【 နိုင်ငံတကာ 】 ယူကရိန်း လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်းကို ရုရှားတိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရ

【 နိုင်ငံတကာ 】 ယူကရိန်း လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်းကို ရုရှားတိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရ

ကိယက်ဗ်၊ သြဂုတ် - ၂၅

မော်စကိုထံမှ ကိယက်ဗ်လွတ်လပ်ရေးရသည့် ၃၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြာသပတေးနေ့တွင် ယူကရိန်းနိုင်ငံတစ်ဝန်း  ရုရှား၏တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
 
ခါဆန်၊ ဒီနီပရိုနှင့် ခရာဟော့ဗ်မြို့ ရှေ့တန်းတစ်လျှောက်တွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ပြီး ယူကရိန်းတောင်ပိုင်းတွင် ပစ်ခတ်မှုကြောင့် လယ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ဒီနီပရိုရှိ ဘတ်စ်ကားဂိတ်ကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်မှုသဖြင့် လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဟိုင်းလိုင်ဆတ်ခ်က ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဘူတာရုံအနီးရှိ ဈေးဆိုင်တန်းများ လှုပ်ခါပြီး အချို့မှာ ပျက်စီးသွားကာ အချို့မှာ မှန်များကွဲပြီး ကုန်ပစ္စည်းများ ပျက်စီးသွားခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ရာသို့ အမြန်ပြေးသွားပြီး လျှပ်စစ်ပစ္စည်းရောင်းချသည့် ၎င်း၏ဆိုင် ပျက်စီးဆုံးရှုံးမှုကို ကြည့်ရှုရန်အတွက် အာဏာပိုင်များထံ ပန်ကြားခဲ့ပါတယ်။

“နောက်ဆုံး အားလုံး အထဲကိုဝင်လိုက်တာနဲ့ … အရာအားလုံး လုံးဝပျက်စီးသွားတာကို တွေ့လိုက်ရတယ်” လို့ တာတီနာလို့ နာမည်ပေးခဲ့တဲ့ အမျိုးသမီးက ရိုက်တာကို ပြောပါတယ်။

အခြားဆိုင်ပိုင်ရှင် ဆာဟိုင်းကလည်း ရုရှားကို ဒေါသထွက်နေခဲ့ပါတယ်။

“သူတို့က တိရိစ္ဆာန်တွေလို့ ထင်တာပဲ။ဒီ (ဘတ်စ်ကားဂိတ်) မှာ  လူအများအပြားရှိနေတာ၊ လူတွေရောက်လာပြီး မြို့တွင်းကနေ သွားကြတာ။ဘာလို့  အရပ်သားပစ်မှတ်ကို ပစ်ခတ်ကြတာလဲ” လို့ သူကပြောပါတယ်။

ဘဏ်၊ ဟိုတယ်နှင့် စီမံခန့်ခွဲရေးအဆောက်အအုံအပါအဝင် အခြားအဆောက်အအုံ ၁၀ ကျော် ပျက်စီးခဲ့ကြောင်း မစ္စတာလိုင်ဆတ်ခ်က ပြောပါတယ်။

ခါဆန်တောင်ပိုင်းဒေသမှာ လယ်သမားတစ်ဦး သေဆုံးတဲ့အပြင် လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုဘက်ဆန်ဒါပရိုကူဒင်က လယ်သမားမှာ ရှိုင်ရိုခါဘဲလ်ကာ ရွာအနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်စဉ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ခါဆွန်မြို့လယ်တွင် ရုရှား၏ ပစ်ခတ်မှုကြောင့် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း မစ္စတာပရိုကူဒင်က ပြောကြားခဲ့ပါတယ်။

ပုဂ္ဂလိကနေအိမ်တစ်လုံး၏ ခေါင်မိုးကို ကျည်ဆန်ထိမှန်မှုကြောင့် အခြားလူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေရုံးက ပြောကြားပြီး တစ်ခြားတစ်ဖက်မှာတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးနေသည့် အဆောက်အအုံ၏ ပေါက်ကွဲထွက်နေသည့် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။

အရှေ့ပိုင်း ဒွန်နက်ခ်ဒေသ ခရာဟော့ဗ်မြို့ရှိ စူပါမားကက်တစ်ခုတွင် သီးခြားတိုက်ခိုက်မှုတစ်ခုအတွင်း ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။

အဆိုပါသတင်းများကို ရိုက်တာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ရုရှားဘက်မှ  အရပ်သားများကို ပစ်မှတ်ထားခြင်းကို တမင်တကာငြင်းဆိုသော်လည်း ရှေ့တန်းမှ ဝေးကွာသော ယူကရိန်း၏ လူစည်ကားရာ နေရာများကို မကြာခဏတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပါတယ်။

Linko
Ref - Theglobeandmail