【 နိုင်ငံတကာ 】 နက်ရှိုင်းသော ဆွေးနွေးမှုက ဆက်ဆံရေးတည်ငြိမ်စေမည်ဟု ဝမ်ယိက ဘလင်ကန်ကိုပြော

【 နိုင်ငံတကာ 】 နက်ရှိုင်းသော ဆွေးနွေးမှုက ဆက်ဆံရေးတည်ငြိမ်စေမည်ဟု ဝမ်ယိက ဘလင်ကန်ကိုပြော

ဝါရှင်တန်၊ အောက်တိုဘာ - ၂၇

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့တွင် သဘောထားကွဲလွဲမှုများရှိနေပြီး နားလည်မှုလွဲမှားခြင်းများ လျှော့ချရန်နှင့် ဆက်ဆံရေးတည်ငြိမ်စေရန် နက်ရှိုင်းကျယ်ပြန့်သော ဆွေးနွေးပွဲများ လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဝါရှင်တန်တွင် ရောက်ရှိနေစဉ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်နှင့် ကပ်လျက်ရပ်နေသော ဝမ်ယိက နှစ်နိုင်ငံတို့သည် အရေးပါသည့် ဘုံအကျိုးစီးပွားများရှိနေပြီး အတူတကွဖြေရှင်းရမည့် စိန်ခေါ်မှုများလည်းရှိကြောင်း ပြောခဲ့ပါတယ်။

“ဒါကြောင့် တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုဟာ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်။ဆွေးနွေးမှုတွေ ပြန်လည်စတင်ရုံသာမက နက်ရှိုင်းကျယ်ပြန့်ဖို့လည်းလိုတယ်” ဟု ဝမ် က စကားပြန်မှတစ်ဆင့် ပြောခဲ့ပါတယ်။

ဆွေးနွေးမှုများသည် နားလည်မှုလွဲမှားခြင်းကို လျှော့ချပေးပြီး ဆက်ဆံရေးကို တည်ငြိမ်စေကာ ကောင်းမွန်တည်ငြိမ် ရေရှည်တည်တံ့သော တိုးတက်မှုလမ်းကြောင်းသို့ ပြန်ရောက်စေနိုင်ကြောင်း ဝမ်က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးပြောတဲ့စကားတွေကို ကျနော်သဘောတူပါတယ်” ဟု ဘလင်ကန်က တုံ့ပြန်ခဲ့ပါတယ်။

ဝမ် စကားမပြောမီတွင် ဘလင်ကန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများကို မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

သေနင်္ဂဗျူဟာ ပြိုင်ဘက် ၂ နိုင်ငံတို့ ပဋိပက္ခရှောင်ရှားရေးအတွက်  သဘောထားကွဲလွဲမှုများကို စီမံရန် သံတမန်ရေးထိတွေ့မှုပြုလုပ်နေစဉ် ဝမ်က ဝါရှင်တန်သို့ ၃ ရက်ကြာ သွားရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။ထိုခရီးစဉ်သည် သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာတွင် တွေ့ဆုံရန် ပြင်ဆင်သည်ဟု ယူဆရပါတယ်။

ဝမ်သည် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်နှင့် သမ္မတ ဘိုင်ဒင်နှင့်လည်း တွေ့ဆုံမည်ဟု မျှော်လင့်ရပါတယ်။

Linko
Ref - AsiaOne