【 နိုင်ငံတကာ 】 လက်ဘနွန်နှင့် ဂါဇာကို ညဘက် အစ္စရေးတိုက်ခိုက်၊ အစ္စရေးဗိုလ်ချုပ်များကို နေတန်ယာဟု အစည်းအဝေးခေါ်

【 နိုင်ငံတကာ 】 လက်ဘနွန်နှင့် ဂါဇာကို ညဘက် အစ္စရေးတိုက်ခိုက်၊ အစ္စရေးဗိုလ်ချုပ်များကို နေတန်ယာဟု အစည်းအဝေးခေါ်

ဂျေရုဆလင်၊ အောက်တိုဘာ - ၂၃

အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့ အစောပိုင်းတွင် ဂါဇာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် အစိုးရအဖွဲ့ကို အစည်းအဝေးခေါ်ယူခဲ့ကာ ပဋိပက္ခပြင်းထန်လာမှုကို အကဲဖြတ်ရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် ဂါဇာကမ်းမြှောင်၏ အလယ်ဗဟိုနှင့် မြောက်ဘက်ကို အာရုံစိုက်နေကြောင်း ပါလက်စတိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်း  ဂျာဘာလီယာ ဒုက္ခသည်စခန်းအနီးရှိ အိမ်တစ်လုံးအား တိုက်ခိုက်မှုတစ်ခုတွင် ပါလက်စတိုင်းအများအပြားသေဆုံးကာ ဒဏ်ရာရရှိသူများကြောင်း မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ အုံကြွတိုက်ခိုက်မှုအပြီး လူပေါင်း ၁၄၀၀ သေဆုံးကာ ဂါဇာသို့ ဓားစာခံအဖြစ် ၂၁၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အစ္စရေး၏ နှစ်ပတ်ကြာ ဗုံးကြဲတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၄,၆၀၀ သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်က ထုတ်ပြန်ချက်တွင် ပါလက်စတိုင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ချ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမီရာအဗ္ဗဒိုနင်တို့ ဂါဇာတွင် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရပ်တန့်ရန် နည်းလမ်းများကို တနင်္ဂနွေနေ့နှောင်းပိုင်းက ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်များကို ချေမှုန်းရန် ရည်ရွယ်ထားသည့် မြေပြင်စစ်ဆင်ရေးတစ်ခုအတွက် အစ္စရေးသည် ဂါဇာတစ်ဝိုက် ခြံစည်းရိုးကာထားသော နယ်စပ်အနီးတွင် တင့်ကားများနှင့် တပ်ဖွဲ့ဝင်များကို စုဆောင်းထားပါတယ်။

သိသာထင်ရှားသော အန္တရာယ်ကြောင့် ဒေသတွင်းရှိ အမေရိကန်အကျိုးစီးပွားအတွက် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေး တပ်ဖြန့်မှုအသစ်ကို ကြေငြာလိုက်ခြင်းဖြင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် ပိုမိုကျယ်ပြန့်သော ပဋိပက္ခအဖြစ်သို့ ကြီးထွားလာနိုင်သည်ဟူသော စိုးရိမ်မှုများသည် သီတင်းပတ်ကုန်တွင် မြင့်တက်လာခဲ့ပါတယ်။

အီရန်နှင့် ဆက်နွယ်နေသော တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် ပင်တဂွန်က လေယာဉ်တင်သင်္ဘောနှစ်စင်း၊ ထောက်ပံ့သင်္ဘောများနှင့် မရိန်းတပ်သား ၂၀၀၀ ခန့်အပါအဝင် ရေတပ်အင်အားအများအပြားကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားပြီးဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် ABC ၏ “This Week” အစီအစဉ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က “မြင်နေရတာက ဒေသတွင်းမှာ ကျနော်တို့တပ်တွေနဲ့ ပြည်သူတွေကို သိသိသာသာ တိုက်ခိုက်မှုတွေ တိုးလာနိုင်တဲ့ အလားအလာပဲ” လို့ ပြောခဲ့ပါတယ်။

အဆိုပါ ဒေသသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံအရှေ့အလယ်ပိုင်း အထူးသံတမန် Zhai Jun က “ကြီးမားသော မြေပြင်ပဋိပက္ခ ဖြစ်နိုင်ခြေ မြင့်တက်နေပြီး ဒေသတွင်းပဋိပက္ခများမှာ စိုးရိမ်စရာဖြစ်နေတာကို သတိပေးခဲ့ကြောင်း” တရုတ်နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

Linko
Ref - Reuters