【 နိုင်ငံတကာ 】 အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

【 နိုင်ငံတကာ 】 အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

ဒမတ်စကတ်၊ အောက်တိုဘာ - ၃

ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၊ ဒီရာအက်ဇော့ (Deir Az Zor) ဒေသရှိ စစ်စခန်းများကို အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုအတွင်း ဆီးရီးယားစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က အစ္စရေး၏ နောက်ဆုံးတိုက်ခိုက်မှုသည် တနင်္လာနေ့ ဒေသစံတော်ချိန် ည ၂၃ နာရီ ၅၀ မိနစ်ကဖြစ်ကြောင်းဆိုပါတယ်။

“အစ္စရေးရန်သူများဟာ  ဒီရာအက်ဇော့အနီးရှိ ကျွန်ုပ်တို့လက်နက်ကိုင်တပ်ဖွဲ့များ၏ နေရာအချို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကျူးကျော်တိုက်ခိုက်မှုတွင် စစ်သားနှစ်ဦးဒဏ်ရာရပြီး ပစ္စည်းအချို့ဆုံးရှုံးသွားသည်” ဟု စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ SANA သတင်းက ဖော်ပြခဲ့ပါတယ်။

ဆီးရီးယား-အီရတ် နယ်စပ်အနီး ဒီရာအက်ဇော့ရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ စခန်းများအနီးတွင် ပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

“အီရန်ပြည်သူ့စစ်တွေ တပ်ဖြန့်ချထားတဲ့အနီးကို ပစ်မှတ်ထားတယ်။အဲဒီအဖွဲ့တွေဟာ အီရတ်မှ ဆီးရီးယားသို့ တရားမဝင်လမ်းကြောင်းများဖြင့် အပြန်အလှန်ပြောင်းရွှေ့နေတာ” ဟု စောင့်ကြည့်သူများကဆိုပြီး စက်တင်ဘာအစောပိုင်းကလည်း ပြည်နယ်အတွင်းရှိ ပစ်မှတ်များကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် မှတ်တမ်းများရှိကြောင်း ဆိုပါတယ်။

ပစ်မှတ်သည် ဒီရာအက်ဇော့မြို့ရှိ လက်နက်များသိုလှောင်သိမ်းဆည်းထားသည့် အိမ်တစ်လုံးဖြစ်ကြောင်း အဆိုပါစူးစမ်းလေ့လာရေးအဖွဲ့မှ ပြောကြားခဲ့ပါတယ်။

ယခုနောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ဘက်က ချက်ခြင်းမှတ်ချက်ပေးခြင်းမရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အစ္စရေးစစ်တပ်က ၎င်း၏တင့်ကားများသည် လွန်ခဲ့သည့်လနှောင်းပိုင်းက ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားအဆောက်အအုံနှစ်ခုကို ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

Linko
Ref - Aljazeera