【 နိုင်ငံတကာ 】 တရုတ်ခရီးသည်များကို မနှောင့်ယှက်ရန် တရုတ်သံရုံးက အမေရိကန်အာဏာပိုင်များကို တိုက်တွန်း

【 နိုင်ငံတကာ 】 တရုတ်ခရီးသည်များကို မနှောင့်ယှက်ရန် တရုတ်သံရုံးက အမေရိကန်အာဏာပိုင်များကို တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ - ၁၀

အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့နိုင်ငံသို့ ခရီးသွားလာသည့် တရုတ်နိုင်ငံသားများကို ဟန့်တားနှောင့်ယှက်မှု ရပ်ဆိုင်းရန် အမေရိကန်ပြည်ထောင်စုမှ တရုတ်သံရုံးက တနင်္လာနေ့တွင် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။

မကြာသေးမီနှစ်များအတွင်း အမေရိကန် နယ်စပ်ထိန်းချုပ်ရေး ဝန်ထမ်းများသည် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို အဆက်မပြတ် တရားမျှတမှု ကင်းမဲ့စွာ နှောင့်ယှက်၊ စစ်ဆေးမေးမြန်းပြီး ပြည်နှင်ဒဏ်ပေးနေကြောင်း အထူးသဖြင့် ကျောင်းသားများနှင့် ပညာရှင်များကို ထိုသို့လုပ်နေကြောင်း ထိုပြောခွင့်ရသူက ကြေညာချက်တစ်စောင်တွင် ပြောခဲ့ပါတယ်။

တရားဝင် ဗီဇာနှင့် စာရွက်စာတမ်းရှိသော ကျောင်းသား ၃၀၀ နီးပါးအပါအဝင် တရုတ်နိုင်ငံသား ၃၀၀ နီးပါးကို အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မပြည့်စုံသည့် စာရင်းများကို ကိုးကားပြီးနောက် ထိုပြောခွင့်ရသူက ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းတွင် ဝါရှင်တန်ရှိ ဒူးလက်လေဆိပ်တစ်ခုတည်းမှပင် တရုတ်ကျောင်းသားများ နှောင့်ယှက်၊ စစ်ဆေး၊ ဗီဇာကန့်သတ်ခံရပြီး ပြည်နှင်ဒဏ်ပေးခံရသည့် အမှု ၁၀ ခုရှိသည်ဟု ထိုပြောခွင့်ရသူပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၏ ထိုသို့သောလုပ်ရပ်များသည် ပုံမှန်တရားဥပဒေစိုးမိုးရေး နယ်ပယ်ထက် ကျော်လွန်နေပြီး ပြင်းထန်သောအတွေးအခေါ် ဘက်လိုက်မှုကြောင့်ဖြစ်ကြောင်း ထိုပြောခွင့်ရသူက ဆက်လက်ပြောကြားပြီး ထိုသို့လုပ်ခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဖောက်ဖျက်ပြီး၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပုံမှန်နယ်စပ်ဖြတ်ကျော်မှုကို နှောင့်ယှက်ကာ တရုတ်-အမေရိကန် ယဉ်ကျေးမှုနှင့် ပြည်သူများ အပြန်အလှန်ဆက်ဆံရေး အဆင့်မြှင့်တင် ချောမွေ့စေရေး  ၂ နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီချက်ကို ဆန့်ကျင်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ထိုသို့သောလုပ်ရပ်များကို တရုတ်နိုင်ငံက စိုးရိမ်ပြီး အခိုင်အမာဆန့်ကျင်ပြီး အမေရိကန်ဘက်သို့ သတိထောက်လွှာ ပေးပို့ထားသည်ဟု အထက်ပါပြောခွင့်ရသူက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဖြင့် စကားပြောခဲ့သည်။သမ္မတ ၂ ဦးတို့သည် ၂ နိုင်ငံအကြား ပြည်သူချင်းဆက်ဆံရေး မြှင့်တင်ရေးအတွက် နောက်ထပ်ခြေလှမ်းများလှမ်းရန် ကတိပြုခဲ့ကြောင်း ထိုပြောခွင့်ရသူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားသည့် တရုတ်နိုင်ငံသားများကို အမျိုးသားလုံခြုံရေး အကြောင်းပြပြီး နှောင့်ယှက်မှုရပ်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် လူထုထောက်ခံမှု ထိခိုက်အောင် မလုပ်ရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား ခင်မင်ရင်းနှီးသည့် ထိတွေ့ဆက်ဆံမှုကို မနှောင့်ယှက်ရန် အထက်ပါပြောခွင့်ရသူ ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG