【 နိုင်ငံတကာ 】 ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်သွင်းမည်ဟု ခါးပတ်လမ်းဖိုရမ်တွင် ရှီ ကြေညာ

【 နိုင်ငံတကာ 】 ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်သွင်းမည်ဟု ခါးပတ်လမ်းဖိုရမ်တွင် ရှီ ကြေညာ

ပေကျင်း၊ အောက်တိုဘာ - ၁၉

နိုင်ငံတကာလုပ်ငန်းများ တရုတ်ဈေးကွက်သို့ ပိုမိုကျယ်ပြန့်စွာ ချဉ်းကပ်ခွင့်ရမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ကတိပြုပြီး အခြား ဖွံ့ဖြိုးဆဲ စီးပွားရေးများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ထည့်သွင်းမည်ဟု ခါးပတ်လမ်းဖိုရမ်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ထိုအစီအစဉ်တွင် တစ်ကမ္ဘာလုံးတွင် ဓာတ်အားပေးစက်ရုံများ၊ လမ်းများ၊ ရထားလမ်းများနှင့် ဆိပ်ကမ်းများ တည်ဆောက်ပြီး အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတို့နှင့် တရုတ်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပါတယ်။

ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသည့် ထိုဖိုရမ်ဖွင့်ပွဲတွင် ရှီက တရုတ်ကျောထောက်နောက်ခံပြု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်နှစ်ခုဖြစ်သည့် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်တို့သည် ယွမ် ၃၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇.၉ ဘီလီယံ) စီ ဘဏ္ဍာငွေထူထောင်မည်ဖြစ်ပြီး နောက်ထပ် ယွမ် ၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ) ကို ခါးပတ်လမ်းစီမံကိန်းများကို ထောက်ပံ့ရန် ပိုးလမ်းရန်ပုံငွေသို့ ထည့်သွင်းမည်ဖြစ်ပါတယ်။

“ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဖယ်ရှားမယ်” ဟု ရှီပြောပြီး တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို ထပ်မံတံခါးဖွင့်ပေးပြီး ဒစ်ဂျစ်တယ်ထုတ်ကုန်များအတွက် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အစိုးရဝယ်ယူမှု စသည့် ကဏ္ဍများတွင်  နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည်ဟု ပြောခဲ့ပါတယ်။

နိုင်ငံနှင့် အစိုးရအကြီးအကဲ အနည်းဆုံး ၂၀ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုပါဝင်သည့် နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်များ ထိုဖိုရမ်သို့ တက်ရောက်နေပါတယ်။ရုရှားသမ္မတ ပူတင်သည်လည်း ထိုဖိုရမ်သို့ တက်ရောက်နေသောကြောင့် ယူကရိန်းစစ်ကြောင့် အထီးကျန်နေသည့် မော်စကိုကို တရုတ်က စီးပွားရေးနှင့် သံတမန်ရေးအရ ထောက်ခံသည့် လက္ခဏာဖြစ်ပါတယ်။

ရှီ မိန့်ခွန်းပြောကြားပြီးနောက် ပူတင်က မိန့်ခွန်းပြောကြားရာတွင် ခါးပတ်လမ်းအစီအစဉ်သည် ပိုမိုမျှတသည့် နိုင်ငံစုံကမ္ဘာသို့ ဦးတည်နေကြောင်း ချီးကျူးသည်ဟု နိုင်ငံပိုင် CGTN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အင်္ဂါနေ့တွင် ပူတင်သည် ဥရောပသမဂ္ဂမှ တစ်ဦးတည်းသော တက်ရောက်သူဖြစ်သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်းနှင့် တွေ့ဆုံခဲ့ပါတယ်။ထိုသို့တွေ့ဆုံးခြင်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ရုရှားသမ္မတနှင့် ဥရောပခေါင်းဆောင်တစ်ဦး ရှားရှားပါးပါး တွေ့ဆုံခြင်းဖြစ်ပါတယ်။

အခြားတက်ရောက်သူများတွင် အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ ကာဇက်စတန်၊ သိရီလင်္ကာ၊ ကင်ညာနှင့် အခြားနိုင်ငံများမှ နိုင်ငံအကြီးအကဲများ ပါဝင်သကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း ပါဝင်ပါတယ်။လျစ်လျူရှုခံထားရသည့် နယ်မြေများသို့ ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ယူပေးသည့် တရုတ်၏မူဝါဒကို ဂူတာရက်စ်က  ချီးကျူးခဲ့ပါတယ်။

အနောက်ဥရောပနိုင်ငံအများစုက ထိုဖိုရမ်သို့ အဆင့်နိမ့်အရာရှိများ (သို့မဟုတ်) အရာရှိဟောင်းများကိုသာ စေလွှတ်ကြပါတယ်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်းအစီအစဉ်အောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အဓိကငွေကြေးစိုက်ထုတ်ပြီး ကမ္ဘာ့ဘဏ်နှင့် အပြိုင်ဖြစ်လာပါတယ်။ထိုအစီအစဉ်အရ စီမံကိန်းပေါင်း ၃၀၀၀ ကျော် အကောင်အထည်ဖော်ပြီး အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တရုတ်အရာရှိများ ပြောခဲ့ပါတယ်။

Linko
Ref - Outlookindia