【 နိုင်ငံတကာ 】 ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေး အဆိုပြုချက်ကို ဟားမတ်စ်က တိုးတက်မှုမရှိဟုဆိုကာ ပယ်ချ

【 နိုင်ငံတကာ 】 ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေး အဆိုပြုချက်ကို ဟားမတ်စ်က တိုးတက်မှုမရှိဟုဆိုကာ ပယ်ချ

ဂါဇာ၊ ဧပြီ - ၉

ကိုင်ရိုတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် အစ္စရေး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်က ပယ်ချခဲ့ကြောင်း ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

ကာတာနှင့် အီဂျစ် ကြားဝင် ဖျန်ဖြေသူများအပြင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဒါရိုက်တာ ဝီလျံဘန်းစ် ပါဝင်သည့် ဆွေးနွေးပွဲအတွက် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့များက အီဂျစ်သို့ တနင်္ဂနွေနေ့တွင် စေလွှတ်ခဲ့ကြပါတယ်။

ဘန်းစ် ရောက်ရှိနေခြင်းသည် ခြောက်လကြာ ပဋိပက္ခကြောင့် ငတ်မွတ်ခေါင်းပါးခဲ့ရသော ပါလက်စတိုင်းအရပ်သားများအား အကူအညီရယူရန်နှင့် ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံထားရသော အစ္စရေးဓားစာခံများကို လွတ်မြောက်စေမည့် သဘောတူညီချက်တစ်ရပ်အတွက် အစ္စရေး၏ အဓိကမဟာမိတ် အမေရိကန်ထံမှ ဖိအားများမြင့်တက်လာမှုကို အလေးပေးဖော်ပြနေပါတယ်။

သို့သော် ဟားမတ်စ် အကြီးတန်းအရာရှိ အလီဘာရာကာက “အီဂျစ်ဘက်က အသိပေးထားတဲ့ အစ္စရေးဘက်က နောက်ဆုံးအဆိုပြုချက်တွေကို ကျွန်တော်တို့ ပယ်ချပါတယ်။ပေါ်လစ်ဗျူရိုက ဒီနေ့တွေ့ဆုံပြီး ဒါကိုဆုံးဖြတ်လိုက်တာ” လို့ ပြောခဲ့ပါတယ်။

အစောပိုင်းမှာ ဟားမတ်စ်အရာရှိတစ်ဦးက ရိုက်တာသို့ စေ့စပ်ညှိနှိုင်းမှုတွင် တိုးတက်မှုမရှိဟု ပြောခဲ့ပါတယ်။

“အစ္စရေး (အစ္စရေး) ရဲ့ သိမ်းပိုက်မှုအနေအထား  အပြောင်းအလဲမရှိတဲ့အတွက် ကိုင်ရိုဆွေးနွေးပွဲမှာ ဘာမှအသစ်အဆန်းမရှိပါဘူး” ဟု အမည်မဖော်လိုသူ ဟားမတ်စ်အရာရှိက ရိုက်တာသို့ ပြောကြားခဲ့ပါတယ်။

“တိုးတက်မှု ဘာမှမရှိဘူး” ဟု သူပြောပါတယ်။

အစ္စရေးဘက်မှ အဆိုပြုချက် အသေးစိတ်ကိုတော့ ချက်ချင်းမသိရသေးပါဘူး။

ဂါဇာတောင်ပိုင်းဒေသအချို့မှ အစ္စရေးတပ်များ ပြန်လည်ဆုတ်ခွာပြီးနောက် တစ်ရက်အကြာ တနင်္လာနေ့က ဂျေရုဆလင်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကိုင်ရိုတွင် ဆွေးနွေးမှု အသေးစိတ်အစီရင်ခံစာကို လက်ခံရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုက “ကျွန်ုပ်တို့ရဲ့ ဓားစာခံအားလုံးကို လွှတ်ပေးဖို့နဲ့ ဟားမတ်စ်ကို ပြီးပြည့်စုံတဲ့ အောင်ပွဲရရှိဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

“ဒီအောင်ပွဲက ရာဖာထဲကိုဝင်ဖို့နဲ့ အဲဒီမှာရှိတဲ့ အကြမ်းဖက်တပ်ရင်းတွေကို ချေမှုန်းပစ်ဖို့ လိုတယ်။အဲဒါတွေဖြစ်လာမယ့် ရက်စွဲရှိတယ်” သို့သော် ရက်စွဲကိုမူ မသတ်မှတ်ခဲ့ပေ။

ရာဖာသည် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ ပါလက်စတိုင်းအရပ်သားများအတွက် နောက်ဆုံးခိုလှုံရာ နေရာဖြစ်ပါတယ်။ ဒါဟာ ဟားမတ်စ် တိုက်ခိုက်ရေးယူနစ်တွေရဲ့ နောက်ဆုံး သိသာထင်ရှားတဲ့ သံသယဖြစ်စရာလည်းဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

တောင်ပိုင်းမြို့တွင်းတွင် လူတစ်သန်းကျော် ပြည့်ကျပ်နေပြီး အစာရေစာ၊ ရေနှင့် အမိုးအကာများ ပြတ်လပ်နေကာ သွေးထွက်သံယိုဖြစ်မည်ကို စိုးရိမ်သောကြောင့် ရာဖာကို စီးနင်းခြင်းမပြုရန် နိုင်ငံခြားအစိုးရများနှင့် အဖွဲ့အစည်းများက အစ္စရေးကို တိုက်တွန်းထားပါတယ်။

ရာဖာမြို့တွင် ရွက်ဖျင်တဲများတွင် နေထိုင်ခဲ့ကြသော ရာနှင့်ချီသော ဒေသခံများသည် တနင်္လာနေ့တွင် ၎င်းတို့၏ ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များသို့ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးရ သတင်းတစ်ရပ်တွင် ခြောက်လကြာ ပဋိပက္ခအတွင်း ပါလက်စတိုင်းသား ၃၃,၂၀၇ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒေသတွင်း လူပေါင်း ၂.၃ သန်း၏ အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အများအပြားမှာ အငတ်ဘေးအန္တရာယ် ရင်ဆိုင်နေရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters