဟိုတယ်တွင် နေထိုင်နေသည်မှာ မကြာသေးမီက ၉ နှစ် ပြည့်ခဲ့ပြီး သူသည် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲ ၁၂ ပွဲဖြင့် ဆက်လက်နေထိုင်မည်ဖြစ်ပါတယ်။

သို့သော် News Nation မှသတင်းတစ်ပုဒ်အရ မားစ်သည် ထိုဟိုတယ်တွင် ကာလကြာမြင့်စွာ နေထိုင်ရသည့် အကြောင်းအရင်းမှာ သူသည် ကာစီနိုတွင် အကြွေး အကြီးအကျယ် တင်နေသောကြောင့်ဖြစ်ကြောင်း သိရပါတယ်။

“သူက MGM ကို လောင်းကစားအတွက် အကြွေးတင်နေတယ်။ MGM က သူ့ကိုပိုင်တယ်လို့တောင် ပြောလို့ရတယ်” ဟု အမည်ဖော်ပြမထားသည့် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

မားစ်သည် MGM သို့ အကြွေး သန်း ၅၀ ခန့်အထိ တင်နေသည်ဟု ထိုသတင်းရင်းမြစ်က ခန့်မှန်းခဲ့ပါတယ်။သူသည် ကာစီနိုလုပ်ငန်းနှင့် သဘောတူစာချုပ်အရ တစ်နှစ်လျှင် ဒေါ်လာ သန်း ၉၀ ရမည်ဖြစ်သော်လည်း အခွန်ဆောင်ပြီးပါက သူတင်နေသည့် အကြွေးဆပ်ရန် ငွေကိုသာ ရတော့မည်ဖြစ်ပါတယ်။

မားစ်သည် လောင်းကစားဝါသနာပါကြောင်း ယခင် မီဒီယာတွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားခဲ့ပြီး သူသည် အသက် ၁၉ နှစ်သားတွင် ကာစီနို စတင်လောင်းကစားကြောင်းနှင့် မကျော်ကြားသေးသော ဂီတသမားဘဝတွင် အိမ်လခကို ဖဲကစားပြီး ရှာဖွေခဲ့ကြောင်း သိရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - NME