【 နိုင်ငံတကာ 】တရုတ်က ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုသစ် ထပ်မံကြေညာသောကြောင့် ဘိုင်ဒင်စိုးရိမ်

【 နိုင်ငံတကာ 】တရုတ်က ထိုင်ဝမ်ပတ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုသစ် ထပ်မံကြေညာသောကြောင့် ဘိုင်ဒင်စိုးရိမ်

စစ်ရေးလေ့ကျင့်မှုသစ်များကို ထပ်မံပြုလုပ်ဦးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ကြေညာလိုက်သောကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။  ပေကျင်းက  လွန်ခဲ့သောအပတ်က ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ သွားရောက်လည်ပတ်ခြင်းကို ဆန့်ကျင်သည့် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုမပြီးမီ တစ်ရက်အလိုတွင် ထိုသို့ ထပ်မံကြေညာခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ဘက်စစ်မျက်နှာဌာနချုပ်က ရေငုပ်သင်္ဘောနှင့် ပင်လယ်ပြင်တိုက်ခိုက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သောကြောင့် ပေကျင်းသည် ထိုင်ဝမ်ကာကွယ်ရေးများကို ဆက်လက်ဖိအားပေးနေဦးမည်ဆိုသည့် လုံခြုံရေးသုတေသီများ၏ စိုးရိမ်မှုများကို အတည်ပြုပေးလိုက်ပါတယ်။

ထိုလုပ်ရပ်ကို ထိုင်ဝမ်က ရှုတ်ချလိုက်ပြီး တရုတ်သည် အကျပ်အတည်းများကို တမင်ဖန်တီးနေကြောင်း ပြောလိုက်ပါတယ်။ပေကျင်းအနေဖြင့် စစ်ရေးလုပ်ဆောင်မှုများ ရပ်ဆိုင်းရန်နှင့် အန္တရာယ်အစွန်းမှ ပြန်လည်နောက်ဆုတ်ရန် ထိုင်ဝမ်က တောင်းဆိုခဲ့ပါတယ်။

“တရုတ်က ဖန်တီးထားတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ ထိုင်ဝမ်က ကြောက်မှာ မဟုတ်သလို အရှုံးပေးမှာလည်း မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင်မှု၊ အမျိုးသားလုံခြုံရေး၊ လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ ဘဝလမ်းကြောင်းကို ကာကွယ်မှာဖြစ်တယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ပလိုစီထိုင်ဝမ်သို့ သွားရောက်ပြီးနောက် ထိုခရီးစဉ်နှင့်ပတ်သက်သည့် သူ၏ ပထမဆုံးမှတ်ချက်ကို ပြောကြားရာတွင် ဘိုင်ဒင်က ထိုင်ဝမ်အတွက် မစိုးရိမ်သော်လည်း တရုတ်၏ ဒေသတွင်းလုပ်ရပ်များကို စိုးရိမ်ကြောင်းပြောပါတယ်။

“သူတို့က သူတို့လုပ်လို့ရသမျှ အကုန်လုပ်နေတော့ ကျနော်စိုးရိမ်တယ်။ ဒါပေမယ့် သူတို့လုပ်လို့မလုပ်နိုင်တာကိုတော့ လုပ်မယ်လို့ မထင်ပါဘူး” ဟု ဘိုင်ဒင်က ပြောပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ ကာရင်း ဂျန် ပီယာရီက တရုတ် စစ်ရေးလေ့ကျင့်မှုများကို ရုတ်ချခဲ့ပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုတွေကို သူတို့ စတင်ကတည်းက ကျမတို့က ရှုတ်ချနေတာ။ ဒါက ရန်စတာ၊ တာဝန်မဲ့ပြီး အတွက်အချက်မှားယွင်းမှုကိုဖြစ်စေတယ်။ သမ္မတက ဒီကိစ္စကို ပြောတာလို့ကျမထင်တယ်” ဟု သူမက ပြောခဲ့ပါတယ်။

Linko

Ref:Reuters

ဝါရှင်တန်၊ ဩဂုတ် ၉