【 နိုင်ငံတကာ 】 ခရိုင်းမီးယားမှာ ယူကရိန်းပစ်လွှတ်တဲ့ ဒရုန်း ၄၂ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှားထုတ်ပြန်

【 နိုင်ငံတကာ 】 ခရိုင်းမီးယားမှာ ယူကရိန်းပစ်လွှတ်တဲ့ ဒရုန်း ၄၂ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှားထုတ်ပြန်

 

မော်စကို၊ သြဂုတ် - ၂၅

ခရိုင်းမီးယားကျွန်းဆွယ်တွင် သောကြာနေ့အစောပိုင်းက ယူကရိန်းမှ ပစ်လွှတ်သော ဒရုန်း ၄၂ စင်းနှင့် ကာလူဂါဒေသအပေါ်မှ ဒုံးကျည်တစ်စင်းကို ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မောင်းသူမဲ့လေယာဉ် ကိုးစင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ဖျက်ဆီးခဲ့ပြီး ၃၃ စင်းကို အီလက်ထရွန်နစ်စစ်ဆင်ရေးဖြင့် ပိတ်ဆို့ခဲ့သဖြင့် ၎င်းတို့၏ပစ်မှတ်များဆီကိုမရောက်ဘဲ ခရိုင်းမီးယားတွင် ပျက်ကျခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရုရှားသည် ယူကရိန်းထံမှ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့တာဖြစ်ပါတယ်။

ခရိုင်းမီးယားရှိ ဆိပ်ကမ်းမြို့ ဆီဗက်စတိုလ်မှ ရုရှားခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး မီခေးလ်ရာဇိုဇေဟက်ဗ်က ဆီဗက်စတိုလ် ဆင်ခြေဖုံးရှိ ခါဆွန်းနိစ်အငူတွင် ဒရုန်းအများအပြား ပျက်စီးသွားကြောင်း တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် မော်စကိုဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကာလူဂါဒေသအပေါ်မှာ ယူကရိန်းပစ်လွှတ်သည့် ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့ကြောင်း ပြောခဲ့ပါတယ်။

ယူကရိန်းပစ်ခတ်မှုဟု ရုရှားပြောသည့် တိုက်ခိုက်မှုများအတွင်း အသေအပျောက် (သို့မဟုတ်) ထိခိုက်ပျက်စီးမှုသတင်းများ ချက်ချင်းမရရှိသေးပေ။တိုက်ခိုက်မှုကြောင့် ရုရှားလေဆိပ်များတွင် လေယာဉ်ခရီးစဉ်များကို နာရီအနည်းငယ်ကြာ ဆိုင်းငံ့ထားပါတယ်။

အလားတူ တိုက်ခိုက်မှုမျိုးတွင် ဒရုန်းများ ပစ်လွှတ်သည့် အရေအတွက်မှာ ယခုတစ်ကြိမ်သည် အကြီးမားဆုံးဖြစ်ပါတယ်။

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်း (သို့မဟုတ်) ယူကရိန်းရှိ ရုရှားထိန်းချုပ်ထားသော နယ်မြေအတွင်း တိုက်ခိုက်မှုများတွင် တာဝန်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း မကြာသေးမီလများအတွင်း ရုရှား၏ စစ်ရေးအခြေခံအဆောက်အအုံများကို ဖျက်ဆီးခံရခြင်းကို ကိယက်ဗ်၏ တန်ပြန်ထိုးစစ်ကို အထောက်အကူဖြစ်စေကြောင်း ယူကရိန်းဘက်က ပြောဆိုခဲ့တာရှိခဲ့ပါတယ်။

Linko
Ref - Reuters