【 နိုင်ငံတကာ 】 မက္ကဆီကိုနိုင်ငံ အကာပူလီကိုသို့ ဟာရီကိန်း အိုတစ်စ် (Otis) ဝင်ရောက်တိုက်ခတ်သဖြင့် အနည်းဆုံး ၂၇ ဦးသေဆုံး

【 နိုင်ငံတကာ 】 မက္ကဆီကိုနိုင်ငံ အကာပူလီကိုသို့ ဟာရီကိန်း အိုတစ်စ် (Otis) ဝင်ရောက်တိုက်ခတ်သဖြင့် အနည်းဆုံး ၂၇ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ - ၂၇

မက္ကဆီကိုကို ဝင်ရောက်တိုက်ခတ်ခဲ့သမျှ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်သည့် ဟာရီကိန်း အိုတစ်စ် (Otis) ပစိဖိတ်ကမ်းခြေအပန်းဖြေစခန်းဖြစ်သည့် အကာပူလီကိုသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း သတင်းများက ဆိုပါတယ်။

တစ်နာရီ လေတိုက်နှုန်း ၂၇၀ ကီလိုမီတာ (တစ်နာရီလျှင် ၁၆၅ မိုင်) ရှိသော ဟာရီကိန်း အိုတစ်စ်သည် နေအိမ်များနှင့် ဟိုတယ်များမှ ခေါင်မိုးများကို ချေမွကျိုးကြေစေကာ သစ်ပင်များကို မြေပြင်မှဆွဲနုတ်ပြီး ဒေသတွင်း ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ဖြတ်တောက်ခဲ့ပါတယ်။

လူပေါင်း ၉၀၀,၀၀၀ နီးပါးရှိသော မြို့အနှံ့ လမ်းများ ရေကြီးရေလျှံကာ ကားများနစ်မြုပ်ပြီး အချို့သော ဆေးရုံများမှ လူနာများကို ရေကြီးရေလျှံမှုများကြားတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ မက္ကဆီကိုသမ္မတ အန်ဒရီစ်မန်နျူရယ်လ် လိုပက်ဇ်က “အကာပူလီကို ခံစားရတာ တကယ်ကို ဆိုးဆိုးရွားရွားပါပဲ” လို့ ပြောခဲ့ပါတယ်။

သေဆုံးသူအများအပြားမှာ မြစ်ရေလျှံမှုကြောင့် မျောပါသွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုပါတယ်။လက်ရှိမှာ လူလေးဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အစိုးရက ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒဏ်ရာရသူအရေအတွက်ကို မထုတ်ပြန်သေးသော်လည်း အဆိုပါဒေသတွင်း အရေးပေါ်အခြေအနေကို ကြေညာထားတယ် ဆိုပါတယ်။

ဟာရီကိန်း အိုတစ်စ်မှာ အပူပိုင်းမုန်တိုင်းအဆင့်မှ ကုန်းပေါ်သို့မဝင်မီ နာရီအနည်းငယ်အတွင်း အဆင့် ၅ ဆင့်ရှိသည့် စကေးတွင် အားအပြင်းဆုံးအဆင့်သို့ ပြောင်းလဲသွားသဖြင့် အာဏာပိုင်များကို အံ့အားသင့်စေခဲ့ပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ယင်း ဟာရီကိန်းကို “စံချိန်တင် အရှိန်အဟုန်ပြင်းဆုံး အပူပိုင်းဆိုင်ကလုန်းများထဲမှ တစ်ခု” ဟု ဖော်ပြခဲ့ပါတယ်။

Linko
Ref - Aljazeera