【 နိုင်ငံတကာ 】 ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီသေဆုံး

【 နိုင်ငံတကာ 】 ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီသေဆုံး

ဂါဇာ၊ အောက်တိုဘာ - ၂၀

ဂါဇာကမ်းမြှောင်တောင်ပိုင်း၊ ခန်းယူနွတ်စ်မှာ သောကြာနေ့ နံနက်အစောပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ခြောက်လုံးပျက်စီးပြီး လူဒါဇင်နှင့်ချီသေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်ခြောက်လုံးပျက်စီးခဲ့ပြီး လူကိုးဦးသေဆုံးကာ အခြား ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနက တယ်လီဂရမ်မှာ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့အားလုံးကို Nasser ဆေးဘက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆိုပါတယ်။

သို့သော်လည်း ပါလက်စတိုင်းသတင်းဌာန Wafa ကမူ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး၊ ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခသည် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်၏ ကုန်းကြောင်း၊ ရေကြောင်းနှင့် ဝေဟင်မှ ဒုံးကျည်ပစ်လွှတ်မှုများနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ဘက်စုံ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုဖြစ်သည့် စစ်ဆင်ရေး Al-Aqsa Flood ကို စတင်ခဲ့ချိန်ကတည်းက အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါကျူးကျော်ဝင်ရောက်မှုသည် Al-Aqsa ဗလီကို ဝင်ရောက်စီးနင်းမှုနှင့် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက်မှု ကြီးထွားလာမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟားမတ်စ်က ဆိုပါတယ်။

ထို့နောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ် ပစ်မှတ်များကို Swords of Iron စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၃,၄၇၈ ဦး သေဆုံးခဲ့ပြီး၊ ထိုကိန်းဂဏန်းမှာ အစ္စရေးတွင် သေဆုံးသည့် လူ ၁၄၀၀ ကျော်ထက် များနေပါတယ်။

Linko
Ref - Anadolu Agency