【 နိုင်ငံတကာ 】 ယူကရိန်းမှာ ကျူးကျော်တိုက်ခိုက်တာကိုရပ်ဖို့ ရုရှားကို ဖိအားပေးရန် တရုတ်ကို G-7 ဝန်ကြီးတွေ တောင်းဆို

【 နိုင်ငံတကာ 】 ယူကရိန်းမှာ ကျူးကျော်တိုက်ခိုက်တာကိုရပ်ဖို့ ရုရှားကို ဖိအားပေးရန် တရုတ်ကို G-7 ဝန်ကြီးတွေ တောင်းဆို

တိုကျို၊ စက်တင်ဘာ - ၁၉

ယူကရိန်းနှင့် G-7 နိုင်ငံခြားရေးဝန်ကြီးများအစုအဖွဲ့တို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဆွယ်အဖြစ် တွေ့ဆုံပြီးနောက် ရုရှားအား ၎င်း၏ကျူးကျော်ဝင်ရောက်မှုကို ရပ်တန့်ရန် ဖိအားပေးဖို့ တရုတ်အား စက်မှုထိပ်သီး ၇ နိုင်ငံအုပ်စု (G-7) အဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့ပါတယ်။

G-7 အဖွဲ့ အလှည့်ကျဥက္ကဋ္ဌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ယူကရိန်းမှ ရုရှားတပ်များကို ချက်ခြင်း အပြီးအပြတ် ခြွင်းချက်မရှိ ဆုတ်ခွာရန် တရုတ်နိုင်ငံက တွန်းအားပေးမည်ဟု အဖွဲ့ဝင်များက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအရ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာမည်ဟု နှစ်နိုင်ငံစလုံးက မျှော်လင့်ထားသည့်  တရုတ်ထိပ်တန်းသံတမန် မစ္စတာဝမ်ယိ၏ ရုရှားနိုင်ငံသို့ လေးရက်ကြာသွားရောက်သည့် ခရီးစဉ်အတွင်း အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

G-7 အဖွဲ့ဝင်များသည် ဂျီဒက်ရှ်တွင် ယူကရိန်းအရေးဦးဆောင်သော အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို ကြိုဆိုခဲ့ကြပြီး “ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကနေတစ်ဆင့်အပါအဝင် တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီဖို့ တရုတ်နိုင်ငံကို ထပ်လောင်းတိုက်တွန်းကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

မစ္စတာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား မော်စကိုတွင် ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံခဲ့ပြီး ပိုမိုနီးကပ်သော စစ်ရေးဆက်ဆံမှုများပါဝင်သည့် ဆွေးနွေးပွဲများကြောင့် အမေရိကန်နှင့် အခြားအနောက်မဟာမိတ်များကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

စစ်ပွဲ ၁၈ လကျော်အတွင်း များပြားလှသော သို့လှောင်မှုများကို သုံးစွဲခဲ့သည့် ရုရှားနိုင်ငံအား မြောက်ကိုရီးယားက လက်နက်များ ထောက်ပံ့ပေးခြင်းမရှိကြောင်း ပြုံးယမ်းနှင့် မော်စကိုတို့က ငြင်းဆိုထားပါတယ်။

G-7 ပူးတွဲကြေညာချက်တွင် မည်သည့်နိုင်ငံကိုမှ အမည်မဖော်ထားသော်လည်း အဆိုပါအဖွဲ့ဝင်များက “ရုရှား၏ ကျူးကျော်စစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် ပြင်းထန်တဲ့ ကုန်ကျစရိတ်တွေနဲ့ ရင်ဆိုင်ဖို့အတွက် တတိယအဖွဲ့အစည်းတွေကို သူတို့ရဲ့အကူအညီတွေပေးဖို့ ထပ်လောင်းတောင်းဆိုထားပါတယ်”။

Linko
Ref - Reuters