【 နိုင်ငံတကာ 】 ဒရုန်းဖြင့် လှိုင်းလုံးပမာ တိုက်ခိုက်မှုကြောင့် ရုရှားဓာတ်အားခွဲရုံကို ထိခိုက်ပျက်စီး

【 နိုင်ငံတကာ 】 ဒရုန်းဖြင့် လှိုင်းလုံးပမာ တိုက်ခိုက်မှုကြောင့် ရုရှားဓာတ်အားခွဲရုံကို ထိခိုက်ပျက်စီး

ကိယက်ဗ်၊ စက်တင်ဘာ - ၂၉

ယူကရိန်းနယ်စပ်အနီး ရုရှားကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို တိုက်ခိုက်ရေးဒရုန်းတစ်စီးက ဖောက်ခွဲရေးပစ္စည်းများ ကြဲချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဆိုပြီး ဘဲလ်ဂိုရော့ဒ်၊ ကရက်ရှ်နှင့် ကာလူဂါဒေသများမှာ ရုရှားက ယူကရိန်းဒရုန်းတစ်ဒါဇင်ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နယ်စပ်ကနေ ၂၅ ကီလိုမီတာ (၁၆ မိုင်) အောက်သာ ကွာဝေးတဲ့  ရုရှား ရွာတစ်ခုဖြစ်တဲ့ ဘီလာရာရွာမှာ “ယူကရိန်းဒရုန်းတစ်စီးက ဓာတ်အားခွဲရုံတစ်ခုပေါ် ဖောက်ခွဲရေးပစ္စည်းနှစ်ခု ကြဲချခဲ့တယ်” လို့ ကရက်ရှ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ရိုမန်စတာရိုဗိုယက် သောကြာနေ့အစောပိုင်းမှာ တယ်လီဂရမ်ကနေ  ပြောကြားခဲ့ပါတယ်။

“ထရန်စဖော်မာတစ်ခု မီးလောင်သွားတယ်။အခြေချနေထိုင်ရာဒေသ ၅ ခုနဲ့ ဆေးရုံတစ်ရုံ လျှပ်စစ်မီးပြတ်တောက်သွားတယ်။မီးသတ်သမားတွေကတော့ ဖြစ်တဲ့နေရာကို အားချင်းသွားတယ်” လို့ တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။  

“ဘေးကင်းပြီဆိုတာနဲ့  လျှပ်စစ်ဓာတ်အားပြန်ရမယ်” လို့ ရေးခဲ့ပါတယ်။

အစောပိုင်းကတော့ အနီးနားရှိ ဘဲလ်ဂိုရော့ဒ့်ဒေသထဲမှာ ဒရုန်းနှစ်စင်းကို ဖျက်ချနိုင်ခဲ့တယ်ဆိုပြီး ရုရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်မှာ ပထမဆုံးဒရုန်းကို ဖျက်ချနိုင်ခဲ့ကြောင်း မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။အဲဒီနောက် လေးနာရီခန့်အကြာမှာ ဒုတိယဒရုန်းတစ်စီးကို ဖျက်ချနိုင်ခဲ့ကြောင်း ဆိုပါတယ်။

ရုရှားအစိုးရပိုင် တက်စ်သတင်းဌာန ထုတ်ပြန်ချက်မှာတော့ ယူကရိန်းဒရုန်း ၁၀ စင်းကို ကရက်ရှ်နှင့် ကာလူဂါဒေသမှာ တစ်ညတည်း ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရုရှားပိုင်နက်ကို ယူကရိန်းဘက်ကနေ တိုက်ခိုက်မှုများ ပြင်းထန်လာနေပြီး ယခုအခါ မော်စကိုအပါအဝင် နိုင်ငံအတွင်းရှိ ဒေသများနှင့် မကြာခဏဆိုသလို ယူကရိန်းက လှိုင်းလုံးသဖွယ် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ကြိုကြားကြိုကြား အဆောက်အဦများပျက်စီးမှုမှာ ပုံမှန်လိုဖြစ်လာနေပါတယ်။  

ရုရှားဘက်က ၎င်းတိုက်ခိုက်မှုများ၏ အရေးပါမှုကို လျှော့ချထားသော်လည်း ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများ တိုးမြင့်လာမည်ဟု ယခုသီတင်းပတ်တွင် ထပ်လောင်းပြောကြားခဲ့ပါတယ်။

Linko
Ref - Aljazeera