【 နိုင်ငံတကာ 】 လှေငယ်ဖြင့် ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၄ ဦးကို တောင်ကိုရီးယား ရေပိုင်နက်တွင် တွေ့ရှိ

【 နိုင်ငံတကာ 】 လှေငယ်ဖြင့် ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၄ ဦးကို တောင်ကိုရီးယား ရေပိုင်နက်တွင် တွေ့ရှိ

ဆိုးလ်၊ အောက်တိုဘာ - ၂၅

အင်္ဂါနေ့က တောင်ကိုရီးယား ရေပိုင်နက်တွင် သစ်သားလှေငယ်ဖြင့်တွေ့ရသည် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးသည် ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်ပြီး ပင်လယ်မှဖြတ်သန်းကာ ထွက်ပြေးသည့် ထူးခြားသောကိစ္စဖြစ်ကြောင်း တောင်ကိုရီးယားအရာရှိများ ပြောကြားခဲ့ပါတယ်။

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းမှ စတင်ပြီး မြောက်ကိုရီးယားနိုင်ငံသား ၃၀,၀၀၀ ကျော် ဆင်းရဲနွမ်းပါးမှုနှင့် နိုင်ငံရေးဖိနှိပ်မှုကို ရှောင်ရှားရန် တောင်ကိုရီးယားသို့ ထွက်ပြေးလာပြီးဖြစ်ပါတယ်။၎င်းတို့အနက် အများစုသည် ကုန်းလမ်းမှ တရုတ်နိုင်ငံသို့ ထွက်ပြေးခြင်းဖြစ်ပြီး ပင်လယ်မှထွက်ပြေးခြင်းသည် အန္တရာယ်များသောကြောင့် တွေ့ကြုံရခဲပါတယ်။

ငါးဖမ်းသင်္ဘောတစ်စီးက သတင်းပို့ပြီးနောက် တောင်ကိုရီးယား မ်းခြေစောင့်တပ်က ထိုလှေငယ်ကို နှစ်နိုင်ငံ ပင်လယ်နယ်စပ် တောင်ဘက်တွင် အင်္ဂါနေ့ နံနက်က တွေ့ရှိခြင်းဖြစ်ပါတယ်။ထိုလှေတွင် ပါလာသူများက ၎င်းတို့သည် မြောက်ကိုရီးယားနိုင်ငံသားများဖြစ်ကြောင်း ပြောသည်ဟု ကမ်းခြေစောင့်တပ် အရာရှိများ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားစစ်တပ်သည် ကမ်းခြေစောင့်တပ်နှင့် ညှိနှိုင်းကာ ထိုမြောက်ကိုရီးယားများကို ထိန်းသိမ်းထားပါတယ်။ထိုမြောက်ကိုရီးယားများသည် တောင်ကိုရီးယားသို့ ထွက်ပြေးလာပုံရကြောင်း စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြထားသော်လည်း အခြားအသေးစိတ်များကို မဖော်ပြပေ။

တောင်ကိုရီးယား ရုပ်သံ KBS က အမည်မဖော်လိုသော အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သော ထိုမြောက်ကိုရီးယားများသည် မိသားစုတစ်ခုတည်းမှဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။၎င်းတို့ကို တွေ့ရှိစဉ်က ၎င်းတို့သည် လက်နက်များကိုင်ဆောင်ထားခြင်းမရှိသလို စစ်ဝတ်စုံဝတ်ဆင်ထားခြင်းလည်းမရှိကြောင်း အထက်ပါရုပ်သံက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထို ၄ ဦးနှင့်ပတ်သက်သော အချက်အလက်များကို ထုတ်ဖော်ရန် ငြင်းဆန်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - AP