【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ပူတင်အား ဂျာမနီဝန်ကြီးချုပ် တောင်းဆို

【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် ပူတင်အား ဂျာမနီဝန်ကြီးချုပ် တောင်းဆို

နယူးယောက်၊ စက်တင်ဘာ - ၂၀

ဂျာမနီအဓိပတိ အိုလက်ဖ် ရှုလ်ဇ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ယူကရိန်းစစ်ပွဲအဆုံးသတ်ပြီး ၎င်း၏တပ်များကို ယူကရိန်းနိုင်ငံတွင်းမှ ရုပ်သိမ်းရန် တောင်းဆိုလိုက်ပါတယ်။

“ဒီစစ်ပွဲအတွက် ရုရှားမှာ တာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။ပြီးတော့ အမိန့်တစ်ခုတည်းနဲ့ စစ်ပွဲကို အချိန်မရွေးအဆုံးသတ်နိုင်တာ ရုရှားသမ္မတပဲ” ဟု အင်္ဂါနေ့က နယူးယောက်စီးတီးရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၎င်း၏မိန့်ခွန်းတွင် ရှုလ်ဇ်က ပြောကြားခဲ့ပါတယ်။

ယူကရိန်း၏ လုံခြုံရေးနှင့် လွတ်လပ်မှုကို အာမခံမည့် စစ်မှန်သည့် ငြိမ်းချမ်းရေးပြေလည်မှု လိုအပ်ကြောင်း ဂျာမန်ခေါင်းဆောင်က အလေးနက်ထား ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေးကို နာမည်ခံကိုယ်စားပြုတဲ့ အတုအယောင် ဖြေရှင်းနည်းတွေကို သတိပြုသင့်ပါတယ်။လွတ်လပ်မှုမရှိတဲ့ ငြိမ်းချမ်းရေးကို ဖိနှိပ်မှုလို့ခေါ်တယ်။တရားမျှတမှုမရှိတဲ့ ငြိမ်းချမ်းရေးကို အမိန့်လို့ခေါ်တယ်။ဒါကို နောက်ဆုံးမှာ မော်စကိုလည်း နားလည်ရမှာပဲ” ဟု ၎င်းက အလေးအနက်ပြောကြားခဲ့ပါတယ်။

ဆိုရှယ်ဒီမိုကရက်တစ်ဖြစ်သည့် ရှုလ်ဇ်က ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အာမခံရန် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ တန်းတူညီမျှရေးဆိုင်ရာ ကုလသမဂ္ဂစည်းမျဉ်းများကို အားလုံးကလေးစားရမည်ဟု ဆိုပါတယ်။

၎င်းက “ ၂၁ ရာစု၏ ဘက်စုံဝင်ရိုး ကမ္ဘာကြီးမှာ ပြန်လည်ပြင်ဆင်ရေးဝါဒနှင့် နယ်ချဲ့ဝါဒအတွက် နေရာမရှိ” ဟု ၎င်းကပြောခဲ့ပါတယ်။

“သေးငယ်တဲ့နိုင်ငံတွေက နိုင်ငံကြီးတွေရဲ့ နောက်ဖေးလို့ ယူဆရင် မှားပါလိမ့်မယ်” ဟုလည်း ရှုလ်ဇ်က ဆက်ပြောပါတယ်။

ရှုလ်ဇ်က ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းမှ ဖြစ်နေသည့် အကျိုးဆက်များကို ထောက်ပြပြီး စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် သံတမန်ရေးရာ ကြိုးပမ်းမှုအားလုံးကို ထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။

“ရုရှား၏ ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းတွင်သာမက ကမ္ဘာတစ်ဝန်းတွင်ပါ ကြီးမားသောဒုက္ခများကို ဖြစ်စေခဲ့ပြီး၊ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီများ တိုးပွားလာမှု၊ ဓာတ်မြေသြဇာရှားပါးမှု၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှု တိုးပွားလာခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေကြတယ်” လို့  ၎င်းကပြောကြားခဲ့ပါတယ်။

Linko
Ref - Anadolu Agency