【 နိုင်ငံတကာ 】 အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး အလက်ပိုလေဆိပ် ဝန်ဆောင်မှုပါ ပြတ်တောက်

【 နိုင်ငံတကာ 】 အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး အလက်ပိုလေဆိပ် ဝန်ဆောင်မှုပါ ပြတ်တောက်

ဒမတ်စကတ်၊ သြဂုတ် - ၂၈

အလက်ပိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစ္စရေးလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြေးလမ်းပျက်စီးကာ လုပ်ငန်းလည်ပတ်မှုပါ ရပ်ဆိုင်းခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကား၍ ဆီးရီးယားနိုင်ငံပိုင်မီဒီယာ SANA က ဖော်ပြခဲ့ပါတယ်။

“မနက် ၄:၃၀ ခန့်တွင် ရန်သူ အစ္စရေးသည် မြေထဲပင်လယ်အနောက်ဘက် လာတာကီးယားဝေဟင်မှ ကျူးကျော်ဝင်ရောက်ခဲ့ကာ အလက်ပိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ပြေးလမ်းကိုပါ ထိခိုက်ပျက်စီးစေခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆီးရီးယားတွင် ပြုလုပ်သော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အစ္စရေးက မှတ်ချက်ပေးခြင်း မရှိသလောက် နည်းပါးသော်လည်း ဆီးရီးယားနိုင်ငံအတွင်း အီရန်၏ တည်ရှိမှုကို ချဲ့ထွင်ရန် ခွင့်မပြုကြောင်းကိုမှု ထပ်ခါတလဲလဲ ပြောဆိုလေ့ရှိပါတယ်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် AFP သတင်းအေဂျင်စီသို့ ပြောကြားခဲ့ရာတွင် “ပြည်ပမီဒီယာတွေရဲ့ အစီရင်ခံစာတွေအပေါ် ကျွန်တော်တို့ မှတ်ချက်မပေးပါဘူး” ဟု ဆိုပါတယ်။

ဆီးရီးယားပြည်တွင်းစစ် ၁၂ နှစ်ကျော်ကာလအတွင်း အစ္စရေးသည် ဆီးရီးယားပိုင်နက်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု ရာနှင့်ချီပြုလုပ်ခဲ့ရာ  အဓိကအားဖြင့် အီရန်ကျောထောက်နောက်ခံပြုတပ်ဖွဲ့များနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများအပြင် ဆီးရီးယားစစ်တပ်၏ နေရာများကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆီးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဆူလီမန်ခါလီက အဆိုပါပျက်စီးမှုဖြစ်ပွားသည် လေဆိပ်ကို တတ်နိုင်သမျှ မြန်မြန်ပြန်လည် လည်ပတ်နိုင်ရန် ပြုပြင်ရေးအဖွဲ့များ ယနေ့စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလက်ပိုသို့လာသည့် လေယာဉ်များကို ဒမတ်စကတ်နှင့် လာတာကီးယား လေဆိပ်များသို့ လမ်းကြောင်းပြောင်းပေးခဲ့ရကြောင်း ၎င်းက AFP သို့ ပြောကြားခဲ့ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) ကမူ အဆိုပါတိုက်ခိုက်မှုများသည် ကပ်လျက် စစ်ဘက်လေဆိပ်ရှိ လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် အစိုးရထိန်းချုပ်ထားသည့် အလက်ပိုမြို့နှင့် မြို့တော် ဒမတ်စကတ်ရှိ လေဆိပ်များ၏ လေကြောင်းခရီးစဉ်များကို ကြိမ်ဖန်များစွာ ရပ်တန့်စေခဲ့ပါတယ်။

Linko
Ref - Aljazeera