【 နိုင်ငံတကာ 】 ကွန်ဂရက်က ယူကရိန်းသို့ အကူအညီကို ပယ်ချပြီးနောက် ဘိုင်ဒင်က ယူကရိန်းကို အမေရိကန် ဆက်လက်ထောက်ခံမည်ဟု မဟာမိတ်များကို အာမခံနေရ

【 နိုင်ငံတကာ 】 ကွန်ဂရက်က ယူကရိန်းသို့ အကူအညီကို ပယ်ချပြီးနောက် ဘိုင်ဒင်က ယူကရိန်းကို အမေရိကန် ဆက်လက်ထောက်ခံမည်ဟု မဟာမိတ်များကို အာမခံနေရ

ဝါရှင်တန်၊ အောက်တိုဘာ - ၄

ရုရှားကိုတိုက်ထုတ်ရန် ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာ တောင်းခံမှုကို ပယ်ချသော်လည်း အမေရိကန်အစိုးရ အသုံးစရိတ်ကို ထောက်ပံ့သည့် ဥပဒေကို ကွန်ဂရက်က အတည်ပြုကာ သမ္မတ ဘိုင်ဒင်က လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအတွက် အနာဂတ်အကူအညီများ ညှိနှိုင်းရန်အတွက် အမေရိကန်မဟာမိတ်များ၊ မိတ်ဘက်နိုင်ငံများနှင့် အင်္ဂါနေ့တွင် ဆွေးနွေးခဲ့ပါတယ်။

ထိုဆွေးနွေးမှုကို ဘိုင်ဒင်က ဦးဆောင်ကျင်းပကြောင်း အိမ်ဖြူတော်ကပြောသော်လည်း အခြားအသေးစိတ်များကို ပြောကြားခြင်းမရှိပေ။

ဘိုင်ဒင်သည် ယူကရိန်းအတွက် အမေရိကန်ထောက်ခံမှုကို အာမခံပြီး ကွန်ဂရက်သည် ထိုကိစ္စကို ကျောခိုင်းသွားမည်ဟု မယုံကြည်ကြောင်း ပြောသည်ဟု ပိုလန်သမ္မတ အန်ဒရာဇက် ဒူဂျာက ပြောပါတယ်။

“နိုင်ငံတိုင်းက အလှည့်ကျဆွေးနွေးကြတယ်။အဓိကအကြောင်းအရာကတော့ ယူကရိန်းနဲ့ ယူကရိန်းအခြေအနေပဲ” ဟု ဒူဒါက ပိုလန်နိုင်ငံကီရယ်စ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

“သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုကအခြေအနေကို ကျနော်တို့ကို ဦးစွာရှင်းပြပြီး ယူကရိန်းရဲ့ စစ်မှန်တဲ့ နိုင်ငံရေးအခြေအနေက ဘာလဲဆိုတာရှင်းပြတယ်။ယူကရိန်းကို ဆက်လက်ထောက်ခံဖို့ အထူးသဖြင့် စစ်ရေးအရကူညီဖို့ ထောက်ခံမှုရှိတယ်ဆိုတာ သူပြောတယ်။ကွန်ဂရက်မှာ သူထောက်ခံမှုရလိမ့်မယ်လို့ သူပြောတယ်” ဟု ပိုလန်သမ္မတက ပြောပါတယ်။

ဘိုင်ဒင်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်တို့နှင့်အတူ ထိုဆွေးနွေးမှုတွင်ပါဝင်သူများမှာ ကနေဒါ၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရိုမေးနီးယား၊ ဗြိတိန်၊ ဥရောပကော်မရှင်နှင့် ဥရောပကောင်စီတို့မှ ခေါင်းဆောင်များပါဝင်ပါတယ်။ပြင်သစ်မှ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ပြီး သမ္မတသည် အခြားစီစဉ်ပြီးကိစ္စများကြောင့် မပါဝင်နိုင်ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ဗြိတိန်နှင့် အီတလီခေါင်းဆောင်များကလည်း ၎င်းတို့သည် ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်းပြောသည်ဟု ထိုနိုင်ငံများမှ အရာရှိများပြောခဲ့ပါတယ်။

Linko
Ref - AP