【 နိုင်ငံတကာ 】 တရုတ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ အစ္စရေး-အီရန် တင်းမာမှုအတွက် ဖုန်းဖြင့်ဆက်သွယ်

【 နိုင်ငံတကာ 】 တရုတ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ အစ္စရေး-အီရန် တင်းမာမှုအတွက် ဖုန်းဖြင့်ဆက်သွယ်

ပေကျင်း၊ ဧပြီ - ၁၇
 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာ အဗ္ဗဒိုလ်ဟီရန်တို့သည် အီရန်နှင့် အစ္စရေးအကြား တင်းမာမှုများကို တနင်္လာနေ့တွင် ဆွေးနွေးခဲ့ပါတယ်။
 
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားနိုင်ငံ၊ ဒမားစကတ်မှ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုနှင့်ပတ်သက်သည် အီရန်၏သဘောထားကို ပြောကြားပြီး ထိုတိုက်ခိုက်မှုအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လိုအပ်သည့် တုံ့ပြန်မှုကို မလုပ်ခဲ့ကြောင်းပြောကာ အီရန်သည် ၎င်း၏ အချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုအတွက် ခုံခံကာကွယ်ခွင့်ရှိကြောင်း ပြောပါတယ်။
 
လက်ရှိ ဒေသတွင်းအခြေအနေသည် လွန်စွာထိခိုက်လွယ်ပြီး အီရန်အနေဖြင့် ချုပ်တည်းလုပ်ကိုင်ရန်နှင့် တင်းမားမှု ပိုမိုမမြင့်မားစေရန် ဆန္ဒရှိကြောင်း ပြောပါတယ်။
 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်ဖြစ်သော ဝမ်က တရုတ် နိုင်ငံသည် ဒမားစကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်းကို အပြင်းအထန်ရှုတ်ချ ဆန့်ကျင်ကြောင်းပြောပြီး ထိုကိစ္စသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သောကြောင့် အပြင်းအထန်ရှုတ်ချခြင်းဖြစ်ကြောင်း ပြောပါတယ်။
 
အီရန်၏ တုံ့ပြန်မှုသည် အကန့်အသတ်ဖြင့် တုံ့ပြန်မှုဖြစ်ပြီး ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအတွက် မိမိကိုယ်မိမိ ကာကွယ်သည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်က ယူဆသည်ဟု ဝမ်က ပြောပါတယ်။
 
အီရန်သည် အိမ်နီချင်းများနှင့် ဒေသတွင်းနိုင်ငံများကို ပစ်မှတ်မထားဘဲ အိမ်နီးချင်းကောင်းမူဝါဒနှင့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားခြင်းကို တရုတ်က အသိအမှတ်ပြုသည်ဟု ဝမ်က ပြောပါတယ်။
 
အီရန်သည် အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်ပြီး ဒေသတွင်း တင်းမာမှုဆက်လက်မဖြစ်စေဘဲ ၎င်း၏ အကျိုးစီးပွားနှင့်ဂုဏ်သိက္ခာကို ကာကွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG