【 နိုင်ငံတကာ 】 တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုပြီးနောက် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ပစ်လွှတ်

【 နိုင်ငံတကာ 】 တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုပြီးနောက် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ပစ်လွှတ်

ဆိုးလ်၊ စက်တင်ဘာ - ၂

မြောက်ကိုရီးယားသည် စနေနေ့က ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်များစွာ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကဆိုပြီး အမေရိကန်-တောင်ကိုရီးယား နွေရာသီ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လက်နက်စမ်းသပ်မှု လှုပ်ရှားမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ဆိုပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယား၏ အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် စနေနေ့ နံနက်အစောပိုင်းက ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအာဏာပိုင်များက ဒုံးကျည်ပစ်လွှတ်မှု အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

တောင်ကိုရီးယားသည် ၎င်း၏ ထောက်လှမ်းရေးအနေအထားကို မြှင့်တင်ထားပြီး အမေရိကန်နှင့် အနီးကပ်ပူးပေါင်းကာ ခိုင်မာသော စစ်ရေးပြင်ဆင်မှုကို ထိန်းသိမ်းထားကြောင်း (JCS) က ပြောကြားခဲ့ပါတယ်။

ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ယူဆထားသော အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်များ၏ ၁၁ ရက်ကြာ လေ့ကျင့်မှု ပြီးဆုံးပြီးနောက် နှစ်ရက်အကြာတွင် အဆိုပါဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

သို့သော် ဝါရှင်တန်နှင့် ဆိုးလ်မှ တာဝန်ရှိသူများက ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများကို ခံစစ်အတွက် လေ့ကျင့်ခြင်းအဖြစ် ပြောထားပါတယ်။
    
အမေရိကန်-တောင်ကိုရီးယား လေ့ကျင့်ရေးမပြီးခင် တစ်ရက်အလိုက တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ရာ ၎င်းမှာ တောင်ကိုးရီးယားကို နျူကလီးယားတိုက်ခိုက်မှုဖြင့် “မြေလှန်မီးရှို့ရန်” ပုံတူလေ့ကျင့်ခြင်းအတွက် ရည်ရွယ်ကြောင်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်တွင် တောင်ကိုရီးယား၏ နယ်မြေသိမ်းပိုက်မှုကို ပြန်လည်အစမ်းလေ့ကျင့်ရန် ရည်ရွယ်သည့် ကွပ်ကဲရေးစခန်းလေ့ကျင့်ခန်းကို သီးခြားပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်သည့် သြဂုတ် ၂၁ ရက်နေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

Linko
Ref - The Star