【 နိုင်ငံတကာ 】 ဆီးရီးယားရှိ တီဟီရန်သံရုံးကို အစ္စရေးက ဝင်တိုက်ပြီးနောက် အီရန်၏ လက်တုံ့ပြန်နိုင်မှုအတွက် အမေရိကန်ပြင်ဆင်

【 နိုင်ငံတကာ 】 ဆီးရီးယားရှိ တီဟီရန်သံရုံးကို အစ္စရေးက ဝင်တိုက်ပြီးနောက် အီရန်၏ လက်တုံ့ပြန်နိုင်မှုအတွက် အမေရိကန်ပြင်ဆင်

ဝါရှင်တန်၊ ဧပြီ - ၇
 
ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ အစ္စရေး (သို့မဟုတ်) အမေရိကန် ပိုင်ဆိုင်မှုများကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည့် တိုက်ခိုက်မှုအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ 
 
နောက်အပတ်အတွင်း တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်သည်ဆိုသည့် CNN အစီရင်ခံစာကို ထို အရာရှိက အတည်ပြုပြီးနောက် “ကျွန်တော်တို့ သေချာပေါက် သတိထားရမယ့် အခြေအနေမှာရှိနေပါတယ်” ဟု ပြောခဲ့ပါတယ်။
 
အစ္စရေးစစ်လေယာဉ်များက ဒမတ်စကတ်ရှိ အီရန်သံရုံးကို တနင်္လာနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အီရန်စစ်တပ်မှူးတစ်ဦး သေဆုံးခဲ့သဖြင့် ဒေသတွင်း ရန်ဘက်များနှင့် အစ္စရေး၏ စစ်ပွဲတွင် တင်းမာမှု တိုးမြင့်လာမှု အမှတ်အသားဖြစ်ခဲ့ပါတယ်။
 
အီရန်တော်လှန်ရေးအစောင့်တပ်က အဆိုပါတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်အကြံပေးခုနစ်ဦး သေဆုံးခဲ့ကြောင်း ပြောခဲ့ပြီး ၎င်း၏ထိပ်တန်း အရန်တပ်ဖွဲ့ဖြစ်သည့် Quds Force ၏ အကြီးတန်းတပ်မှူး မိုဟာမက်ရာဇီဇာဟီဒီလည်း ပါဝင်ခဲ့ကြောင်း ဆိုပါတယ်။
 
အီရန်က ပြတ်ပြတ်သားသား တုံ့ပြန်ရန် အခွင့်အရေးကို လက်ဝယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
 
အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့ တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ပါတယ်။
 
“Shahed မောင်းသူမဲ့ ဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည်တွေ ပါဝင်မယ့် လက်တုံ့ပြန်မှုနဲ့ တိုက်ခိုက်ဖို့ အီရန်က စီစဉ်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက ယူဆထားပါတယ်” ဟု CBS သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့ပါတယ်။
 
အချိန်နှင့် ပစ်မှတ်ကို မသိရသေးသော်လည်း ဒမတ်စကတ် တိုက်ခိုက်မှုအတွက် အချိုးကျာတုံ့ပြန်မှုမှာ အစ္စရေးသံတမန်အဆောက်အအုံကို ထိမှန်မှာဖြစ်တယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
 
အီရန်က ၎င်း၏ သံရုံးကို အစ္စရေးတိုက်ခိုက်ခြင်းအား တုံ့ပြန်ရာမှာ အမေရိကန်အနေဖြင့် ဘေးဖယ်နေရန် တောင်းဆိုထားကြောင်း အီရန်က ပြောခဲ့ပါတယ်။
 
“အမေရိကန်အတွက် နေတန်ယာဟုရဲ့ ထောင်ချောက်ထဲ ဆွဲငင်မခံရဖို့ အမေရိကန်ခေါင်းဆောင်တွေကို အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက သတိပေးထားပါတယ်။ဒီကနေ မထိခိုက်အောင် ဝေးဝေးနေပါ” လို့ အီရန်သမ္မတရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အရာရှိချုပ် မိုဟာမက်ဂျန်ရှီဒီက တွစ်တာမှာ ရေးသားထားပါတယ်။
 
“ဒီအတွက် အမေရိကန်က အီရန်က တုံ့ပြန်တဲ့နေရာမှာ အမေရိကန်အဆောက်အဦတွေကို ပစ်မှတ်မထားဖို့ တောင်းဆိုခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
 
ထိုအတောအတွင်း ဟစ်ဇ်ဘိုလာအကြီးအကဲ ဟာဆန်နာဆာလက်က အီရန်သံတမန်ရုံးအား အစ္စရေး၏ တိုက်ခိုက်မှုကို အချိုးအကွေ့တစ်ခုဟု ခေါ်ဆိုခဲ့ပြီး တီဟီရန်၏ လက်တုံ့ပြန်မှုကို ရှောင်လွှဲ၍မရဟု ပြောကြားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - TRT