【 နိုင်ငံတကာ 】 ကုလရဲ့ ကန့်သတ်ချက် အဆုံးသတ်ကြောင်း အီရန်ကြေညာစဉ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်

【 နိုင်ငံတကာ 】 ကုလရဲ့ ကန့်သတ်ချက် အဆုံးသတ်ကြောင်း အီရန်ကြေညာစဉ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်

ဝါရှင်တန်၊ အောက်တိုဘာ - ၁၉

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၎င်းအပေါ်ချမှတ်ထားသည့် ဒုံးကျည်နှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအပေါ် ကန့်သတ်တားမြစ်ချက်များကို ခြွင်းချက်မရှိ အဆုံးသတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အီရန်က အတည်ပြု ကြေညာပြီးနောက် ထိုနေ့တွင်ပင် အမေရိကန်က တီဟီရန်၏ ဒုံးကျည်နှင့် ဒရုန်းအစီအစဉ်များအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ “ယနေ့ အီရန်ကို ဆန့်ကျင်ကန့်သတ်တဲ့ နောက်ဆုံးအပိုင်းအဖြစ် ဒုံးကျည်လှုပ်ရှားမှုများနှင့် သက်ဆိုင်ရာဝန်ဆောင်မှုများနှင့် နည်းပညာများ ဖလှယ်ခြင်းနှင့် သက်ဆိုင်သည့် နယ်ပယ်များတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) မှ နှစ်ပေါင်းများစွာ ချမှတ်ထားသော ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များအပါအဝင် အီရန်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ကန့်သတ်မှုကို ခြွင်းချက်မရှိ ရပ်ဆိုင်းခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း ထိုနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ၏ ကန့်သတ်ချက်များ သက်တမ်းကုန်ဆုံးပြီးနောက်တွင်ပင် အမေရိကန်သည် အီရန်၏ ဒုံးကျည်အစီအစဉ်ကို ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ရှိနေဦးမည်ဟု ရည်ညွှန်းသည့် အစီအမံများကို ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

အီရန်၏ ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းအစီအစဉ်များတွင် ဆက်စပ်နေသည်ဟု စွပ်စွဲခံထားရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ထို့အပြင် အင်္ဂါနေ့က ၎င်းဝက်ဘ်ဆိုက်၏ ဖော်ပြသည့် ထုတ်ပြန်ကြေညာချက်တွင် ဥရောပကောင်စီက အီရန်အစိုးရကို အီးယူ၏ မပြန့်ပွားရေး အစီအမံအောက်မှ တင်းကျပ်သော အစီအမံများ ထိန်းသိမ်းရန်အတွက် လိုအပ်သော ခြေလှမ်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုနေ့တွင်ပင် အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နတ်ဆာခါနာနီက ဥရောပကောင်စီ၏ ဆုံးဖြတ်ချက်သည် တစ်ဖက်သတ် တရားမဝင်ဖြစ်ပြီး နိုင်ငံရေးအရ တရားမျှတမှုမရှိဟု ရှုတ်ချခဲ့ပါတယ်။

အီရန်သည် JCPOA ဟုခေါ်သော တရားဝင် နျူကလီးယားသဘောတူညီချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန်အတွက် ၎င်း၏ နျူကလီးယားအစီအစဉ်အပေါ် ကန့်သတ်ချက်အချို့ထားရှိရန် သဘောတူညီခဲ့ပါတယ်။

သို့သော်လည်း အမေရိကန်သည် ၂၀၁၈ ခုနှစ် မေလတွင် သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး တီဟီရန်အပေါ် ၎င်း၏ တစ်ဖက်သတ်ပိတ်ဆို့ အရေးယူမှုများကို ပြန်လည်ချမှတ်ခဲ့ရာ သဘောတူညီချက်အရ ၎င်း၏ နျူကလီးယားကတိကဝတ်အချို့ကို ဖျက်သိမ်းရန် တွန်းအားပေးခဲ့ပါတယ်။

JCPOA ကို ပြန်လည်အသက်ဝင်ရန်အတွက် ဆွေးနွေးပွဲများကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာတွင် ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပါတယ်။အကြိမ်ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း  ၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ဆုံးအကျော့ ပြီးဆုံးချိန်မှစ၍ သိသိသာသာ အောင်မြင်မှု မရရှိခဲ့ပေ။

Linko
Ref - CMG