【 နိုင်ငံတကာ 】 ယူကရိန်းနှင့် အစ္စရေးသို့ ဒေါ်လာ ၉၅ သန်း အကူအညီပေးရေး အောက်လွှတ်တော် အတည်ပြု

【 နိုင်ငံတကာ 】 ယူကရိန်းနှင့် အစ္စရေးသို့ ဒေါ်လာ ၉၅ သန်း အကူအညီပေးရေး အောက်လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ ဧပြီ - ၂၂

သဘောထား တင်းမာသည့် ရီပတ်ဗလစ်ကန်များက ခါးခါးသီးသီး ကန့်ကွက်နေသည့်ကြားမှ အမေရိကန်အောက်လွှတ်တော်သည် စနေနေ့တွင် နှစ်ပါတီ ကျယ်ပြန့်သော ထောက်ခံမှုဖြင့် ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်သို့ လုံခြုံရေးအကူအညီပေးရေး ဒေါ်လာ ၉၅ ဘီလီယံတန်သော ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ယခုအခါ ထိုဥပဒေကြမ်းကို ဒီမိုကရက်အများစုပါဝင်သည့် အထက်လွှတ်တော်သို့ ရောက်ရှိပြီး အထက်လွှတ်တော်သည် လွန်ခဲ့သော ၂ လကပင် အလားတူဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။

ဒီမိုကရက်တစ် သမ္မတ ဘိုင်ဒင်မှသည် ထိပ်တန်း ရီပတ်ဗလစ်ကန် မစ်ချ် မက်ကွန်းနဲလ်အထိ အမေရိကန်ခေါင်းဆောင်များက ထိုဥပဒေကို မဲခွဲရန် အကျပ်အတည်းကျနေသည့် ရီပတ်ဗလစ်ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကို တိုက်တွန်းနေခဲ့ပါတယ်။

အောက်လွှတ်တော်က အတည်ပြုလိုက်သည် ထိုဥပဒေကို အထက်လွှတ်တော်သည် အင်္ဂါနေ့တွင် စဉ်းစားသုံးသပ်ရန် စီစဉ်ထားပါတယ်။နောက်ဆုံးအတည်ပြုခြင်းကို လာမည့်အပတ်အတွင်း ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘိုင်ဒင်က ထိုဥပဒေကို လက်မှတ်ထိုးရန် လမ်းပွင့်သွားမည်ဖြစ်ပါတယ်။

ထိုဥပဒေကြမ်းအရ ယူကရိန်းပဋိပက္ခကို ကိုင်တွယ်ရန် အမေရိကန် လက်နက်များ၊ ခဲယမ်းများနှင့် စက်ပစ္စည်းကိရိယာများကို ပြန်လည်ဖြည့်တင်းရန်အတွက် ဒေါ်လာ ၂၃ ဘီလီယံအပါအဝင် စုစုပေါင်း ဒေါ်လာ ၆၀.၈၄ ဘီလီယံ ယူကရိန်းကိုပေးပြီး၊ အစ္စရေးအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉.၁ ဘီလီယံအပါအဝင် စုစုပေါင်း ဒေါ်လာ ၂၆ ဘီလီယံပေးကာ ထိုင်ဝမ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွက် ဒေါ်လာ ၈.၁၂ ဘီလီယံ ပေးမည်ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ကျေးဇူးတင်ကြောင်း ဖော်ပြပြီး အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များသည် သမိုင်းကို လမ်းကြောင်းမှန်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“အောက်လွှတ်တော်မှာ ဒီနေ့အတည်ပြုလိုက်တဲ့ အမေရိကန်ရဲ့အရေးပါတဲ့ အကူအညီပေးရေး ဥပဒေကြမ်းက စစ်ကျယ်ပြန့်ခြင်းကို တားဆီးပေးပြီး အသက်ထောင်ပေါင်းများစွာကို ကယ်တင်ရာရောက်ပြီး နှစ်နိုင်ငံလုံးကို ပိုမိုအင်အားတောင့်တင်းစေတယ်” ဟု ဇီလင်စကီးက X လူမှုကွန်ရက်တွင် ပြောပါတယ်။

ဘိုင်ဒင်အစိုးရသည် ယူကရိန်း၏ စစ်မြေပြင်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ထိုဥပဒေကြမ်း ဥပဒေဖြစ်လာပြီး မကြာမီ အကူအညီများ ကြေညာနိုင်ရန် ပေးမည့် အကူအညီများကို နောက်ဆုံးအဆင့် ရေးဆွဲနေပြီးဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး ပြောပါတယ်။

ယူကရိန်းအတွက် ယခုပေးသည့် စစ်ရေးရန်ပုံငွေသစ် မည်သည့်အချိန်တွင် ကုန်ခမ်းမည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ကုန်ခမ်းသောအခါ ကွန်ဂရက်က ထပ်မံဆောင်ရွက်ပေးရနိုင်ဖွယ်ရှိပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters