【 နိုင်ငံတကာ 】 ဖမ်းဝရမ်းထုတ်ခံရသည့် ပူတင်၏ ရှားရှားပါးပါး ပြည်ပခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိလာ

【 နိုင်ငံတကာ 】 ဖမ်းဝရမ်းထုတ်ခံရသည့် ပူတင်၏ ရှားရှားပါးပါး ပြည်ပခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိလာ

ပေကျင်း၊ အောက်တိုဘာ - ၁၇

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်္ဂါနေ့တွင် ပေကျင်းသို့ ရောက်ရှိခဲ့ပြီး တရုတ်နှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံကြီးအကြား နက်ရှိုင်းသော အပြန်အလှန်ယုံကြည်မှုနှင့် “အကန့်အသတ်မရှိ” မိတ်ဖက်ဆက်ဆံရေးကို ပြသရန် ရည်ရွယ်သည့်  ကျယ်ပြန့်စွာ စောင့်ကြည့်ကြသည့် ယင်းခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ပါတယ်။

ပူတင်နှင့် ၎င်း၏အဖွဲ့မှာ အင်္ဂါနေ့ နံနက်ပိုင်းက  ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း Reuters ဗီဒီယိုမှတ်တမ်းများတွင် ဖော်ပြခဲ့ပြီး ယင်းခရီးစဉ်မှာ ယခင် ဆိုဗီယက်ယူနီယံပြင်ပသို့ ယခုနှစ်အတွင်း ကရင်မလင်အကြီးအကဲ၏ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။

သည်ဟိဂ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ပူတင်ကို ယူကရိန်းမှ ကလေးများကို တရားမဝင် ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု စွပ်စွဲကာ မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့ပြီးကတည်းက ပူတင်သည် နိုင်ငံရပ်ခြားသို့ အနည်းငယ်သာ ခရီးထွက်ခဲ့ပါတယ်။ပူတင်သည် ယခုလအစောပိုင်းက ဆိုဗီယက်သမ္မတနိုင်ငံဟောင်း ကာဂျစ်စတန်သို့ သွားရောက်ခဲ့ပါတယ်။

ICC ၏ လုပ်ဆောင်ချက်မှာ ၎င်း၏သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာရာဇဝတ်တရားရုံးအဖွဲ့ဝင် ၁၂၃ နိုင်ငံ ပိုင်နက်နယ်မြေသို့ ပူတင်ခြေချပါက ဖမ်းဆီးပြီး သည်ဟိဂ်သို့ လွှဲပြောင်းပေးရန် တောင်းဆိုထားတာဖြစ်ပါတယ်။

ကာဂျစ်စတန်နှင့် တရုတ်နိုင်ငံတို့သည် စစ်ရာဇဝတ်မှုများကို တရားစွဲဆိုရန် ဖွဲ့စည်းထားသော ICC အဖွဲ့ဝင်နိုင်ငံများ မဟုတ်ပေ။

ပူတင်သည် ဗုဒ္ဓဟူးနေ့တွင် ရှီနှင့် တွေ့ဆုံမည်ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲသည် ရပ်တန့်သွားမည့် အရိပ်အယောင်မရှိသည့်တိုင် ပေကျင်းက မော်စကိုနှင့် ၎င်း၏ မိတ်ဖက်ဆက်ဆံရေးအပေါ် အနောက်တိုင်း၏ ဝေဖန်မှုကို ပယ်ချခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးသည် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခြင်းမရှိကြောင်းနှင့် တရုတ်သည် မိမိရွေးချယ်သည့် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း တုံပြန်ခဲ့ပါတယ်။

ပူတင်မှာ ဗုဒ္ဓဟူးနေ့အထိ ကျင်းပမည့် Belt and Road ဖိုရမ်သို့ တတိယအကြိမ်မြောက် တက်ရောက်ခြင်းလည်းဖြစ်ပါတယ်။

သူသည် ယခင် Belt and Road ဖိုရမ်နှစ်ခုကို ၂၀၁၇ နှင့် ၂၀၁၉ တွင် တက်ရောက်ခဲ့ပါတယ်။

Linko
Ref - NBCnews